NCA လက်မှတ်ရေးထုုိးပြီးသား လက်နက်ကိုင် အဖွဲ့များနှင့် မထုုိးရသေးသော အဖွဲ့များ ညီလာခံကျင်းပရန် UNFC ဆုံးဖြတ်

NCA လက်မှတ်ရေးထုုိးပြီးသား လက်နက်ကိုင် အဖွဲ့များနှင့် မထုုိးရသေးသော အဖွဲ့များ ညီလာခံကျင်းပရန် UNFC ဆုံးဖြတ်
(ဓာတ်ပုံ- ဖနိဒါ/မဇ္ဈိမ)

ချင်းမိုင်၊ဇွန် ၄ ။                ။ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ရပ်တည်ချက်တစ်ခုတည်း ချမှတ်နိုင်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးပါဝင်သည့် ညီလာခံ တစ်ရပ်ကျင်းပမည်ဟု ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC) ဗဟိုအလုပ်အမှုဆောင် ကော်မတီ တိုးချဲ့အစည်းအဝေးမှ ဆုံးဖြတ်ချက် ချ မှတ်ခဲ့သည်ဟု သိရသည်။

၂၁ ရာစု ပင်လုံ ညီလာခံ မကျင်းပမီ ယခင်အစိုးရနှင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ် မူကြမ်း (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့နှင့် လက်မှတ် မထိုးရ သေး သော အဖွဲ့များ ပါဝင်သည့် ညီလာခံကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

 “တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံးပါဝင်တဲ့ အစည်းအဝေး လိုမျိုးပုံစံလုပ်မယ်။ နောက် ပြီးတော့ အဲဒီမှာ ဘုံသဘော ထားတွေ၊ ကျနော်တို့ ရပ်တည်ချက်တွေချမှတ်မယ်။ ပြီးရင် အတူအကွ သွားနိုင်မဲ့ အနေအထားတွေကို ကျနော်တို့ လုပ်မယ်”ဟု UNFC ၏ တွဲဖက်အထွေထွေအတွင်းရေး မှူး (၁) ဦးထွန်းဇော် က ပြောသည်။

UNFC ကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့အစည်း ၈ ဖွဲ့တို့ ဆက်လက် ညှိနှိုင်းဆွေး နွေးသွားမည် ဖြစ်ပြီး ညီလာခံကို ကချင်လွတ်လပ်ရေးအဖွဲ့(KIO) အဖွဲ့ ထိန်းချုပ်နယ်မြေ မိုင်ဂျာနယ်တွင် ကျင်း ပရန် လျာထားသော်လည်း နေရာနှင့် အချိန်ကို ဆက်လက် ညှိနှိုင်းသွားမည်ဟု ၎င်းက ပြောသည်။

“၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင် ကျနော်တို့အဖွဲ့ ၈ ဖွဲ့နဲ့ တတ်နိုင်သလောက်ညှိပြီးတော့မှ တိုင်းရင်းသားတွေကြားမှာ တစ်သံထဲ ထွက်ဖို့ အတူအကွ ဆက်လက်ပြီးတော့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ သွားနိုင်ဖို့အတွက် ကျနော်တို့ သဘောထား ချမှတ်ကြပါတယ်”ဟု ဦးထွန်းဇော်က ဆိုသည်။

ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး(PSLF)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့ (MNDAA) ခေါင်းဆောင်များနှင့် UNFC ခေါင်းဆောင်များ ထပ်မံ ညှိ နှိုင်း ဆွေးနွေးကာ UNFC  အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်၊ မထွက်ရေးနှင့် ပတ်သက်၍ လာမည့် သြဂုတ်လ၌ ကျင်းပမည့် တပ်ပေါင်းစု ညီလာခံတွင် ဆုံးဖြတ်မည် ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လူမျိုးများ ရေးရာရာစင်တာ(ပြည်ထောင်စု မြန်မာနိုင်ငံ)-ENAC က ကမကထ ပြုလုပ်၍ တစ်နှစ်ကျော်ကြာ ပြုစုခဲ့သော ဖက်ဒရယ် ပြည်ထောင်စု ဖွဲ့စည်းပုံ ဥပဒေအား ဆက်လက် ပြုစုရေးဆွဲကာ ပြည်နယ် ဖွဲ့စည်းပုံ ဖြစ်ပေါ် လာရေးကိုလည်း ထပ်မံ ကြိုးမ်းသွားမည်ဟုလည်း သိရသည်။

ဇွန်လ ၃ ရက်နေ့ နံနက်ပိုင်းတွင် UNFC မှ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့ (DPN)သည် ပြည် ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ အကြိပြင်ဆင်ရေးကော်မတီ ဥက္ကဌ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး ညနေပိုင်းတွင် UNFC တပ်ပေါင်းစု အစည်းအဝေး ကျင်းပကာ လိုအပ်သော လုပ်ငန်း ကိစ္စများကို ဆက်လက် ဆောင်ရွက်သွားကြရန် နှစ်ဖက် သဘောထားရရှိခဲ့သည်ဟု UNFC က ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

UNFC ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ကချင်လွတ်လပ်ရေးအဖွဲ့(KIO) မွန်ပြည်သစ် ပါတီ(NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည် အမျိုးသား ကောင်စီ(ANC)၊ လားဟူ ဒီမိုကရက်တစ်ပါတီ(LDU)၊ ဝ အမျိုးသားအဖွဲ့ချုပ်(WNO)၊ ပလောင်ပြည် လွှတ်မြောက်ရေး တပ်ဦး(PSLF)တို့မှ ကိုယ်စားလှယ် ၂၀ ခန့် တက်ရောက် ဆွေးနွေးခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags