တောင်ကိုရီးယားနဲ့ပွဲအတွက် ခံစစ်ပိုင်း အဓိကထား ပြင်ဆင်သွားမည် ဟု ရော်ဂျာ ဆို

တောင်ကိုရီးယားနဲ့ပွဲအတွက် ခံစစ်ပိုင်း အဓိကထား ပြင်ဆင်သွားမည် ဟု ရော်ဂျာ ဆို
မြန်မာအမျိုးသမီးအသင်းနှင့် တောင်ကိုရီးယားအသင်းတို့ ပွဲကြိုသတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဓာတ်ပုံ-သူရ ၊ မဇ္ဈိမ)

ဇွန် ၃ ၊ ရန်ကုန်။                ။ အာဆီယံအမျိုးသမီး ချန်ပီယံရှစ်ခြေစစ်ပွဲအကြို ပြင်ဆင်မှုအဖြစ် တောင်ကိုရီးယားအသင်းနှင့် ခြေစမ်းပွဲကစားမည့် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းအနေဖြင့် ခံစစ်ပိုင်းကို အဓိကထား ပြင်ဆင်သွားမည် ဟု နည်းပြချုပ် ရော်ဂျာက ဆိုသည်။

မြန်မာအမျိုးသမီးအသင်းနှင့် တောင်ကိုရီးယားအမျိုးသမီးလက်ရွေးစင်အသင်းတို့၏ ခြေစမ်းပွဲကို ဇွန်လ ၄ ရက် နှင့် ၇ ရက် (ညနေ ငါးနာရီ) တို့တွင် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ နှစ်ပွဲဆက် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

“ ဒီခြေစမ်းပွဲက အာဆီယံပြိုင်ပွဲအတွက် ပြင်ဆင်မှုကောင်းတစ်ခုပါပဲ။ ကိုရီးယားအသင်းက ကမ္ဘာ့ဖလားလည်း ကစားဖူးတဲ့ အသင်းကောင်းတစ်ကောင်းပါ။ မနက်ဖြန်ပွဲအတွက် ခံစစ်ကို စုစုစည်းစည်းနဲ့ မာမာထန်ထန်လေး ကစားပြီး ရင်ဆိုင်သွားမှာပါ။ ဒီခြေစမ်းပွဲက ကျွန်တော်တို့ အသင်း အာဆီယံအကြိုပြင်ဆင်ဖို့ အတွက် အရမ်းအကျိုးရှိစေမှာပါ ” ဟု မြန်မာအမျိုးသမီးအသင်းနည်းပြချုပ် ရော်ဂျာ က ပြောသည်။

တောင်ကိုရီးယားအမျိုးသမီးအသင်းသည် လက်ရှိတွင် ကမ္ဘာ့အဆင့် ၁၇ နေရာ၌ ရပ်တည်နေပြီး ၂၀၁၅ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ၁၆ သင်း ရှုံးထွက်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည့် အသင်းဖြစ်သည်။

မြန်မာအသင်း၏ ခြေစမ်းပွဲနှင့် ပတ်သက်၍ “ မြန်မာအသင်းလို အသင်းကောင်းနဲ့ ခြေစမ်းခွင့်ရတဲ့အတွက် အရမ်းဝမ်းသာပါတယ်။ ဒီပွဲမှာ အသင်းကို အကောင်းဆုံးပြင်ဆင်ပြီး ပွဲကို သေသေချာချာနဲ့ လေးလေးစားစား ကစားသွားမှာပါ။ ၂၀၁၅ ကမ္ဘာ့ဖလားဝင်ခဲ့တဲ့အသင်းက ကစားသမား ခြောက်ဦး ပြန်ပါပါတယ်။ မျိုးဆက်သစ်ကစားသမား တော်တော်များများ   ပြောင်းလဲထားပါတယ် ” ဟု ကိုရီးယားအမျိုးသမီးအသင်းနည်းပြချုပ် ယွန်းဒါယို က ပြောသည်။

မြန်မာနိုင်ငံအိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် ၂၀၁၆ အာဆီယံအမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းသည် သြစတြေးလျ ယူ-၂၀ အသင်း၊ မလေးရှားအသင်း၊ တီမောအသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly