မြန်မာအသင်းခေါင်းဆောင် တစ်ယောက်အနေဖြင့် ဖလားရယူလိုသည်ဟု ရန်အောင်ကျော် ဆို

မြန်မာအသင်းခေါင်းဆောင် တစ်ယောက်အနေဖြင့် ဖလားရယူလိုသည်ဟု ရန်အောင်ကျော် ဆို
 လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ ပွဲကြိုသတင်းစာရှင်းလင်းပွဲ၌ အသင်းခေါင်းဆောင် ရန်အောင်ကျော်အား တွေ့ရစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

ဇွန် ၂ ။                ။ မြန်မာနိုင်ငံ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ (AYA Bank Cup 2016) တွင် မြန်မာ့လက်ရွေးစင် အသင်းခေါင်းဆောင်တစ်ယောက်အနေဖြင့်   နိုင်ပွဲများနှင့်အတူ   ဆုဖလား ရယူလိုသည်ဟု အသင်းခေါင်းဆောင် ရန်အောင်ကျော် က ဆိုသည်။

အဆိုပါ လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ (AYA Bank Cup 2016) သည် အုပ်စုပတ်လည်စနစ်ဖြင့် ကျင်းပပြုလုပ်ခြင်း မဟုတ်ပဲ မဲခွဲစနစ်ဖြင့် ဆီမီးအဆင့်မှ စတင်ယှဉ်ပြိုင်စေကာ အနိုင်ရရှိသည့်နှစ်သင်းက ဗိုလ်လုပွဲသို့ တက်ရောက်ခွင့် ရရှိမည် ဖြစ်သည်။ မြန်မာအသင်းသည် ဆီမီးအဆင့်တွင် စင်ကာပူအသင်းနှင့် ယှဉ်ပြိုင်ကစားရမည် ဖြစ်ပြီး အခြားတစ် ဖက်တွင် ဗီယက်နမ်နှင့် ဟောင်ကောင်အသင်းတို့ ကစားကြမည် ဖြစ်သည်။

“ကျွန်တော်တို့အသင်းက လက်ရှိမှာ နိုင်ပွဲပျောက်နေတဲ့အတွက် ဒီစင်ကာပူနဲ့ပွဲမှာ နိုင်ပွဲရဖို့ ကြိုးစားသွားပါ မယ်။ အသင်းခေါင်းဆောင်တစ်ယောက်အနေနဲ့လည်း ဗိုလ်စွဲပြီး ဖလားရချင်ပါတယ်။ အသင်းသားအားလုံး အကောင်း ဆုံးကြိုးစားပြီး ဗိုလ်စွဲနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ပရိသတ်တွေအနေနဲ့လည်း အခုလို အသင်းသစ်ပုံစံ လူကြီး လူငယ် ပူးပေါင်းမှုကို စိတ်ဝင်တစား အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လာမယ့်ပွဲတွေမှာ ပရိသတ်တွေ စိတ်ကျေနပ်အောင်လို့ ကျွန်တော်တို့ ကစားသမားအားလုံး တစ်ရာရာခိုင်နှုန်းအပြည့် ကြိုးပမ်းကစားသွားမယ် လို့ ကတိပေးပါတယ် ” ဟု ရန်အောင်ကျော်က လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ (AYA Bank Cup 2016) ပွဲကြိုသတင်းစာရှင်း လင်းပွဲတွင် ပြောသည်။

လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲ (AYA Bank Cup 2016) ကို ဇွန်လ ၃ ရက် ညနေ ၃ နာရီတွင် ဟောင်ကောင်နှင့် ဗီယက်နမ်အသင်း၊ ည ၆း၁၅ တွင် မြန်မာနှင့် စင်ကာပူအသင်းတို့ ဆီမီးအဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားကြမည် ဖြစ်ပြီး ဇွန်လ ၆ ရက်တွင်မူ တတိယလုပွဲနှင့် ဗိုလ်လုပွဲတို့ကို ဆက်လက်ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly