ကျောက်မျက်အသင်း ရန်ပုံငွေ ယူရို ၈၆သန်း အလွဲသုံးမှုကိစ္စ စစ်ဆေးနေသည့် ကော်မရှင်ကို အယုံအကြည်မရှိကြောင်း ရှင်းလင်း

ကျောက်မျက်အသင်း ရန်ပုံငွေ ယူရို ၈၆သန်း အလွဲသုံးမှုကိစ္စ စစ်ဆေးနေသည့် ကော်မရှင်ကို အယုံအကြည်မရှိကြောင်း ရှင်းလင်း
(ဓာတ်ပုံ-သူရ၊မဇ္ဈိမ)

ရန်ကုန်၊ ဇွန် ၂ ။            ။ မြန်မာနိုင်ငံ ကျောက်မျက်လုပ်ငန်းရှင်များ အသင်းချုပ်၏ ရန်ပုံငွေ ယူရိုငွေ ၈၆သန်း အလွဲသုံးစားပြုလုပ်ခံရမှုနှင့် ပတ်သက်၍ စစ်ဆေးနေသည့် စစ်ဆေးရေးအဖွဲ့အား တပ်မတော်မှ အရာရှိဟောင်းများ ပါဝင်သည့်အတွက် အယုံအကြည်မရှိကြောင်း ကျောက်မျက်အသင်း အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော်ဦးက ပြောသည်။

"ယခုစစ်မယ့် သူတွေက ညွှန်ကြားရေးမှူးချုပ်တွေဆိုပေမယ့် အရင်စစ်တပ်က အငြိမ်းစားဗိုလ်မှူးကြီးတွေ ဖြစ်နေတယ်။ သူတို့စစ်တဲ့ဟာက ဘယ်နည်းနဲ့မှ အမှန်တရား ၁၀၀ရာခိုင်နှုန်းထွက်မလာဘူးဆို ကျွန်တော်တို့ ယုံကြည်တယ်။ အဲ့တော့ ကျွန်တော်တို့က ကန့်ကွက်စာပို့ပါတယ်။ ဒီခုံရုံးအဖွဲ့ရဲ့ စစ်ဆေးချက်လည်း ကျွန်တော်တို့ လက်ခံလိုမရဘူး။ ဒီခုံရုံးလည်း ကျွန်တော်တို့အယုံအကြည်မရှိဘူး" ဟု ဦးကျော်ကျော်ဦးက ပြောသည်။

ကျောက်မျက်လုပ်ငန်းရှင်များအသင်း အသင်းဝင်များထံမှ အခွန်ငွေ ၁ရာခိုင်နှုန်း ကောက်ခံထားသည့် ယူရိုငွေ (၉၃) သန်းအား ယခင် သမ္မတဟောင်း ဦးသိန်းစိန်၊ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်းတို့ ပါဝင်ပတ်သက်ကာ အလွဲသုံး စားပြု လုပ်ခဲ့ကြသည်ဟု စွပ်စွဲထားသည်။ ယင်းအလွဲသုံးစားမှုအား အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။

လက်ရှိတွင် အဆိုပါ ယူရို (၉၃)သန်း ကိစ္စနှင့် ပတ်သက်၍ သတ္ထုတွင်း ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဝင်းထိန် ဥက္ကဋ္ဌအဖြစ်တာဝန်ယူကာ စစ်ဆေးရေး ခုံရုံးဖွဲ့ စစ်ဆေးနေပြီး ယနေ့တွင် အပြီးသတ်စစ်ဆေးမှုများ ပြုလုပ်နေကြောင်းလည်း ဦးကျော်ကျော်ဦး၏ ပြောကြားချက်အရ သိရသည်။

၎င်းတို့အနေဖြင့် အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ရှေ့နေချုပ်ရုံး၊ပြည်ထောင်စု စာရင်းစစ်ရုံး၊သယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိန်းရေးဌာန၊ဆောက်လုပ်ရေးဝန်ကြီး.ဌာန၊ မြန်မာနိုင်ငံကျောက်မျက်လုပ်ငန်းရှင်များအသင်းက ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့ဖွဲ့စည်း၍ စစ်ဆေးပေးမည် ဆိုမှသာ လက်ခံမည် ဖြစ်ကြောင်းလည်း ဆိုသည်။

ယင်း ယူရိုငွေသန်း (၉၃)သန်းမှ နိုင်ငံတော်သမ္မတဟောင်း ဦးသိန်းစိန်အား ယူရိုငွေ(၇)သန်း၊ သမ္မတရုံးဝန်ကြီးဟောင်း ဦးစိုးသိန်းအား ယူရို(၅)သန်း ပေးခဲ့ရကြောင်းနှင့် ယင်းငွေများအား မည်သည့်နေရာတွင် အသုံးပြုခဲ့ပြီး မည်မျှကုန်ကျခဲ့ကြောင်း အသေးစိတ် အချက်အလက်များကိုလည်း သိရှိလိုကြောင်း ဦးကျော်ကျော်ဦး က ပြောသည်။

အဆိုပါ ကျောက်မျက်အသင်း ရန်ပုံငွေ ကိစ္စနှင့် ပတ်သက်၍ ဇွန်လ ၂ရက် နံနက်ပိုင်းတွင် နေပြည်တော် ရွှေကြာပင်ကျောက်မျက်အချောထည်ဈေးရှိ ကျောက်မျက်သင်တန်းကျောင်း၌ သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ပြီး တိုင်းကြားခံရသူများအနေဖြင့် ဥပဒေကျောင်းအရ တုန့်ပြန်သင့်ကြောင်း ယခင် သတ္ထုတွင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ပြောဆိုခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် နိုင်ငံတော် သမ္မတဟောင်း ဦးသိန်းစိန်၏ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်ခဲ့သူ ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း ယခုကိစ္စသည် ပြည်ခိုင်ဖြိုးပါတီအား ဂုဏ်သိက္ခာ ကျဆင်းအောင် ပြုလုပ်ခြင်း ဖြစ်ပြီး နိုင်ငံရေးလှည့်ကွက်များ ပါဝင်နေနိုင်ကြောင်းလည်း သတင်းမီဒီယာများကို ပြောကြားခဲ့သည်။

လက်ရှိတွင် ယင်းရန်ပုံငွေ (၉၃)သန်းထဲမှ (၈၆)သန်းကို သုံးဆွဲပြီးသွားပြီး ဖြစ်ပြီး (၇)သန်းခဲ့သာ ကျန်ရှိတော့ သည်ဟု သိရှိရကြောင်းနှင့် အဆိုပါ အလွဲသုံးစား ပြုလုပ်မှုများနှင့်ပတ်သက်၍ ယခုမှ တိုင်ကြားရခြင်းမှာလည်း ယခင်အစိုးရလက်ထက်က တိုင်ကြားပါကလည်း ထူးခြားမည်မဟုတ်၍ ယခုကဲ့သို့ အစိုးရသစ်လက်ထက်မှသာ တိုင်ကြားရခြင်း ဖြစ်ကြောင်းလည်း ဦးကျော်ကျော်ဦးက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly