အစိုးရသစ်၏ ငြိမ်းချမ်းရေးဆောင်ရွက်မည့်အဖွဲ့ နှင့် လက်မှတ်မထိုးထားသည့်အဖွဲ့များ ဇွန် ၃ရက် တွေ့မည်

အစိုးရသစ်၏ ငြိမ်းချမ်းရေးဆောင်ရွက်မည့်အဖွဲ့ နှင့် လက်မှတ်မထိုးထားသည့်အဖွဲ့များ ဇွန် ၃ရက် တွေ့မည်

ချင်းမိုင်၊ ဇွန် ၁ ။   ။ အစိုးရသစ် ဖွဲ့စည်းလိုက်သော အဖွဲ့နှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ စာချုပ်မူကြမ်း (NCA) လက်မှတ် မရေးထိုးသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းတို့ ဇွန်လ ၃ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံဆွေးနွေးမည် ဖြစ်သည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဇွန်လ ၁ ရက်က စတင်ကျင်းပနေသော NCA လက်မှတ်မထိုးရသေးသည့် အဖွဲ့အစည်း အများဆုံး ပါဝင်သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ(UNFC) ဗဟိုအလုပ်အမှုဆောင်ကော်မတီ တိုးချဲ့အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။

UNFC မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် UNFC ဘက်မှ ယနေ့ စာပြန်လိုက်ပြီ ဖြစ်ကြောင်း UNFC ၏ အထွေထွေအတွင်းရေးမှူး ခူဦးရယ်က သတင်းထောက်များကို ပြောသည်။

“ကျနော်တို့ အနေနဲ့ ဒီမှာ သဘောထား ချထားတာကတော့ ဒီပီအန် အနေနဲ့ပဲ တွေ့မယ်။ ဒီပီအန်မှာ ပါဝင်တဲ့ ကိုယ်စားလှယ်တွေပဲ သက်ဆိုင်ရာ အဖွဲ့ကို ကိုယ်စားပြုထားတယ်ဆိုတော့ ဒီဘီအန် အနေနဲ့ပဲ တွေ့မယ်။ တကြိမ်ထဲမှာပဲ DPN မှာ မပါတဲ့ UNFC ခေါင်းဆောင် တစ်ချို့လည်း ထည့်သွင်းပေါင်းစပ်ပြီးတော့ တွေ့မယ်ဆိုတဲ့ သဘောထား ချမှတ်ထားပါတယ်”ဟု ခူဦးရယ်က ပြောသည်။

အစိုးရ ကိုယ်စားလှယ်များဘက်မှ ပေးပို့သော စာတွင် မည်သည့် အဖွဲ့အစည်းဟူ၍ ညွန်းဆိုထားခြင်း မရှိဘဲ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းခေါင်းဆောင်များဟူ၍သာ ပေးပို့ခဲ့သဖြင့် UNFC ၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်၊ DPN မှ ခေါင်းဆောင် ခူဦးရယ်ထံသို့ လိပ်မူ၍ ပေးပို့ထားကြောင်း၊ NCAအပစ်အခတ် မရေးထိုးထားသည့် အဖွဲ့အစည်းများအား ဖိတ်ကြားပေးရန် ဖိတ်ကြားပေးရန် မေတ္တာရပ်ခံထားသည်ဟု ခူဦးရယ်က ပြောသည်။

သို့သော် ၎င်းတို့အနေဖြင့် UNFC တပ်ပေါင်းစုအနေဖြင့် တွေ့ဆုံရန် မူကို ဆုတ်ကိုင်ထားပြီး တခြား တပ်ပေါင်းစုမှ နုတ်ထွက်ခွင့်တောင်းထားသော ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF)နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်ဖွဲ့(MNDAA)တို့မှ ကိုယ်စားလှယ်များကိုလည်း တွေ့ဆုံရန် အကြောင်းကြားထားသည်ဟု သူက ပြောသည်။

ထိုတွေ့ဆုံဆွေးနွေးရန်အတွက် တပ်ပေါင်းစုဘက်မှ ကိုယ်စားလှယ် အနည်းဆုံး ၁၃ ဦးခန့် တက်ရောက်ဆွေးနွေးရန် ဆုံးဖြတ်ထားပြီး အစိုးရ ကိုယ်စားလှယ်များအနေဖြင့် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပရေးနှင့် UPDJC ပြန်လည် ဖွဲ့စည်းရေးများကို ရှင်းလင်းတင်ပြလိမ့်မည်ဟု ယူဆကြောင်း ခူဦးရယ်က ပြောသည်။

“ကျနော်တို့ကတော့ အခြေခံ စဉ်းစားထားချက်တော့ ရှိတယ်။ ပြင်ဆင်ထားတာတော့ မရှိဘူး။ ဒါက အလွတ်သဘောလည်း ဖြစ်တယ်။ နောက် ကျွန်တော်တို့ နားလည်ရသလောက် ဒေါက်တာ တင်မျိုးဝင်းတို့ ကိုယ်စားလှယ်အဖွဲ့က ကျွန်တော်တို့ တွေ့ချင်တာက အလွတ်သဘောဖြစ်တော့ သူတို့ ကျင်းပမယ် ပြောထားတဲ့ ၂၁ ရာစုညီလာခံ ကျင်းပမယ့် အခင်းအကျင်းတွေကို ပြန်လည် ရှင်းချပြမယ်။ ကျနော်တို့နဲ့ ဘယ်လို ပူးပေါင်းဆောင်ရွက်မယ်ဆိုတာ ရှင်းလင်းချပြဖို့လို့ ကျနော်တို့ နားလည်တယ်။ UPDJC ပြန်လည် ဖွဲ့စည်းတဲ့ အနေအထားကိုလည်း ရှင်းပြကောင်းရှင်းပြလိမ့်မယ်လို့ ယူဆရပါတယ်”ဟု သူက ပြောသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံ အကြိုပြင်ဆင်ရေးကော်မတီမှ ဥက္ကဌ ဒေါက်တာတင်မျိုးဝင်း ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် ဦးလှမောင်ရွှေတို့လည်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

အစိုးရသစ်မှ အမျိုးသားပြန်လည်သစ်မြတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး ဦးစားပေးလုပ်ငန်းစဉ် တစ်ရပ်အနေဖြင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရန် မျှော်မှန်း၍ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံတွင် ပါဝင်သင့်ပါဝင်ထိုက်သူများ ပါဝင်နိုင်ရန် မေလ ၃၀ ရက်က ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ရာစုပင်လုံ အကြို ပြင်ဆင်ရေး ကော်မတီကို ဖွဲ့စည်းလိုက်သည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

ယနေ့စတင်ကျင်းပသော UNFC အစည်းအဝေးတွင် နိုင်ငံရေးဆိုင်ရာညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)မှ ရေးဆွဲထားသော မဟာဗျူဟာ ရှေ့လုပ်ငန်းစဉ်ကို အတည်ပြုခဲ့သလို၊ ဇွန်လ ၃ ရက်တွင် အစိုးရသစ်မှကိုယ်စားလှယ်များနှင့် တွေ့ဆုံရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၉ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော UNFC က အစိုးရသစ်နှင့် နိုင်ငံရေးဆိုင်ရာ ဆွေးနွေးနိုင်ရန်အတွက် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့(DPN)ကို ပြီးခဲ့သည့် ဒီဇင်ဘာလအတွင်းက ဖွဲ့စည်းထားခြင်း ဖြစ်သည်။

UNFC အစည်းအဝေးကို ဇွန်လ ၂ ရက်ထိ ကျင်းပမည် ဖြစ်ပြီး UNFC မှ နုတ်ထွက်ခွင့်တောင်းဆိုထားသော ပလောင်ပြည် လွတ်မြောက်ရေး တပ်ဦး(PSLF)နှင့် မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့(MNDAA)တို့အား အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ခွင့် ပြု၊ မပြုကို ဆွေးနွေးဆုံးဖြတ်မည် ဖြစ်သလို၊ ယခင်အစိုးရနှင့် NCA လက်မှတ်ရေးထိုးထားသော အဖွဲ့ ၈ ဖွဲ့နှင့် တွေ့ဆုံဆွေးနွေးကြမည် ဖြစ်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC)၊ လားဟူဒီမိုကရက်တစ်ပါတီ(LDP)၊ ဝ အမျိုးသား အဖွဲ့ချုပ်(WNO)၊ ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(PSLF)တို့မှ ကိုယ်စားလှယ်များ တက်ရောက်နေခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags