ငါးနှစ်အတွင်း ချင်းပြည်နယ် ဖွံ့ဖြိုးမှုအတွက် အရည်အသွေးပိုင်း ဦးစားပေးလုပ်ဆောင်မယ်ဆိုတဲ့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ စက်မှု နှင့် လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်

ငါးနှစ်အတွင်း ချင်းပြည်နယ် ဖွံ့ဖြိုးမှုအတွက် အရည်အသွေးပိုင်း ဦးစားပေးလုပ်ဆောင်မယ်ဆိုတဲ့ ချင်းပြည်နယ် စည်ပင်သာယာရေး၊ စက်မှု နှင့် လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်
(ဓာတ်ပုံ-သူရ၊မဇ္ဈိမ)

မြန်မာနိုင်ငံ၏ ဆင်းရဲမှုအနိမ့်ကျဆုံး ပြည်နယ်တစ်ခုဖြစ်သည့် ချင်းပြည်နယ်၏ စည်ပင်သာယာရေး စက်မှုနှင့် လျှပ်စစ်ဝန်ကြီး ဆလိုင်းအိုက်ဇက်ခင်ကို မဇ္ဈိမ၏ တာဝန်ခံအယ်ဒီတာ ဦးမျိုးသန့်က သွားရောက်တွေ့ဆုံပြီး ဝန်ကြီးဌာနသုံးခုအတွက် ရက် ၁၀၀ စီမံကိန်းအတွင်း လုပ်ဆောင်မည့် အစီအမံများ၊ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေတို၊ ရေရှည် ဆောင်ရွက်မည့် ကိစ္စများကို တွေ့ဆုံမေးမြန်းခဲ့သည်။

မဇ္ဈိမ ။  ။ ကျွန်တော်ပထမဆုံးမေးချင်တာက ဆရာတို့ ချင်းပြည်နယ်အစိုးရအနေနဲ့ ဆရာနဲ့သက်ဆိုင်တဲ့ လုပ်ငန်းတွေကို ပထမ သုံးလ ရက် ၁၀၀ စီမံကိန်းမှာ ဘာတွေများလုပ်ဖို့ စီစဉ်ထားသလဲခင်ဗျ။

ဝန်ကြီး ။  ။ ဟုတ်ကဲ့ခင်ဗျ။ ကျွန်တော်တို့ အထူးသဖြင့် ချင်းပြည်နယ်အစိုးရမှာ ကျွန်တော်တာဝန်ယူထားရတဲ့ စည်ပင်သာယာရေး လျှစ်စစ်နှင့် စက်မှုဌာနပေါ့။ ဟိုတယ်နဲ့ခရီးကို ကျွန်တော်တာဝန်ယူရတဲ့အခါမှာ ဒီ ရက် ၁၀၀ စီမံချက်မှာ ဦးစားပေးအနေနဲ့ ဆောင်ရွက်မယ့် လုပ်ငန်းအနေနဲ့ကတော့ နံပါတ်တစ်အချက်က ချင်းပြည်နယ် SMEs Development Forum ပေါ့။ အသေးစား အလတ်စား စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ဖိုရမ်ကို လာမယ့် ဇွန်လ ၁၃ ရက်၊ ၁၄ ရက်မှာ ချင်းပြည်နယ် ဟားခါးမြို့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ဒီဖိုရမ်ရဲ့ ရည်ရွယ်ချက်ကတော့ ချင်းပြည်နယ် SMEs Development Strategic Plan ထွက်လာဖို့အထိ ကျွန်တော်တို့ ရေးဆွဲဖို့ဖြစ်ပါတယ်။ ချင်းပြည်နယ်ဟာဆိုလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှု အနှေးအကွေးဆုံး ပြည်နယ်တစ်ခု ဖြစ်တဲ့အတွက်ကြောင့်မို့ အထူးသဖြင့် လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်တဲ့အခါမှာ အခြေခံအကျဆုံးဖြစ်တဲ့ SMEsကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့အတွက် ဆောင်ရွက်ဖို့ ပထမခြေလှမ်းဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ ကျွန်တော်တာဝန်ယူထားတဲ့ ဝန်ကြီးဌာနအောက်က ဟိုတယ်နဲ့ ခရီးသွားလုပ်ငန်းမှာ ချင်ပြည်နယ် ခရီးသွားလုပ်ငန်းဖိုရမ်ပေါ့လေ။ Chin State Tourism Develovpment ဖိုရမ်ကို လာမယ့် ဇွန်လ လကုန်ပိုင်းလောက်မှာ ချင်းပြည်နယ် ကန်ပလက်မြို့မှာ ပြုလို့ဖို့ရှိပါတယ်။ ရည်ရွယ်ချက်ကတော့ ဘာလဲဆိုရင် ချင်းပြည်နယ် မီးခိုးတိတ်စီးပွားရေး အင်မတန်မှ လူထုအခြေပြု သဘာဝ စီးပွားရေးလုပ်ငန်း ဆောင်ရွက်နိုင်တဲ့ အနေအထား ရှိတဲ့အတွက်ကြောင့်မိုလို့ မီးခိုးတိတ်စီးပွားရေးကို ဆောင်ရွက်နိုင်ဖို့အတွက် ချင်းပြည်နယ်ရဲ့ ငါးနှစ်စာ Development Plan ကို ကျွန်တော်တို့ ရေးဆွဲနိုင်ဖို့အတွက် ဖြစ်ပါတယ်။ ဒီအစီအစဉ်ကို ပြည်ထောင်စု ခရီးသွားလာရေးဝန်ကြီးကိုယ်တိုင် လမ်းညွှန်ပြီးတော့ အားပေးပြီးတော့ ကျွန်တော်တို့ကိုယ်တိုင် ဝိုင်းဝန်းပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ အဲ့တော့ ဒါဟာ ဒုတိယအချက်ပေါ့လေ။ တတိယအချက်ကတော့ ချင်းပြည်နယ် မြို့ပြ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပေါ့လေ။ ဒါကို ကျွန်တော်တို့ ဇူလိုင်လထဲမှာ ပြုလုပ်ဖို့ရှိပါတယ်။ ကျွန်တော်တို့ ချင်းပြည်နယ်ဟာဆိုလို့ရှိရင် မြို့တော်ဖြစ်တဲ့ ဟားခါးမြို့အပါအဝင် မြို့တော်တော်များများဖြစ်တဲ့ ဖလမ်း၊ ပလက်ဝ နောက် မြို့အနေနဲ့ မကြာခင်ကမှ ခွင့်ပြုပေးလိုက်တဲ့ ခိုင်ကမ်စတဲ့ မြို့တွေဟာ ချင်းပြည်နယ် ဖွံ့ဖြိုးမှုအတွက် လုပ်ရမယ့်အခြေအနေရှိပါတယ်။ လိုအပ်ချက်က မြို့တိုင်းဖြစ်တဲ့အတွက် ကျွန်တော်တို့က ချင်းပြည်နယ် မြို့ပြဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မြို့ပြ ဖွံ့ဖြိုးရေးပညာရှင်တွေ၊ ဝန်ကြီးဌာနက ပညာရှင်တွေ၊ ဒီထက်မက ချင်းပြည်နယ်က ပညာရှင်တွေအားလုံးနဲ့အတူ ဇူလိုင်လထဲမှာ ပြုလုပ်ဖို့ရှိပါတယ်။ အဲ့ဒီကနေမှ ကျွန်တော်တို့ ချင်းပြည်နယ် မြို့ပြဖွံ့ဖြိုးမှု Plan တွေကို ရေးဆွဲနိုင်ဖို့ဖြစ်ပါတယ်။ ကျွန်တော်တာဝန်ယူထားရတဲ့ ပထမ ရက် ၁၀၀။ တချို့ကတော့ ရက် ၁၀၀ ထက်တော့ နည်းနည်းကျော်တာပေါ့။ တစ်ခုပဲမဟုတ်တော့ ဌာနတွေအများကြီးဖြစ်တဲ့အခါကျတော့ တချို့က ရက် ၁၀၀ ထက် ကျော်တာတွေလည်း ရှိပါတယ်။ သို့သော်လည်း ဒီအချက်တွေသည် ကျွန်တော်တာဝန်ယူရတဲ့ စည်ပင်သာယာရေး လျှပ်စစ်နဲ့ စက်မှုဌာနရဲ့ ဆောင်ရွက်ရမယ့် ကိစ္စဖြစ်သလို နောက်ထပ်အရေးကြီးတာက စည်ပင်သာယာရေးနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့တစ်ခုက ရက် ၁၀၀ အတွင်းမှာ မြို့နယ်စည်ပင်သာယာရေး ကော်မတီများကို အသစ်ပြန်လည်ဖွဲ့စည်းမယ့် ကိစ္စပဲဖြစ်ပါတယ်။ ချင်းပြည်နယ် စည်ပင်သာယာရေးဥပဒေအရ မြို့နယ်စည်ပင်သာယာရေးကော်မတီ သက်တမ်းဟာ လွှတ်တော်သက်တမ်းများရဲ့ အညီဖြစ်တဲ့အတွက်ကြောင့်မို့  လက်ရှိရှိနေတဲ့ စည်ပင်သာယာရေးကော်မတီ သက်တမ်းက ပြည့်နေပြီဖြစ်ပါတယ်။ သို့သော်လည်းပဲ ကျွန်တော်တို့ အသစ်ပြန်ဖွဲ့စည်းဖို့ဆိုရင် ရွေးချယ်တင်မြောက်ချင်းဆိုင်ရာ စီမံချက်ကို ရေးဆွဲပြီးတော့မှ ပွင့်လင်းမြင်သာပြီးတော့ ကိုယ်ရဲ့မြို့အတွက် လုပ်နိုင်ကိုင်နိုင်တဲ့ ပုဂ္ဂိုလ်တွေ ရွေးချယ်တင်မြောက်ဖို့အတွက် ရွေးချယ်တဲ့အခါမှာလည်း လွတ်လပ်၍ တရားမျှတပြီးတော့ လူထုစိတ်ဝင်စားတဲ့ ရွေးကောက်ပွဲဖြစ်အောင် ဆောင်ရွက်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဒီအချက်တွေဟာဆိုရင် ကျွန်တော်တာဝန်ယူထားရတဲ့ ဝန်ကြီးဌာနရဲ့ ရက် ၁၀၀ လုပ်ဆောင်ရမယ့် လုပ်ငန်းတွေဖြစ်ပါတယ်။

မဇ္ဈိမ ။ ။ ဆရာ တာဝန်ယူထားတဲ့အပိုင်းမှာ လျှပ်စစ်လည်း ပါတဲ့အခါကျတော့ လျှပ်စစ်ကတော့ ဝန်ကြီးလည်းသိတဲ့အတိုင်းပဲ ရန်ကုန်မှာတောင်မှ ခဏခဏ မီးပျက်နေတာရှိတယ်။ ပြည်နယ်နဲ့ တိုင်းတွေမှာတော့ ပိုပြီးတော့မှ ဆိုးမယ်လို့ ထင်ပါတယ်။ ဆိုတဲ့အခါ ဒီ ချင်းပြည်နယ်နဲ့ ပတ်သက်ပြီးတော့ ဝန်ကြီး တာဝန်ယူထားရတဲ့ထဲမှာ လျှပ်စစ်လည်းပါတဲ့အခါကျတော့ ရေရှည်ပဲဖြစ်ဖြစ် ဥပမာ ခြောက်လတန်သည် တစ်နှစ်တန်သည် ဆရာတို့အစိုးရ လက်ထက်ပြီးသွားတဲ့အခါမှာ ချင်းပြည်နယ်ရဲ့ လျှပ်စစ်အခြေအနေ ဘယ်လောက်ထိ တိုးတက်လာမယ်လို့ မျှော်မှန်းထားသလဲခင်ဗျာ။

ဝန်ကြီး ။  ။ တကယ့် တကယ်တော့ ကျွန်တော်တို့ လက်ရှိ ထုတ်လွှင့်နေတဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲနေတဲ့ အလင်းအတွက် Lighting အတွက် သုံးတဲ့အရာက ၁၅ ရာခိုင်နှုန်းပဲ ရှိပါတယ်။ နောက်ပြီးတော့ ချက်ဖို့ ပြုတ်ဖို့အတွက် သုံးတာက 1.3 % လောက်ပေါ့။ ချင်းပြည်နယ်ရဲ့ လျှပ်စစ်ဓာတ်အား သုံးစွဲမှုပမာဏဟာ အင်မတန်မှ နည်းပါတယ်။ ဆိုတော့ လာမယ့် ဘတ်ဂျက်နှစ်ထဲမှာ ကျောက်တော် လျှပ်စစ်ဓာတ်အား သွယ်တန်းမယ့်ကိစ္စ မဟာဗျူဟာအနေနဲ့ ချထားပါတယ်။ ဒါကလည်း ပြည်ထောင်စုအဆင့်ကို တင်ပြထားတာ ဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်များဘက်ကလည်း ဒါကို အဆိုပြုမယ့်ကိစ္စ ရှိမှာဖြစ်ပါတယ်။ တစ်ဖက်ကလည်းပဲ မဟာဓာတ်အားလိုင်း သွယ်တန်းတဲ့ကိစ္စတွေကလည်း ဒါကလည်း တစ်အချက်ပေါ့လေ။ အဲ့အတောအတွင်းမှာ ရေအားလျှပ်စစ်ကနေတဆင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်တဲ့ အထိ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီနေရာမှာ အရေးကြီးတဲ့အချက်က မဏိပူရ် ရေအားလျှပ်စစ်ကို ဆက်လက်ပြီးတော့မှ တည်ဆောက်ပြီး အကျိုးအမြတ်ရရှိနိုင်တဲ့အထိ ဒါကလည်းပဲ ဆောင်ရွက်လျက်ရှိပါတယ်။ ဒီနေရာမှာ တစ်ခုကတော့ မဏိပူရ် ရေအားလျှပ်စစ်ဟာ ကျွန်တော်တို့ ပြည်ထောင်စု လျှပ်စစ် စွမ်းအင်ဝန်ကြီးဌာနရဲ့ စီမံခန့်ခွဲမှုအောက်မှာ ရှိတဲ့အတွက်ကြောင့်မိုလို့ သူတို့နဲ့ ကျွန်တော် ညှိနှိုင်းပြီးတော့ ချင်းပြည်နယ်အတွင်းမှာ လျှပ်စစ်ဓာတ်အား ပိုမိုရရှိရေးကိစ္စကို ရေရှည်စီမံကိန်းအနေနဲ့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ တဆက်တည်းမှာပဲ ကျွန်တော်တို့ မြို့နယ်အလိုက် ဒေသအလိုက် ရေအားလျှပ်စစ် ဒါကတော့ ပြည်နယ်အစိုးရရဲ့ စီမံပိုင်ခွင့်ထဲမှာ ရှိပါတယ်။ အဲ့ဒီအတွက်ကြောင့် မြို့နယ်တွေ မြို့တွေ ကျေးလက်ဒေသတွေအတွင်းမှာ အသေးစား အလတ်စား ရေအားလျှပ်စစ် စက်ရုံများလည်း တိုးချဲ့ဖွင့်လှစ်သွားနိုင်အောင် ကျွန်တော်တို့ ပြင်ဆင်မှဖြစ်ပါတယ်။ ဒီငါးနှစ်အတွင်းမှာတော့ ချင်းပြည်နယ်တစ်ခုလုံး လျှပ်စစ်မီး လုံလုံလောက်လောက် ရာနှုန်းပြည့်မဟုတ်တောင်မှ ၈၀၊ ၉၀ ရာခိုင်နှုန်း ရရှိသွားနိုင်ဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေကို ပြင်ဆင် ချမှတ်သွားမှာဖြစ်ပါတယ်။

မဇ္ဈိမ ။  ။ ဝန်ကြီးပြောတဲ့ အထဲမှာ ချင်းပြည်နယ်အတွင်းမှာ ၈၀ ရာခိုင်နှုန်းလောက် လျှပ်စစ်မီး ရရှိဖို့မျှော်မှန်းတယ်ဆိုတော့

ဝန်ကြီး ။  ။ မဟုတ်ဘူးခင်ဗျာ။ ၈၀ ရာခိုင်နှုန်းလောက်ထိ ကျွန်တော်တို့ လုပ်နိုင်တဲ့ အခြေခံကောင်းတွေ ပြင်ဆင်ဖို့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ တချို့စီမံကိန်းတွေ မဏိပူရ်ရေအားလျှပ်စစ်တို့၊ မဟာ ဓာတ်အားလိုင်းတို့ဆိုတာက ကျွန်တော်တို့ ဒီငါးနှစ်နဲ့ ဘယ်လိုမှ မလောက်ပါဘူး။ မနိပူရိယ လျှပ်စစ်ဆိုရင် ငါးနှစ်ထက် အနည်းဆုံး ခြောက်နှစ် ခုနှစ်နှစ် ကြာမှာပါ။ သို့သော်လည်း ဒါတွေရအောင် လိုအပ်တဲ့ပြင်ဆင်မှုတွေ ပြုလုပ်ပေးသွားဖို့ဖြစ်ပါတယ်။

မဇ္ဈိမ ။  ။ ဒီငါးနှစ်အတွင်းကော ကျွန်တော်တို့ မျှော်မှန်းရမယ်ဆိုရင် ရာခိုင်နှုန်း ဘယ်လောက်များ ရနိုင်မလဲ။

ဝန်ကြီး။  ။ ရာခိုင်နှုန်း ဘယ်လောက်များဖြစ်နိုင်မလဲဆိုတာကတော့ လောလောဆယ် ကျွန်တော်တို့ အသေးစိတ် တွက်ချက်နေပါတယ်။ ကျွန်တော့အနေနဲ့ မဖြစ်နိုင်တဲ့ တွက်ချက်မှု ခန့်မှန်းချက်ကို မလုပ်ချင်ပါဘူး။ အခုကျွန်တော်တို့ ဆာဗေးတောက်လျှေက် မကြာခင် ဆောင်ရွက်မှာဖြစ်ပါတယ်။ အထူးသဖြင့် ချင်းပြည်နယ်အတွင်းမှာ ငါးနှစ်အတွင်း ရရှိနိုင်တဲ့ လျှပ်စစ်ဓာတ်အား လွှမ်းခြုံမှု ဘယ်လောက်ရှိတယ်ဆိုတာ လေ့လာသုံးသပ်ပြီးတော့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အထူးသဖြင့်ကတော့ ကျွန်တော်တို့ ဒီလိုဆောင်ရွက်တဲ့အခါမှာ Over Expectation လိုအပ်တာထက် မျှော်မှန်းမှုမရှိအောင် ဆောင်ရွက်ပါမယ်။ လောလောဆယ် ကျွန်တော့အနေနဲ့ ဒါကို မဆောင်ရွက်နိုင်သေးပါဘူး။ ဒါကို ဦးစားပေးအနေနဲ့လုပ်မှာပါ။ လောလောယ် ကျွန်တော်တို့ သက်တမ်းသည်လည်း နှစ်လတောင်မပြည့်သေးတဲ့အတွက်ကြောင့်မို့ အကုန်လုံး မလုပ်နိုင်သေးပါဘူး။ ဦးစားပေးအနေနဲ့ပေါ့။ လာမယ့် ပြင်ဆင်ချက်လုပ်တဲ့အခါမှာပဲဖြစ်ဖြစ် နောက်နှစ် Project ဆွဲတဲ့အခါမှာပဲဖြစ်ဖြစ် ကျွန်တော်တို့ လက်ရှိ အစိုးရသစ်ရဲ့ ပြည့်ပြည့်ဝဝ တာဝန်ယူတဲ့ ဘဏ္ဍာရေး ရေးဆွဲမှုလုပ်တဲ့အခါကျရင် ကျွန်တော်တို့ ဘယ်လောက်ထိ တင်နိုင်မယ်ဆိုတာကို ဒါတွေကို ကျွန်တော်တို့ သေသေချာချာရေးဆွဲပြီးတော့ ဆောင်ရွက်မှာဖြစ်ပါတယ်။

အင်တာဗျုး ဗွီဒီယိုဖိုင်အားကြည့်ရန်-https://www.facebook.com/MizzimaDaily/videos/1192180764150160/

မဇ္ဈိမ ။  ။ ခုနက ဝန်ကြီးပြောသွားတဲ့အထဲမှာလည်း ပါပါတယ်။ ကျွန်တော်တို့ NLD အစိုးရကို ပြည်သူလူထုက တော်တော်ကြီးကြီးမားမားကို မျှော်လင့်ချက်ထားပြီးတော့ နိုဝင်ဘာရွေးကောက်ပွဲမှာ မဲပေးခဲ့ကြတယ်ပေါ့။ ဆိုတဲ့အခါမှာ NLD အစိုးရကို မဲပေးခဲ့ကြတဲ့ ချင်းပြည်သူလူထုကို ဘာပြောချင်လဲ။ အကြောင်းအရာကတော့ ကျွန်တော် ဒီမေးခွန်းကို မေးရတဲ့ အကြောင်းကတော့ ချင်းပြည်သူလူထုဟာ ဝန်ကြီးခုနကပြောခဲ့တဲ့အထဲမှာ ဝင်ငွေနိမ့်ပါးတယ်။ တစ်နိုင်ငံလုံးနဲ့ နှိုင်းယှဉ်ရင် လမ်းပန်းဆက်သွယ်ရေးမကောင်းဘူး။ တစ်အချက်။ နှစ်အချက်ဆိုရင် လျှပ်စစ်က ၁၅ ရာခိုင်နှုန်းလောက်ပဲ သုံးနိုင်တယ်။ သုံးအချက်က ဝင်ငွေ နိမ့်ပါးတယ်ဆိုတဲ့ အခြေအနေမှာရှိပါတယ်။ ဆိုတဲ့အခါကျတော့ ချင်းပြည်နယ် ပြည်သူလူထုကိုရော ဒီ NLD အစိုးရအနေနဲ့ ဘယ်လောက်ထိ အကူအညီပေးနိုင်မလဲ။ ဆင်းရဲနွမ်းပါးမှုပဲဖြစ်ဖြစ်၊ လမ်းပန်းဆက်သွယ်ရေးပဲဖြစ်ဖြစ်ပေါ့။

ဝန်ကြီး ။  ။ ဟုတ်ကဲ့။ ကျွန်တော်တို့ လက်ရှိ အစိုးရသစ်အနေနဲ့ကတော့ ချင်းပြည်နယ်တစ်ခုလုံးအတွက် ဒီငါးနှစ်အတွင်းမှာ Strategy Development, Sustainable Development ရေရှည်တည်တံ့နိုင်တဲ့ မဟာဗျူဟာကျတဲ့ ဖွံ့ဖြိုးမှုတွေ ရှိနိုင်ဖို့အတွက် လိုအပ်တဲ့ အခြေခံကောင်းတွေကို ကျွန်တော်တို့ ပြင်ပေးသွားမှာဖြစ်ပါတယ်။ အဓိကကတော့ ချင်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးဆုံး ဖွံ့ဖြိုးမှုအနှေးကွေးဆုံး ဖြစ်ရတယ်လို့ ပြောတဲ့အခါမှာ ကျွန်တော်တို့မှာ အရင်အဆက်ဆက် လွဲမှားတဲ့ စနစ်တွေလည်း ရှိခဲ့ပါတယ်။ ဒီထက်အရေးကြီးတာက အလွန်ကြီးတဲ့ အခြေခံအဆောက်အုံတွေ မရှိတာဖြစ်ပါတယ်။ အဲ့ဒါကလည်း တပ်မတော်အစိုးရ အထူးသဖြင့် ဒီ ၆၀ နှစ်နောက်ပိုင်း ဖြတ်လေးဖြတ် စီမံချက်တွေကြောင့် ပြည်နယ်က ဆက်သွယ်ရေးကအစ ဖြတ်တောက်ခံရတဲ့ ကိစ္စတွေရှိပါတယ်။ ချင်းမှမဟုတ်ပါဘူး။ ကချင်တို့ ရှမ်းတို့ တော်တော်များများ ပြည်နယ်တွေရဲ့ ဖြတ်လေးဖြတ်ကို ခံစားရပါတယ်။ ချင်းကလည်း တောတောင်ထူထပ်တယ်။ လူနေကျဲပါးတယ်။ နောက်ပြီးတော့ ပြည်မမှာ ကျပ် တစ်သိန်းသုံးတဲ့ အသုံးစရိတ်က ချင်းပြည်မှာ ကျပ်တစ်သိန်းသုံးတဲ့အခါမှာ ညီမျှတဲ့ ရလဒ်ကို မရပါဘူး။ ဆိုလိုချင်တာက ပိုပြီးတော့ ပိုက်ဆံကုန်ပါတယ်။ အဲ့ဒီအနေအထားမျိုး ဖြစ်တဲ့အခါမှာ ချင်းပြည်နယ်မှာ ပိုပြီးတော့မှ Infrastructure ပိုင်း ချို့တဲ့မှုဖြစ်ပါတယ်။ လမ်းမကောင်းပါဘူး။ လမ်းရှိနေပေမယ့်လည်း မကြာခဏ ပြိုပျက်ပါတယ်။ ဆိုတော့ လျှပ်စစ်ဓာတ်အားမလုံလောက်ပါဘူး။ ဆက်သွယ်ရေးလမ်းကြောင်း မရပါဘူး။ ချင်းပြည်နယ်တစ်ခုလုံးမှာ ဥပမာအားဖြင့် ပြောမယ်ဆိုရင် အင်တာနက်သုံးနိုင်တဲ့ ဖေ့ဘုတ်သုံးနိုင်တဲ့ ပမာဏက 0.8% လောက်ပဲရှိပါတယ်။ ဆိုတော့ အဲ့လိုမျိုးအနေအထား ရှိတဲ့အခါမျိုးမှာ လွန်ခဲ့တဲ့ ငါးနှစ်း အစိုးရးသက်တမ်းမှာလည်း သူတို့ တက်နိုင်သလောက်တော့ ကြိုးစားနိုင်သလောက် ကြိုးစားခဲ့တာတွေ ရှိပါတယ်။ သို့သော်လည်း ကျွန်တော်တို့ ဒီငါးနှစ်အတွင်းမှာတော့ အထူးသဖြင့် အာရုံစိုက်ရမယ့်ကိစ္စကတော့ ရေရှည် တည်တဲ့ခိုင်မြဲတဲ့ မဟာဗျူဟာကျဖို့ လိုအပ်တဲ့ အခြေခံကောင်းတွေ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ ဒီငါးနှစ်အတွင်းမှာ လုံးဝ ပြောင်းသွားမယ်ဆိုတာမျိုးထက် ဒီ ငါးနှစ်အတွင်း Quality ပိုင်း တည်ဆောက်တဲ့အပိုင်းဖြစ်ပါတယ်။ လောလောဆယ် လမ်းတွေသည် အရည်အသွေးပဲဖြစ်ဖြစ် Construction awG အရည်အသွေးပဲဖြစ်ဖြစ် အစစအရာရာမှာ အလွယ်တကူ ပျက်စီးနိုင်တဲ့ အနေအထားကနေပြီးတော့ နိုင်ငံတော်ဘက်ဂျက်ကတော့ သုံးနေတယ်။ သုံးနေတယ်။ သို့သော်လည်းပဲ ရေရှည်တည်တံ့နိုင်တဲ့ အနေအထားမျိုးက မရှိတာကနေပြီးတော့ နိုင်ငံတော် ဘက်ဂျက်သုံးတဲ့နေရာမှာပဲဖြစ်ဖြစ် ဒေသတွင်းပဲဖြစ်ဖြစ် လိုအပ်တဲ့အရည်အသွေး ဖြစ်လာအောင် ကျွန်တော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်။ အထူးသဖြင့် ဆောင်ရွက်ပုံ ဆောင်ရွက်နည်း Performance Quality ပြန်ထိန်းဖို့ ရှိပါတယ။် အထူးသဖြင့် ဌာနဆိုင်ရာလုပ်တာတွေ ချင်းပြည်နယ်မှာလုပ်တဲ့ Construction လုပ်ငန်းတွေ တည်ဆောက်ရေး လုပ်ငန်းတွေမှာလည်း Quality ကိုထိန်းနိုင်တဲ့ အနေအထားမျိုးဖြစ်အောင် လုပ်ပါမယ်။ မလုပ်လို့မရပါဘူး။ အဲ့ဒီထက် အရေးကြီးဆုံးက ဘာလဲဆိုရင် Infrastructure Development ကျွန်တော်တို့က ချင်းပြည်နယ်က ဥပမာဆိုပါစို့ ဟားခါးမြို့တော်ကနေ တောင်ပိုင်းမြို့ဖြစ်တဲ့ ပလက်ဝမြို့ကို သွားရင် တိုက်ရိုက်လာဖို့က ခက်တယ်။ ဆိုတော့ ကျွန်တော်တို့ ပြည်မ (ရန်ကုန်၊ မန္တလေး)ကို ထွက်ပြီးမှ လာရတာဖြစ်တယ်။ အခု ဒီငါးနှစ်အတွင်းမှာ ဦးစားပေးအနေနဲ့ ဆောင်ရွက်မယ့်အထဲမှာ ဟားခါး- ပလက်ဝ၊ ဟားခါး- တွန်းဇံ ဆိုတဲ့ မြောက်ဖက်စွန်းမြို့ တောင်ဖက်စွန်းမြို့တွေသည် မြို့တော်ကို တစ်ရက်တည်းနဲ့ ရောက်အောင် သွားနိုင်တဲ့ လမ်းကြောင်းတွေသည် မြို့တစ်မြို့နဲ့ ချိတ်ဆက်တဲ့ မြို့တစ်မြို့က ၂၄ နာရီအတွင်း ၂၄ နာရီမဟုတ်ဘူး ၁၂ နာရီအတွင်း ဟိုဘက်ဒီဘက် ရောက်နိုင်တဲ့ အနေအထားမျိုးရောက်အောင် ကျွန်တော်တို့ လုပ်ပါမယ်။ အဲ့တော့ နံပါတ်တစ်အနေနဲ့ လုပ်ပြီဆိုရင် လျှပ်စစ်ဓာတ်အား ပေးတဲ့ကိစ္စ ပိုပြီးတော့ အဓိပ္ပာယ်ရှိပါတယ်။ အဲ့ဒီနေရာမှာ အရေးကြီးတာက Infranstructure Development တွေ တစ်ဖက်က SMEsလို လုပ်ငန်း လမ်းကောင်းလာတယ် မီးကောင်းလာတယ် ဆက်သွယ်ရေး ကောင်းလာတယ်ဆိုရင် လိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေ အချိန်နဲ့ တပြေးညီ ဝင်ရောက်လာဖို့အတွက် အဆင်သင့်ဖြစ်အောင် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေတာပါ။ ဒီလိုနေရာမျိုးမှာ အထူးသဖြင့် ဥပမာအားဖြင့် Tourism  တွေကို မြင့်တင်ဖို့ရှိပါတယ်။ ဒါကလည်း Tourism ဆိုလို့ရှိရင် Communication, Electricity တွေကို အားပြုပြီး လုပ်ရတဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ အဲ့ဒါတွေ ဟန်ချက်ညီပြီး ဖွံ့ဖြိုဖို့ ရှိပါတယ်။ ဒီငါးနှစ်အတွင်းမှာ အသီးအပွင့်ကို ခံစားချင်မှ ခံစားရပါမယ်။ သို့သော် ဒီငါးနှစ်ပြီးသွားတဲ့အခါမှာ ကျွန်တော်တို့ ချင်းပြည်နယ်သည် သူ့ရဲ့ Follow တစ်ခု Development Flow ထဲကို စီးဆင်းသွားနိုင်အောင် ကျွန်တော်တို့ ကြိုးစားသွားမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ အခုရထားတဲ့အနေအထားက(-) ရထားတဲ့ အနေအထားကဖြစ်ပါတယ်။ လက်ရှိအနေအထားက Positive အနေအထား (+) မဟုတ်ဘူး (-) ရထားတာဖြစ်တဲ့အတွေက်ကြောင့် Zero level တင်ရတာဖြစ်ပါတယ်။ Zero level တင်ပြီးတဲ့အခါကျမှပဲ (+)ကို ကျွန်တော်တို့ တွန်းရမှာဖြစ်ပါတယ်။ ဆိုတော့ လွန်ခဲ့တဲ့ ငါးနှစ် အစိုးရလက်ထက်မှာ သူတို့ (-)ပေါင်း မြောက်များစွာတည်းကနေ (-) ပမာဏ နည်းအောင် သူတို့ လုပ်ခဲ့ပါတယ်။ သူတို့လည်း တတ်နိုင်သမျှ လုပ်ခဲ့ပါတယ်။ အဲတော့ ဒါပေမယ့် ကျွန်တော်တို့ Zero Level တောင် ကျွန်တေ်ာတို့ မတက်လာနိုင်သေးဘူး။ လက်ရှိ ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်မှု ဆင်းရဲနွမ်းပါးမှု အချိုးသည် ၂၀၁၄ ဆန်းစစ်မှုအရ 71% ဖြစ်ပါတယ်။ ရခိုင်ကတော့ 77% ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ UNDP က ဦးဆောင်ပြီးလုပ်တဲ့ Survey မှာတော့ ချင်းပြည်နယ်က အမြင့်ဆုံးဖြစ်တယ်။ 73% ဖြစ်တယ်။ ရခိုင်ထက်နည်းတယ်။ ဒါပေမယ့် ဒီအချိန်ကျတော့ ချင်းက 71% ရခိုင်က 77% အဲ့လိုပြောလို့ ချင်းကတိုးတက်လာသလားဆိုတော့ မဟုတ်ဘူး။ ရခိုင်မှာ ပဋိပက္ခကြောင့် သူတို့က နောက်ဆုတ်သွားတဲ့အတွက်ကြောင့် ချင်းက ရှေ့ကို ဒုတိယရောက်လာတယ်။ ဆိုလိုတာက အခြေအနေကောင်းသွားလို့ ဖွံ့ဖြိုးလာတာမဟုတ်ဘူး။ ဘာဖြစ်တာလဲဆိုတော့ ရခိုင်က ချင်းထက် အခြေအနေပိုဆိုးသွားတဲ့အတွက်ကြောင့် ချင်းက ဒုတိယနေရာ ရောက်သွားပြီးတော့ ပိုဖွံ့ဖြိုးလာတဲ့ အခြေအထားမျိုး ကျွန်တော်တို့ တွက်ကြည့်ရတာဖြစ်တယ်။ သို့သော် ချင်းရဲ့ ဒီဖွံ့ဖြိုးတိုးတက်မှုနှုန်းက ဒီငါးနှစ်အတွင်းမှာ လိုအပ်တဲ့ Infrastructure တည်ဆောက်ပေးနိုင်တာကလွဲရင် အများကြီး ပြောင်းလဲသွားတာမရှိဘူး။ ဆိုတော့ အဲ့တော့ ဒီငါးနှစ်မှာ လုပ်ထားခဲ့တဲ့ အခြေတည်ခဲ့တဲ့ ကိစ္စတွေကို ကျွန်တော်တို့ ဆက်တွန်းမှာပါ။ ဆက်ပြီးတော့ ဒီငါးနှစ်မှာတော့ ကျွန်တော်တို့ Quality Control ကို ကျွန်တော်တို့ သွားမယ်။ မြန်၊ ကောင်း၊ သက်သာစနစ်မဟုတ်ဘူး။ လိုအပ်တဲ့ (+)ပိုင်းကို ကျွန်တော်တို့ တွန်းတင်နိုင်မယ်။ ကျွန်တော်တို့ တွန်းပို့လိုက်မယ့် အရှိန်တစ်ခု Development Moment တစ်ခု ရသွားနိုင်ဖို့အတွက် ကျွန်တော်တို့ လုပ်မှာဖြစ်ပါတယ်။ ဆိုတော့ အဲ့ဒီအတွက်ကြောင့်မို့ အခုချိန်မှာ အရေးကြီးတဲ့ Quick Win ကျွန်တော်တို့ ဖြစ်ချင်မှ ဖြစ်မယ်။ ချင်းပြည်နယ်မှာ ကျွန်တော်တို့ Quick Win လုပ်ဖို့ကို တော်တော်လေးခက်တယ်။ Quick Win က အခြားနေရာမှာ ရချင်ရမယ်။ ချင်းပြည်နယ်မှာ မရဘူး။ ချင်းပြည်နယ် မြေကြီးကအစ ပြင်ဆင်ဆောင်ရွက်တဲ့နေရာမှာ ကျွန်တော်တို့ အရေးကြီးတာက Development Strategic and Sustainable Moment ထဲ ထင်သွားနိုင်ဖို့ တွန်းနိုင်ဖို့ ကျွန်တော်တို့ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။

ဆက်လက်ဖော်ပြပါမည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly