လက်တစ်ကမ်းက အနည်းဆုံး အခကြေးငွေနှုန်းထား

လက်တစ်ကမ်းက အနည်းဆုံး အခကြေးငွေနှုန်းထား

နိုင်ငံတော်မှ အနည်းဆုံးအခကြေးငွေ နှင့် ပတ်သက်၍ အဆိုပြုချက်တစ်ရပ် ထုတ်ပြန်ကြေညာခဲ့သည်။ စာရေးသူက နိုင်ငံ့ဝန်ထမ်းရင်း အလုပ်သမားလောက အသိုင်းအဝိုင်းထဲမှာ ၃၈ နှစ်ကြာ ဖြတ်သန်းကြီးပြင်းခဲ့ရသဖြင့် အဆိုပါ သတင်းကို ဖတ်ရင်း ဝမ်းလဲသာ အနည်းဆုံးအခကြေးငွေ တစ်ရပ်ထုတ်ပြန်နိုင်ရေး ကြိုးစားကြသူ အားလုံးကို ကျေးဇူးလည်းတင်သည်။

အနည်းဆုံးအခကြေးငွေ ဖြစ်ပေါ်လာမှု နောက်ကြောင်းကို ပြန်ကြည့်လျှင် အတန်ငယ်ရှည်လျားသည်။ ၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက် အလုပ်သမားရေးရာ အက်ဥပဒေများအဖြစ် ၁၉၄၈ ခုနှစ် လယ်ယာအလုပ်သမား အနည်းဆုံးအခကြေးငွေ အက်ဥပဒေနှင့် ၁၉၄၉ ခုနှစ် အနည်းဆုံးအခကြေးငွေ အက်ဥပဒေများ ပြဌာန်းခဲ့သည်။ ၁၉၄၉ ခုနှစ် အနည်းဆုံးအခကြေးငွေ အက်ဥပဒေအရ စီးပွားရေး လုပ်ငန်းများနှင့် စက်မှုလုပ်ငန်း အရပ်ရပ်ရှိ အလုပ်သမားများဖြစ်သော ဆေးပေါ့လိပ် နှင့် ဆေးပြင်းလိပ်လုပ်ငန်းနှင့် ဆန်စက် လုပ်ငန်းရှိ အလုပ်သမားများအတွက် အနည်းဆုံးအခကြေးငွေ အမိန့်များ ထုတ်ပြန်၍ အလုပ်သမားများ၏ သင့်တင့်လျှောက် ပတ်စွာ နေထိုင်စားသောက်နိုင်မည့်အနည်းဆုံးအခကြေးငွေနှုန်းထားများကို သတ်မှတ်နိုင်ခဲ့သည်။

သို့ရာတွင် ယင်းအမိန့်များပါ လုပ်ခနှုန်းထား သတ်မှတ်ချက်များ အနိမ့်ဆုံးသတ်မှတ်ချက်သာဖြစ်၍ အချိန်နှင့် တပြေးညီတိုး၍ တိုး၍ သွားသောလုပ်ခနှုန်းထားများကို အလုပ်သမားများက ခံစားရင်း အမိန့်များ၏ နှုန်းထားများက သတ်မှတ်ချက်များအဖြစ်သာ ကျန်ရစ်သည်။ ယခုလည်း ဒီမိုကရေစီအစိုးရသည် နိုင်ငံ့တာဝန်ကို စတင်ယူသည့် အချိန်မှစ၍ အလုပ်သမားများ၏ အနိမ့်ဆုံးလုပ်ခနှုန်းထား သတ်မှတ်ရေးသည် အရေးပါကြောင်း သိရှိလျှက် ၁၉၄၉ ခုနှစ် အနည်းဆုံး အခကြေးငွေ အက်ဥပဒေနှင့် ၁၉၄၈ ခုနှစ် လယ်ယာအလုပ်သမား အနည်းဆုံးအခကြေးငွေ အက်ဥပဒေများကို ဖျက်သိမ်း၍ ၂၀၁၃ ခုနှစ်အနည်းဆုံး အခကြေးငွေဥပဒေနှင့်နည်းဥပဒေများကို ပြဌာန်းခဲ့သည်။

ယင်းဥပဒေများအရ အနည်းဆုံး အခကြေးငွေသတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီတစ်ရပ်ကို ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် ဖွဲ့စည်း၍ အနည်းဆုံးအခကြေးငွေသတ်မှတ်နိုင်ရေး ကြိုးပမ်းခဲ့သည်။ ယင်းသို့ကြိုးပမ်းရာတွင် နိုင်ငံတော်ကသာမက အလုပ်သမားရေး ဆောင်ရွက်သည့် အဖွဲ့အစည်းများ၊ လူတစ်ဦးချင်းပုဂ္ဂိုလ်များ၊ NGO များကပါ ဝိုင်းဝန်းကြိုပမ်းခဲ့ကြသည်။ ယခုတော့လည်း အားလုံး၏ ဝိုင်းဝန်းကြိုးပမ်းမှုရလဒ်အဖြစ် အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားကော်မတီက မြန်မာနိုင်ငံရှိ အလုပ်သမားများအတွက် နေရာဒေသနှင့် လုပ်ငန်းအမျိုးအစား မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်နာရီလျှင် ကျပ် ၄၅၀(ကျပ်လေးရာငါးဆယ်တိတိ)နှုန်းဖြင့် အလုပ်ချိန် ၈နာရီ တစ်ရက်အတွက် ကျပ် ၃၆၀၀(ကျပ်သုံးထောင့်ခြောက်ရာ တိတိ)ဖြစ်ကြောင်း အဆိုပြု၍ အလုပ်သမား ၁၅ ဦး နှင့် အောက်ရှိသည့်လုပ်ငန်းငယ်များ မိသားစုတစ်နိုင်တစ်ပိုင် လုပ်ငန်းများ နှင့် သက်ဆိုင်မှု မရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ ထို့ကြောင့်လည်း မြန်မာနိုင်ငံတစ်နံတစ်လျားရှိ အလုပ်သမားထုတစ်ရပ်လုံး အတွက် အနည်းဆုံး အခကြေးငွေနှုန်းထား ထွက်ပေါ်လာရန်မှာ လက်တစ်ကမ်းသာ လိုတော့သည်ဟုဆိုရမည်။

မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ် ဈေးကွက်စီးပွားရေးစနစ် စတင်ကျင့်သုံးသည်မှ ယနေ့ကာလ အထိ စီးမျောလာခဲ့သည့် မြန်မာနိုင်ငံတစ်နံတစ်လျားရှိ စက်ရုံအလုပ်ရုံများအတွင်းမှ မလှပသည့် အလုပ်သမားများ၏ ဘဝကို စာနာခံစားရင်း စာရေးသူ ဝမ်းသာပီတိဖြစ်ခဲ့ရခြင်းပင်။ ၁၉၈၈ ခုနှစ်က ဈေးကွက်စီးပွာေးရးစနစ်စတင်ချိန်က ပြည်ပရင်းနှီး မြှုပ်နှံမှု ဦးစားပေးဆိုသော အသံပလံများနှင့်အတူ စက်ရုံအလုပ်ရုံများအတွင်း အလုပ်သမားများ၏ လုပ်ခနိမ့်ကျမှုများ၊ နေ့တွက်ကြေးကို မတန်တဆ နှိမ့်၍ သတ်မှတ်ပြီး အချိန်ပိုမတန်တဆခိုင်းစေမှုများ၊ အလုပ်သမား အမှန်တကယ် မရနိုင်သည့် ရက်မှန်ကြေးကဲ့သို့ လုပ်ခများကို ခေါင်းစဉ်များစွာ သတ်မှတ်၍ လုပ်ခထဲမှ ဖြတ်တောက်ပစ်သဖြင့် လကုန်လခ ထုတ်ရက်တွင် ပေးကားပေး၏မရသည့် လုပ်ခလစာခံစားရမှုများ၊ နိုင်ငံခြားသားလုပ်ငန်းရှင်များ၏ ယဉ်ကျေးမှုကင်းမဲ့စွာအလုပ်သမားများအပေါ် နိုင်ထက်စီးနင်းဆက်ဆံမှုများက ယနေ့ကာလအထိ စီးမျောခဲ့ပြီး ၂၀၁၂ ခုနှစ် မေလအတွင်းပင် ရန်ကုန်တိုင်းဒေသကြီးရှိ စက်ရုံ ၅၇ရုံတွင် အလုပ်သမား ၃၅,၀၀၀ကျော်အထိ အခြေခံလစာတိုးမြှင့်ရေး ဆန္ဒပြတောင်းဆိုမှုများ ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။

မကြာမတင်မီကာလကပင် အနိမ့်ဆုံးလုပ်ခတိုးမြှင့်ရေး လမ်းလျှောက်ဆန္ဒပြတောင်းဆိုမှုများကြောင့် အလုပ်သမားများ တရားစွဲဆို အရေးယူခံရသည်အထိ ဖြစ်ပွားခဲ့သည်။ ယခု ကြေညာချက်အရ အနည်းဆုံးအခကြေးငွေ နှုန်းထားတစ်ရပ် သတ်မှတ်နိုင်တော့မည်ဖြစ်၍ အထက်ပါကဲ့သို့ အနည်းဆုံးအခကြေးငွေနှုန်းထားကို အကြောင်းပြု၍ အချိန်ကြာမြင့်စွာကပင် ဖြစ်ပွားပေါ်ပေါက်လျှက်ရှိသော အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဝဲသြဂထဲမှ အလုပ်သမားများ လွတ်မြောက်တော့မည်ဟု ဆိုရမည်။

အနည်းဆုံးအခကြေးငွေအဆိုပြုသည့် ထုတ်ပြန်ကြေညာချက်ကိုဖတ်၍ ဝမ်းသာလို့မှမဆုံးမီ ဇူလိုင်လ ၂ရက်နေ့တွင် အထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ ကြီးမှူးကျင်းပသည့် အစည်းအဝေး၌ အနည်းဆုံးအခကြေးငွေ ၁ရက် ကျပ် ၃၆၀၀ သတ်မှတ် ပါက လာမည့် စက်တင်ဘာလတွင် စက်ရုံများပိတ်သိမ်း၍ အိမ်ပြန်မည်ဖြစ်ကြောင်း တရုတ်နှင့်ကိုရီးယား အထည်ချုပ် လုပ်ငန်း ရှင်များပြောကြားသည့် သတင်းက စာရေးသူ၏ ဝမ်းသာမှုများကို ရပ်တန့်ပစ်လိုက်သည်။ အဆိုပါသတင်းအကျယ်တွင် မြန်မာ နိုင်ငံ၌ လာရောက်ရင်းနှီးမြှုပ်နှံနေသည့် တရုတ်အထည်ချုပ်စက်ရုံ ၃၀ခန့်နှင့် ကိုရီးယားအထည်ချုပ်စက်ရုံ ၆၀ ကျော်ရှိ၍ အလုပ်သမားပေါင်း နှစ်သိန်းခန့် ရှိသည်ဟုဆို၏။

အနည်းဆုံးလုပ်ခ ကျပ် ၃၆၀၀ သတ်မှတ်ပြီး စက်ရုံပိတ်ရပါက မြန်မာအလုပ်သမားများအား သုံးလစာ နစ်နာကြေး မပေးနိုင်ဟု တရုတ်လုပ်ငန်းရှင်များက ပြောကြားကြောင်းလည်း ဖတ်ရသည်။

နိုင်ငံကြီးသားလည်းဖြစ် နိုင်ငံတကာတွင် သွားရောက်လုပ်ကိုင်နေကြသော လုပ်ငန်းရှင်များက မိမိတို့စီးပွားရေး သွားရောက် လုပ်ကိုင်သည့် နိုင်ငံ၏ ဥပဒေကို သိရှိလိုက်နာရန် လိုအပ်သည်။ ယခု နိုင်ငံတော်မှ သတ်မှတ်မည့် အနည်းဆုံး အခကြေးငွေ နှုန်းထားမှာ ဥပေဒေနှင့်အညီ ဆောင်ရွက်သည့်ကိစ္စဖြစ်ခြင်း၊ အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများနှင့် အကြိမ်ကြိမ် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း၊ စာရင်းစစ်တမ်းများ ကောက်ယူခြင်း၊ သုတေသနပြုခြင်း စသည်ဖြင့် အဆင့်ဆင့် ဆောင်ရွက်ပြီးမှ သတ်မှတ်ရန် အဆိုပြုသည့်နှုန်းထားလည်းဖြစ်သည်။ ထို့အပြင် ယခုသတ်မှတ်မည့် အနည်းဆုံးအခကြေးငွေ နှုန်းထားမှာ အထည်ချုပ်လုပ်ငန်း တစ်ခုအတွက်သာမဟုတ်ဘဲ မြန်မာနိုင်ငံရှိ အခြားလုပ်ငန်းအသီးသီးမှ အလုပ်သမားများ၏ အကျိုးအတွက်ပါ အကျုံးဝင်သတ်မှတ် သည့်နှုန်းထားဖြစ်ခြင်း၊ တို့ကို အလုပ်ရှင်များအနေနှင့် သိရှိရန်လိုအပ်သည်။

ထို့အပြင်အပိုဒ် ၁၂ပါ အနည်းဆုံးအခကြေးငွေ သတ်မှတ်ချက်သည် အလုပ်သမား ၁၅ ဦး အောက်ရှိ လုပ်ငန်းငယ်များနှင့် မသက်ဆိုင်ဟု ဖော်ပြထားသည်။ အမှန်အားဖြင့် ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ နည်းဥပဒေ အခန်း(၅) ပုဒ်မ ၁၉ ပါ သက်ဆိုင်သည့် အမျိုးအစားခေါင်းစဉ်အောက်တွင် အလုပ်သမား ၅ ဦး နှင့်အထက် လုပ်ကိုင်သော လုပ်ငန်းအမျိုးအစားများတွင် အနည်းဆုံး အခကြေးငွေ အမိန့်ထုတ်ပြန်ရန် သတ်မှတ်ထားသည်။ ကြေညာချက်အား စာရေးသူနှင့် အတူ ဖတ်နေသော မိတ်ဆွေတစ်ဦးက-

"ဥပဒေက ငါးဦး နှင့် အထက်အကျုံးဝင်ပြီး ကြေညာချက်မှာက ၁၅ ဦး နှင့်အောက် အကျုံးမဝင်ဘူးဆိုတော့ ဥပဒေ နဲ့ ကွဲလွဲနေသလား လို့"ဟု မှတ်ချက်ပြုသည်။ ယင်းမှတ်ချက်ကို စာရေးသူ ဖြေရန်ခက်နေသည်တော့အမှန်။

စာရေးသူတို့ ရပ်ကွက်အနီးတွင် အိတ်ချုပ်လုပ်ငန်းတစ်ခုရှိ၍ အလုပ်သမား လေးငါးဆယ်တော့ ရှိသည်။ အိတ်တွေကို ရပ်ကွက်ထဲရှိ အိမ်များကိုလည်း ပေးချုပ်သည်။ ဟိုတစ်အိမ်မှာက ၁၀ ယောက်၊ သည်တစ်အိမ်မှာက ၈ ယောက် စသည့် စသည်ဖြင့် ချုပ်လုပ်ကြသည်။ အိတ်ချုပ်သည့်အိမ်က အများသား။ လေးငါးဆယ်အိမ်။ ပြီးတော့ ရပ်ကွက်ထဲမှာ ခေါင်းစည်းကြိုးလေးတွေ၊ ရင်ထိုးလေးတွေ လုပ်ပြီး သိမ်ကြီးဈေးကို သွင်းသည့် အိမ်လေးတစ်အိမ် နှစ်အိမ်လည်း ရှိသည်။ အလုပ်သမားက ဆယ်ယောက်ဝန်းကျင်စီ။ အလုပ်သမား ၆ယောက်လောက် ဖိနပ်ချုပ်နေသည့် အငှားအိမ်ခန်းလေးတစ်ခုလည်း တွေ့သည်။ သည်လုပ်ငန်းလေးမျိုးလေးတွေ ရပ်ကွက်အနှံ့၊ မြို့အနှံ့၊ ရွာအနှံ့ မြန်မာနိုင်ငံ တစ်နံတစ်လျား အလုပ်သမားအများတော့ ရှိချိမ့်မည်။ ဥပဒေအရ အနည်းဆုံးအခကြေးငွေကို အလုပ်သမား ငါးဦးနှင့်အထက် လုပ်ငန်းများပါ အကျုံးဝင်အောင် ဆောင်ရွက်နိုင်မည်ဆိုပါက အဆိုပါ အလုပ်သမားများကလည်း အကျိုးခံစားခွင့် ရရှိနိုင်မည် ဖြစ်၍ တာဝန်ရှိသူများ စဉ်းစားသင့်သည့် အချက်တစ်ချက်ဟု ဆိုချင်သည်။

အဆိုပါကြေငြာချက်များကိုဖတ်ရင်း အခြားမိတ်ဆွေ တစ်ဦးက ဆိုလာပြန်သည်။

"အပိုဒ် ၇ (က)မှာ အလုပ်သမားကို ကျွမ်းကျင်ဖို့ သုံးလလေ့ကျင့်ချိန်မှာ လခက ၅၀%ဆိုတော့ လစာ တစ်ဝက်ပဲ ရတယ်၊ သုံးလလေ့ကျင့်ပြီးနောက်ထပ် သုံးလ အစမ်းခန့်ဦးမယ်ဆိုတော့ သုံးလလေ့ကျင့်ပြီး လုပ်ငန်းထဲမှာ ခိုင်းလို့ရမယ့် အလုပ်သမားတစ်ယောက်ကို ဘာတွေများ ထပ်စမ်းသပ်ဦးမှာလဲဗျာ၊ အဲ့ဒီသုံးလမှာလည်း လခက ၇၅% ပဲ ရမှာဆိုတော့ အလုပ်သမားက ခြောက်လကြာမှ လစာအပြည့်ရမှာ မကြာလွန်းဘူးလားဗျာ"
ဟူ၍။ သည်တစ်ခါတော့ စာရေးသူတွင် အဖြေရှိသည်။

ဒါကတော့ အနည်းဆုံးအခကြေးငွေ နည်းဥပဒေ ပုဒ်မ ၄၃ (ဋ္ဌ)မှာ ပြန်ဋ္ဌာန်းထားတာဆိုတော့ ဥပဒေ ပြင်နိုင်သူတွေကို တင်ပြသင့်တဲ့ကိစ္စပေါ့ဗျာ"
ဟူ၍။

အနည်းဆုံးအခကြေးငွေ အဆိုပြုနှုန်းထားကို ဥပဒေအရေ အကျုံးဝင်သက်ဆိုင်သည့်လုပ်ငန်း၊ အဖွဲ့အစည်းများ၊ အလုပ်ရှင်နှင့်အလုပ်သမား များက ကျယ်ကျယ်ပြန့်ပြန့်သိရှိရန် လိုအပ်သည်။ ထို့အပြင် ကြေငြာချက်အပေါ် အဖွဲ့အစည်းက ဖြစ်စေ၊ လူတစ်ဦးချင်း၊ ပုဂ္ဂိုလ်များက ဖြစ်စေ မှတ်ချက်ပြုခြင်း၊ အကြံပြုခြင်း၊ ကန့်ကွက်ခြင်း၊ ပြင်ဆင်ခြင်းများကို ရက်သတ္တပတ် နှစ်ပတ်အတွင်း ပူးတွဲပုံစံဖြင့် သက်ဆိုင်ရာသို့ တင်ပြနိုင်ကြောင်း ထုတ်ပြန်ကြေညာချက်တွင် ပါရှိသည်။ စိတ်ဝင်တစား တင်ပြကြမည်ဟုလည်း စာရေးသူ ယုံကြည်ပါသည်။

သို့မှသာ ယင်းသို့တင်ပြမည့်အကြံပြုချက်များ၊ ကန့်ကွက်ချက်များ၊ ပြင်ဆင်ချက်များကို အနည်းဆုံးအခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသားသစ်ကော်မတီက စိစစ်၍ အနည်းဆုံးအခကြေးငွေနှုန်းထားကို အစိုးရအဖွဲ့၏ အတည်ပြု ချက်ဖြင့် သတ်မှတ်နိုင်မည်ဖြစ်ပါသည်။

မကြာမီနိုင်ငံတော်မှ အတည်ပြုသတ်မှတ်တော့မည့် အနည်းဆုံး အခကြေးငွေနှုန်းထားသည် အလုပ်ရှင်နှင့် အလုပ်သမားတို့ နှစ်ဦးနှစ်ဖက်ကြား သဘောထားကြီးကြီးဖြင့် ပွင့်လင်းမြင်သာစွာနှင့် သဘောတူလက်ခံနိုင်သော နှုန်းထားတစ်ရပ်အဖြစ် ရောက်ရှိ၍ ၂၀၁၃ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေ၏ ရည်ရွယ်ချက်လည်းဖြစ်သည့် အလုပ်သမားနှင့် ၎င်းတို့မိသားစုများ၏ အခြေခံ လိုအပ်ချက်များကို ပြည့်မှီသည့်လုပ်ခလည်း ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းဖြင့်။

Mizzima Weekly

Tags