ဟံသာဝတီအသင်းသည် လိဂ်ပွဲစဉ် ၁၃ တွင် အိမ်ကွင်းစတင်ကျင်းပနိုင်ရန် စစ်ဆေးမှု ပြုလုပ်မည်

ဟံသာဝတီအသင်းသည် လိဂ်ပွဲစဉ် ၁၃ တွင် အိမ်ကွင်းစတင်ကျင်းပနိုင်ရန် စစ်ဆေးမှု ပြုလုပ်မည်
လိဂ်ပွဲစဉ် ၁၂ ၌ ဟံသာဝတီအသင်းနှင့် ရှမ်းအသင်းတို့ ယှဉ်ပြိုင်ကစားနေစဉ် (ဓာတ်ပုံ-ရှမ်းယူနိုက်တက်)

မေ ၂၆၊ ရန်ကုန်။              ။ ပဲခူးတိုင်းကိုယ်စားပြု ဟံသာဝတီယူနိုက်တက်အသင်းသည် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ယာယီအိမ်ကွင်းအဖြစ် တောင်ငူကွင်းအား လာမည့် ဇွန်လ ၁၁ ရက်တွင် ကစားရမည့် လိဂ် ပွဲစဉ် ၁၃ တွင် စတင်ကျင်းပနိုင်ရန် စစ်ဆေးမှုများ ပြုလုပ်သွားမည် ဟု ဟံသာဝတီအသင်းမန်နေဂျာ ဦးထွန်းထွန်းလင်းက ပြောသည်။

ဟံသာဝတီအသင်းသည် ယခုနှစ်ဘောလုံးရာသီ ဒုတိယအကျော့တွင် တောင်ငူကွင်းအား ယာယီအိမ်ကွင်းအဖြစ် ဌားရမ်းအသုံးပြုရန် ပြင်ဆင်နေခြင်းဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးတာဝန်ခံများမှ ကျင်းပခွင့်ပြုရန် ရက်ပိုင်းအတွင်း စစ်ဆေးသွားမည် ဖြစ်သည်။

“ တောင်ငူကွင်းကို ပြင်ဆင်မှုကတော့ ပြီးသလောက်ဖြစ်နေပါပြီ။ ကွင်းအတွက် မြက်ခင်း၊ ပွဲကြည့်စင်၊ နားနေခန်း စတာတွေကို ပြင်ဆင်မှုအသေးစားပဲ လုပ်ရတာမျိုးပါ။

ဒီရက်ပိုင်းအတွင်း ကျွန်တော်တို့ အသင်းက တာဝန်ရှိသူတွေနဲ့ ပြိုင်ပွဲကျင်းပရေးတာဝန်ခံတွေက စစ်ဆေးမှုပြုလုပ်ပေးမှာပါ။ အတည်ပြုပြီးတာနဲ့ လာမယ့် ပွဲစဉ် ၁၃ ကနေစပြီးတော့ အိမ်ကွင်း ခြောက်ပွဲလုံး ကျင်းပသွားမှာပါ။

ကွင်းမိတ်ဆက်ပွဲလည်း လုပ်ဖို့ရှိပါတယ်။ အိမ်ကွင်းကျင်းပဖြစ်မယ်ဆိုရင် ပရိသတ်အားပေးမှုက အသင်းကို အကောင်းဆုံးပံ့ပိုးပေးနိုင်မယ် လို့ မြင်ပါတယ်။ ဒီအတွက်လည်း ကြိုးစားနေပါတယ် ” ဟု ဟံသာဝတီအသင်းမန်နေဂျာ ဦးထွန်းထွန်းလင်း က ပြောသည်။

ဟံသာဝတီယူနိုက်တက်အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၂ ပွဲကစားပြီးချိန်၌ ခြောက်ပွဲနိုင် သုံးပွဲသရေ သုံးပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၂၁ မှတ်ဖြင့် အမှတ်ပေးဇယား တတိယနေရာတွင် ရပ်တည်လျက်ရှိသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် လက်ရှိ၌ အိမ်ကွင်းအဖြစ် ရန်ကုန်ယူနိုက်တက်၊ ရတနာပုံ၊ ရှမ်းယူနိုက်တက်၊ ဇေယျာရွှေမြေ၊ ဧရာဝတီ စသည့် အသင်းတို့သာ အိမ်ကွင်းလက်ခံကျင်းပထားနိုင်ပြီး ကျန်သည့်အသင်းများမှာမူ အိမ်ကွင်းလက်ခံကျင်းပနိုင်ခြင်း မရှိသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly