ဒမတ်စကပ်၊ မေ ၂၅ ။ ။ အိုင်အက်စ်အဖွဲ့က တိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်ဟု သတင်းထွက်လာပြီးနောက် ဆီးရီးယားရှိ ရုရှတပ်ဖွဲ့ဝင်များ အသုံးပြုနေသည့် မဟာဗျူဟာမြောက် လေတပ်စခန်း ဖျက်ဆီးချေမှုန်းခံရဖွယ်ရှိသည်ကို ဂြိုဟ်တုပုံများအရ တွေ့ရသည်။
ပြီးခဲ့သည့် သီတင်းပတ်က T4 လေတပ်အခြေစိုက်စခန်းတွင် မီးလောင်မှုများဖြစ်၍ ရဟတ်ယာဉ်လေးစင်းနှင့် စစ်လော်ရီကားပေါင်း ၂၀ ကျော် ပျက်စီးပုံကို ထောက်လှမ်းစစ်ဆေးရေးကုမ္ပဏီ Stratfor က ဖမ်းယူရရှိသည့် ပုံများအရ သိရသည်။
အဆိုပါ လေတပ်စခန်းတွင် မီးလောင်သည့် အကြောင်းရင်းအား ထုတ်ပြန်ခြင်းမရှိ၍ မသိရပေ။
လေတပ်အခြေစိုက်စခန်းတွင် အိုင်အက်စ်တို့ တိုက်ခိုက်၍ ရဟတ်ယာဉ်များ ပျက်စီးသည်ဟူသော ထွက်ပေါ်နေသည့် သတင်းများအပေါ် ရုရှဖက်က ငြင်းဆန်သည်။
အိုင်အက်စ်နှင့် ချိတ်ဆက်မှုရှိသည့် Amaq သတင်းအေဂျင်စီက ယင်းလေတပ်စခန်းမီးလောင်မှုသတင်းကို ပထမဆုံးသတင်းတင်ခဲ့ခြင်းလည်းဖြစ်သည်။
"ဟွမ်းပြည်နယ်မှာရှိတဲ့ လေတပ်စခန်းက ရုရှရဟတ်ယာဉ်လေးစင်းနဲ့ ဒုံးကျည်တွေ တင်ဆောင်ထားတဲ့ ထရပ်ကား အစီး ၂၀ ဝန်းကျင်မှာ မီးလောင်မှုဖြစ်လို့ ပျက်စီးဆုံးရှုံးပါတယ်။"ဟု Amaq သတင်းဌာနက အဆောတလျင်သတင်းထုတ်လွှင့်ခဲ့ခြင်းဖြစ်သည်။
ထိုသတင်းထုတ်လွှင့်သည့်နေ့၌ပင် T4 လေတပ်စခန်းကို အိုင်အက်စ်တိုက်ခိုက်ရေးသမားတစ်ဦး ဂရတ်ဒုံးကျည်ဖြင့် ပစ်ခတ်သည် ဓာတ်ပုံကို ထုတ်လွှင့်ခဲ့သည်။