တိတ်တိတ်ပုန်း ကျဆုံး၊ ခုရှင်းမှ နောင်မရှုပ်

တိတ်တိတ်ပုန်း ကျဆုံး၊ ခုရှင်းမှ နောင်မရှုပ်
Photo - https://www.myanmore.com

မောင်မှန်တစ်ယောက် ခုတလောမှပဲ သီချင်းဆိုချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်နေပါတယ်။ တိတိကျကျပြောရရင် ကာရာအိုကေ ဆိုချင်စိတ်ပေါ့။ ရိုးရိုးသီချင်း ဆိုချင်စိတ်ထက် နည်းနည်းမြင့်ပါ တယ်။ ငွေရေးကြေးရေး ဖျော်ဖြေရေး သဘောပါပါတယ်။ (ဒီနေရာမှာ ဖျော်ဖြေရေးဆိုတာ ကိုယ့်ကို ကိုယ် ဆိုလိုတာပါ။) မောင်မှန်က ကာရာအိုကေတွေ၊ ကေတီဗီတွေကို ဆိုင်မှာ တစ်ခါမှ အားမပေးဖူး ပါဘူး။ တစ်နေ့က ဂျာနယ်တစ်စောင်မှာ ရန်ကုန်မြို့တွင် သီချင်းမဆိုရ၊ အနှိပ်မခံရ၊ ည (၁၁)နာရီ အပြင်မထွက်ရဆိုတဲ့ ဆောင်းပါးတစ်ပုဒ် ဖတ်ရပါတယ်။ ဒီဆောင်းပါးအရ ကြာလာရင် ရန်ကုန်မှာ ကေတီဗီတွေ၊ အနှိပ်ခန်းတွေ အကုန်ပျောက်သွားမယ့် သဘောရှိပါတယ်။ ဒါကြောင့် ဒါတွေ မကွယ် ပျောက်ခင် တစ်ခါလောက် အပြတ်ကဲ၊ အပြတ်ဟဲလိုက်ချင်တာပါ။ တစ်ကိုင်းထဲနားတဲ့ ငှက်ကလေး တွေ သိပ်ပျော်မှာပဲလေ ဘာညာဆိုပြီး ကလေးမလေးတွေနဲ့ စုံတွဲလေး နှစ်ပုဒ်၊ သုံးပုဒ်လောက် နွှဲလိုက်ချင်တာပါ။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အခုလို ပြောပါတယ်။ "ကျနော်တို့က အနှိပ်ခန်းတွေ၊ ကာရာအိုကေတွေကို အရေးယူမယ်ဆိုရင် လူကိုဖမ်းချင်တာ မဟုတ်ဘဲ ဒီအလုပ်မျိုး လုပ်ဖို့ မသင့်တော်ဘူးလို့ အသိပေးမှာ ဖြစ်တယ်။ အသိပေးလို့မရမှသာ အရေးယူမှာပါ။ ဒါနဲ့ပတ်သက် ပြီး အစိုးရအဖွဲ့ရုံးက တိတိကျကျ ပုံစံချပေးမှာ ဖြစ်ပါတယ်"တဲ့။ ဝန်ကြီးချုပ်က ပြောမယ့်သာပြောတာပါ ဒီကိစ္စ စဖြစ်ဖြစ်ချင်းမှာ ဒီအမိန့်ကို သူမပေးခဲ့ကြောင်း ငြင်းပါတယ်။ ရန်ကုန်တိုင်းဒေသကြီး နယ်/လုံ ဝန်ကြီးကလည်း အစိုးရအဖွဲ့က ဘာမှထုတ်ပြန်ထားခြင်း မရှိပါဘူးလို့ ပြောပါတယ်။ အမည်မဖော်လိုတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောတာကိုတော့ Tomorrow ဂျာနယ်က အခုလို ဖော်ပြခဲ့ပါတယ်။ "မြို့နယ်အတွင်းက စားသောက်ဆိုင်များကို ည ၁၀ နာရီ နောက်ဆုံးထား ပိတ်သိမ်းဖို့ လက်မှတ်ထိုး ခိုင်းတာတော့ ဟုတ်တယ်။ ခရိုင် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနက ညွှန်ကြားလ့ိုပါတယ်" တဲ့ ခင်ဗျာ။

တကယ်တော့ ကေတီဗီတွေ အနှိပ်ခန်းတွေဆိုတာ မောင်မှန်တို့ ပြည်သူအများစုကြီးနဲ့ သိပ်ပတ်သက်ခွင့် ရှိလှတာ မဟုတ်ပါဘူး။ မောင်မှန်တို့ရဲ့ နေ့စဉ်ဝင်ငွေနဲ့ အနားတောင် မသီနိုင်ပါဘူး။ စားသောက်ဆိုင်ကြီးတွေ သွားဖို့နေနေသာသာ ရပ်ကွက်ထဲက ဟင်းဆိုင်က ပဲဟင်းနှစ်ရာဖိုး မရောင်း နိုင်တော့ဘူး ငြင်းတာကို စိတ်မကောင်း ဖြစ်နေရတဲ့ သူတွေပါ။ ကေတီဗီတွေ အနှိပ်ခန်းတွေ ဧရာမစင် တင်ဂီတစားသောက်ဆိုင်ကြီးတွေ အကုန်ပိတ်ပစ်လိုက်လည်း အေးတာပဲလို့ ဘေးထိုင်ဘိုင်ကျ ဘုပြော ပစ်လိုက်ချင်ပါတယ်။ သွားနိုင်သူတွေကို မနာလိုအားကျလည်း မဖြစ်ရတော့ဘူးပေါ့။ မစ္စည်းမဲ့ ဒေါသဆိုတာ ဒါပဲလေ။

သီချင်းဆိုချင်ရင် ကာရာအိုကေဆိုချင်ရင် ကိုယ့်အိမ်ကိုဆိုလို့ ရတာပဲ။ ဒီခေတ်ထဲ VCD DVD မရှိတဲ့ အိမ်ဆိုတာ ရန်ကုန်မြို့မှာ နည်းနည်းလောက်ရှိမှာပါ။ လူမသေဖူးတဲ့ အိမ်က မုန်ညင်းဆီ တိဿ ဂေါတမီ ရှာနည်းကား ရှာရမှာပါ။ ကာရာအိုကေမလေးတွေနဲ့ တစ်ကိုင်းထဲနားချင်တာဟာ ဂီတမှာ ပျော်ဝင်ချင်တာ မဟုတ်ပါဘူး။ ညောင်းညာကိုက်ခဲ အကြောတက်ရင်လည်း ရှေးရိုးအနှိပ် သည်တွေ အကြောပြင်ဆရာတွေ ပြည့်လို့ပါ။ အနှိပ်ခန်းက ကလေးမလေးတွေက ဟိုတို့ဒီထိ ကလိကလိလုပ်မှ အကြောပြေတာ မဟုတ်ပါဘူး။ အဲ့ဒီ နေရာဌာနတွေဟာ အမျိုးသမီးထု တစ်ရပ်လုံးကို စော်ကားနေတဲ့ နေရာတွေလို့ မောင်မှန့်စိတ်ထဲ အမြဲခံစားရပါတယ်။ မိန်းမတွေဆိုတာ ယောကျ်ားတွေရဲ့ အသုံးတော် ခံ၊ ဖျော်ဖြေရတဲ့ ဒုတိယလိင် (second sex)တွေပဲဆိုတဲ့ အယူအဆဟာ အဲ့ဒီနေရာတွေမှာ ထင်ရှား ပေါ်လွင်နေပါတယ်ခင်ဗျာ။

အဲ့ဒီနေရာတွေကို စတင် ကန့်သတ်မှုလုပ်လာတဲ့ အာဏာပိုင်တွေအပိုင်းကို ကြည့်ကြရအောင် ပါ။ တိုင်းဝန်ကြီးချုပ်နဲ့ နယ်/လုံး ဝန်ကြီးက ဒီအမိန့်ကို သူတို့မပေး။ မသိလို့ ပြောတယ်။ နောက်တော့ ဝန်ကြီးချုပ်က အသိပေးလို့မရရင် အရေးယူမယ်ဆိုပြန်တယ်။ ခရိုင်ထွေ/အုပ်ရုံးရဲ့ ညွှန်ကြားချက်လို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ယောက်က ပြောတယ်။ Tomorrow ဂျာနယ် သတင်းဓာတ်ပုံမှာတော့ ဆိုင်ပိတ်ချိန်နဲ့ အသိပေးချက် စာသားကို ခုလို ရေးထားတာ တွေ့ရတယ်။ ည (၁၀)နာရီ တိတိတွင် ဆိုင်ပိတ်ပါသည်။ ရက် ၁၀၀ စီမံချက် စည်းကမ်းအရ ဖြစ်ပါသည်တဲ့။ ဒါတွေကို ထောက်ရှုရင် ဘယ်အာဏာပိုင်က ဘယ်လိုကိုင်တွယ်လိုက်တယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိတာ တွေ့ရမှာ ဖြစ်ပါ တယ်။ ဒါဟာ အများအကျိုးများစရာ ကိစ္စဖြစ်ပါတယ်။ သတ္တိရှိရှိ တာဝန်ခံလုပ်ရမယ် ထင်ပါတယ်။ သူလိုလို ငါလိုလို လုပ်နေရအောင် တ.က.သ အဆောက်အဦး ဗုံးခွဲတာမှ မဟုတ်ဘဲ။ ဒေါ်ခင်ဝင်း သတ်မှှုမှ မဟုတ်ဘဲ။ မန္တလေး မင်္ဂလာဈေး မီးလောင်မှုမှ မဟုတ်ဘဲ။ မျက်နှာနာစရာတွေ မျက်နှာပျက် စရာတွေ ရှိနေလို့ မောင်မှန်ရာလို့ ဆိုရင်တော့လည်း မောင်မှန်က နားလည်ခွင့်လွှတ်ပေးရမှာ ပေါ့ခင်ဗျာ။

မသာယာမစိုပြေတော့တဲ့ ကာရာအိုကေတွေ၊ မနှိပ်တော့တဲ့ အနှိပ်ခန်းတွေကို ထားပြီး သဏ္ဍာန်ပီပီ သရုပ်ဆောင်ရတဲ့ အမ်ပီတီဘက်ကို ဒိုးကြပါစို့ရဲ့။ ကာရာအိုကေဆိုတယ်ဆိုတာက အငွေ့ပဲ။ တီဗီထဲက မင်းသား၊ မင်းသမီးတွေ သရုပ်ဆောင်တာကို ကြည့်ပြီးဆိုရတာ။ ကိုယ်တိုင် ပါဝင်သရုပ်ဆောင် သီဆိုချင်တဲ့ ပိုးက အစကတည်းက မောင်မှန့်မှာ ရှိပါတယ်။ မင်းသမီးလေးတွေ မော်ဒယ်လေးတွေနဲ့ အတွေ့ပွဲကို ဆင်နွှဲလိုက်ချင်သေးတာ။ မင်းအသက်အရွယ်ကြီးနဲ့များ မောင်မှန်ရာ လို့လည်း မဆိုလိုက်နဲ့။ ဗမာသံ ဟိုသီချင်းလေးကို ရှုမြင်ခံစား နားဆင်ကြည့်လိုက်ဦး။ အဆိုတော်ကြီး ဦးသန်းလှိုင် သီချင်းကို စိုးစန္ဒာထွန်း ပြန်ဆိုထားတဲ့ မေတ္တာကမ္ဘာ မခြားလိုသူလေ။ အဲ့သီချင်းကို သရုပ်ဆောင်ကြတာက ရှမ်းပြည်ဦးစောနိုင်ကြီးနဲ့ ပွင့်နဒီမောင်လေးတို့ပါ ခင်ဗျာ။ မောင်မှန်ဟာ ဦးစောနိုင်လောက်လည်း အသက်မကြီးသေးပါဘူး။ မင်းသမီးလေးတွေ၊ မော်ဒယ်လေးတွေ၊ မယ်က လေးတွေ တစ်ဖက်လေးငါးခြောက်ယောက်နဲ့ (သီချင်းနဲ့ ဆိုင်ဆိုင် မဆိုင်ဆိုင်)ရေကူးကန်ဘေး ထိုင်တာတို့၊ ကူးတာတို့ စတဲ့ အခန်းတွေ ရိုက်ချင်ပါသေးရဲ့ခင်ဗျာ။ ပိုက်ဆံသာရှိလို့ကတော့ ချက်ခြင်း လုပ်ချလိုက်တယ်။ ပြီးရင် အွန်လိုင်းမှာ လွှင့်ပစ်လိုက်မှာ မောင်မှန့်ကို မနာလို အားကျဖြစ်ကုန်ကြ ပေရော့ပဲ။

အခုတော့ ကိုယ်က မနာလို အားကျဖြစ်နေရတဲ့ဘဝ၊ အွန်လိုင်းမှာ မောင်မှန့်ထက် ဦးသွားတဲ့ ရွှေမင်းသားလေးနဲ့ မယ်ကလေးတို့ရဲ့ အမ်တီဗီကို ကြည့်ရတော့ မရိုးမရွနဲ့ပေါ့လေ။ ရွှေမင်းသားလေး ဆိုတာ ဦးရွှေမင်း ရဲ့ သားလေးလို့လည်း ထင်မှတ်မှားနေကြဦးမယ်။ မဟုတ်ပါဘူး။ ဘိုးတော်ကြီးရဲ့ မြေးတော်လေးပါ။ ဗမာပြည်ရဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးရဲ့ ပထမဆုံး တမာန်တော်လေး။ ဗမာ့နိုင်ငံရေးမှ အင်မတန်မှ ကြီးကျယ်ခမ်းနာတဲ့ သမိုင်းဝင် ညတစ်ညကို ဖန်တီးတည်ဆောက်ပြခဲ့တဲ့ မြေးတော်လေးရယ်ပါ။ အရင်တုန်းကတည်းက ဒီဇာတ်လမ်းမျိုးတွေ သူ့မှာ အများကြီးရှိပါတယ်။ လူထု အသည်းစွဲ ဘယ်မင်းသမီးလေးကိုတော့ ဘယ်ပွဲမှာ မြေးတော်လေးနဲ့ တွဲတွေ့ရသတဲ့တို့၊ ဘယ်ဘောပွဲ မှာ ဘယ်မယ်ကို မြေးတော်လေးက ဖလားကိုင်ခိုင်းတာတို့စတဲ့ သတင်းတွေ ပရိတ်သက်ကြီးလည်း ကြားခဲ့ဖူးမှာပါ။

ဒါဟာ ဘာနဲ့တူသလဲဆိုတော့ ပြဇာတ်ထဲက အရပ်မင်းသားနဲ့ တူပါတယ်။ သိကြတဲ့အတိုင်း တောပြဇာတ်ဆိုတာ ပိုက်ဆံတက်နိုင်တဲ့ တောသားက ပြဇာတ်မင်းသမီး မြို့တက်ငှားပြီး သူကိုယ်တိုင် မင်းသားလုပ်ပစ်တာ။ မင်းသမီးနဲ့ တွဲရပြီးရောပဲ။ မြေးတော်လေးကလည်း ဒီသဘောပါပဲ။ နာမည်ကျော် မင်းသမီး မော်ဒယ်များနဲ့ တွဲတွဲခုတ်ပြရတာ အမော။ လူတွေသိလေပိုကောင်းလေပဲ။ လူတွေများများ အထင်လွဲကြပါစေလို့ ကျိတ်ပြီး ဆုတောင်းနေပုံပဲ။ ခုတော့ ဒါနဲ့တင် အားမရ အွန်လိုင်းကနေ အများ ပြည်သူကို တင်ဆက်ပြသလာပါပြီ။ အများ မျက်စိနောက်လာရပြီ ဆိုပါတော့။ ငွေရှိသူ အာဏာရှိသူ တို့များ လုပ်တိုင်းတင့်တယ်တာကလား။ သူက တင့်တယ်ပေမယ့် မတင့်တယ်သူတွေက မတင့်တယ် ရှာဘူး။ ဒီအချက်ကဖြင့် တောပြဇာတ်မင်းသားနဲ့ မြေးတော်လေးတို့ရဲ့ ကွာဟချက် ဖြစ်မယ်ထင်ပါ တယ်။ တောပြဇာတ်မင်းသားငှားတဲ့ မြို့မင်းသမီးက ပွဲပြီးရင် ပြီးတာပဲ။ ဘယ်သူ့ကိုမှ ဘာမှ ရှင်းမနေ ရဘူး။ မြေးတော်လေးထိတွေ့လိုက်သမျှ နာမည်ကျော်တွေကတော့ ပွဲပြီးရင် မတင့်မတယ် ရှင်းကြ ရပါတော့တယ်ခင်ဗျာ။ ဆမီးနဲ့ ဘယ်လိုမှ မပတ်သက်ပါဘူးတို့။ ဆမီးကို ငှားလို့ ကိုင်ရတာပါ။(ဖလား ဖလား)တို့ ဆမီးကိုငှားလို့ ရိုက်ရတာပါ။ ဆမီးက အဆိုတော်ကို မမေးလိုက်မိဘူးတို့ စတာတွေပေါ့။ မြေးတော်လေးက အထင်လွဲစေချင်ပေမယ့် သူတို့လေးတွေက အထင်လွဲမခံနိုင်ကြပါ။

ကာရာအိုကေတွေ၊ အနှိပ်ခန်းတွေ တိတ်တိတ်ပုန်း ကျဆုံးပါစေ။ (ဗြောင်မှ မနှိပ်ကွပ်ရဲဘဲကို) မြေးတော်လေးနဲ့ ထပ်တွဲခုတ်အုံးမယ့် Cele တွေ ကြိုတင်ရှင်းလင်းနိုင်ပါစေ။ (ခုရှင်းမှ နောင်မရှုပ်တော့ ဘူးပေါ့)။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags