ဒဂုံစီးတီး ရပ်ဆိုင်းမည့် အမိန့်စာ မထုတ်ပြန်ပေးနိုင်သေး

ဒဂုံစီးတီး ရပ်ဆိုင်းမည့် အမိန့်စာ မထုတ်ပြန်ပေးနိုင်သေး

ရန်ကုန် (မဇ္ဈိမ) ။ ။ ဗုဒ္ဓဘာသာ အများစု၏ ယုံကြည်ကိုးကွယ်ကြသော ရွှေတိဂုံစေတီတော်အနီးတွင် အကောင်အထည်ဖော်မည့် ဒဂုံစီးစီမံကိန်းများ ရပ်ဆိုင်းမည့် အမိန့်စာကို နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးခြင်း မရှိသေးသဖြင့် မထုတ်ပြန်နိုင်သေးကြောင်း အကြောင်းပြန်သည်ဟု ကာကွယ်ရေးအဖွဲ့ဝင် ဦးပါမောက္ခက မဇ္ဈိမကကို မိန့်သည်။

ဇွန်လ ၂၀ရက်တွင် ကာကွယ်ရေးအဖွဲ့သို့ ပေးအပ်ခဲ့သည့် ကတိအရ ၁၅ရက်ပြည့်သည့် နေ့တွင် တိုင်းသာသနာရေးမှူး ဦးစိန်မော်က ရွှေတိဂုံစေတီတော် ကာကွယ်စောင့်ရှောက် ရေးအဖွဲ့သို့ ဇူလိုင် ၄ရက် ညနေ၌ အကြောင်းကြားရန် ရန်ကုန်တိုင်းနယ်လုံဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်းက ညွှန်ကြားထားခြင်း ဖြစ်သည်ဟု ၎င်းမိန့်သည်။

"လုပ်ငန်းတွေတော့ ရပ်ထားမယ်၊ ဖျက်သိမ်းမိန့်ကို သမ္မတလက်မှတ်ထိုးဖို့ကို သူတို့ဆက်ပြီး လုပ်နေပါတယ်လို့ ပြောတာ၊ သမ္မတက လက်မှတ်မထိုးသေးလို့ မထုတ်ပေးနိုင်သေးဘူးလို့ ပြောတာ။ ကတိမတည်တော့ ပြည်သူအကုန်လုံးက သစ္စာမရှိတဲ့ အစိုးရလို့ပဲ ပြောရတော့မယ်" ဟု ဦးပါမောက္ခက ထပ်မံမိန့်ကြားသည်။

လုပ်ငန်းများကို ရပ်ဆိုင်းထားမည်ဖြစ်ပြီး အမိန့်စာမထုတ်ပြန်နိုင်သေးဟု အစိုးရက အကြောင်းပြန်သဖြင့် ဒဂုံစီးတီး စီမံကိန်းများ လုံးဝရပ်ဆိုင်းရေးအတွက် ဇူလိုင်  ၆ရက်တွင် ကာကွယ်စောင့်ရှောက်ရေးအဖွဲ့က ရှေ့လုပ်ငန်းများ အကောင်အထည်ဖောင်ရန် အစည်းအဝေးတစ်ရပ်ကို ကျင်းပမည်ဖြစ်သည်။  ဒဂုံစီးတီးအပါအဝင် ယင်းနေရာတွင် အကောင်အထည်ဖော်မည့် စီမံကိန်းများ ရပ်ဆိုင်းရေးအတွက် ဆက်လက် လုပ်ဆောင်မည်ဟု ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ဝင် မာဂဒီသာစည်စာသင်တိုက် ဆရာတော် ဦးနေမိန္ဒ ကမိန့်သည်။

"စီမံကိန်းရပ်ဖို့ ပါတီ၊ ဘယ်အဖွဲ့၊ ဘယ်သူမဆို ပူးပေါင်းပါဝင်နိုင်တယ်။ ရပ်ဆိုင်းဖို့ လက်ကမ်းစာစောင်ဝေမယ်၊ ဆန္ဒပြမယ်၊ သပိတ်မှောက်မယ်၊ တရားစွဲမယ်၊ လုံးဝရပ်အောင်ထိ လုပ်မယ်။ အခုအမိန့်စာမထုတ်နိုင်တာကိုလည်း ကိုယ်တိုင်မလျောက်ဘူးလေ။ ဂတိပေးတုန်းပေးတယ် အခုတော့ မိုးလုံးပြည့်မုသာဝါဒါဖြစ်သွားတယ်" ဟု ဦးပါမောက္ခက မိန့်ကြားသည်။

ဇွန်လ ၂၀ရက် ညနေ့ ၅နာရီခန့်တွင် ရန်ကုန်နယ်လုံနှင့် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထွန်းထွန်းနောင် တို့က ဒဂုံစီးတီးအပါအဝင် စီမံကိန်းအားလုံးကို ဖျက်သိမ်းပေးမည်ဟု ရွှေတိဂုံစေတီ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့သို့လာရောက် ကတိပြုခဲ့ခြင်းဖြစ်သည်။

ဒဂုံစီးတီးကို အကောင်အထည်ဖော်နေသည့် မာဂလန့်မတ်ကလည်း ဇွန်လကုန်တွင် ရရှိမည့် စီမံကိန်းနှင့် ပက်သက်သည့် နောက်ဆုံးခွင့်ပြုချက် အစီရင်ခံစာကိုရရှိမှသာ စီမံကိန်းနှင့် အကောင်အထည်ဖော်ရေး ကိစ္စများကို ပြည်သူများသို့ ချပြသွားနိုင်မည်ဟု မဇ္ဈိမကိုဖြေကြားထားသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်အတွင်းရှိ ကာကွယ်ရေးဝန်ကြီးဌာနက ဆက်သွယ်ရေးတပ်ရင်းဟောင်း နယ်မြေ၏ ၄၉ ဧကအတွင်း လူနေအိမ်ရာများ၊ ရုံးခန်းများကို ဆောက်လုပ်ရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၈ ဒဿမ ၈၉သန်း (ကျပ်ငွေ သန်း ၈၉၀၀) ဖြင့် ပြည်တွင်းပြည်ပ ကုမ္ပဏီ ၅ခုတို့က ငှားရမ်းခဲ့ထားခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly