မော်ရင်ကိုနည်းပြသစ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်း ခန့်အပ်မည်

မော်ရင်ကိုနည်းပြသစ်အဖြစ် မန်ချက်စတာယူနိုက်တက်အသင်း ခန့်အပ်မည်

မေ ၂၂၊ မန်ချက်စတာ။               ။ မန်ချက်စတာယူနိုက်တက်အသင်းသည် မော်ရင်ဟိုကိုနည်းပြသစ်အဖြစ် ခန့်အပ်ရန်ရှိနေသည်ဟု ဘီဘီစီသတင်းဋ္ဌာနက ဖော်ပြလိုက်သည်။

အသက် ၅၃ နှစ်ရှိ ပေါ်တူဂီလူမျိုးနည်းပြသည် ယူနိုက်တက်အသင်း စနေနေ့တွင် ခရစ္စတယ်ပဲလေ့စ်နှင့်ကစားခဲ့သော အက်ဖ်အေဖလား ဗိုလ်လုပွဲမတိုင်မီ မူအားဖြင့်သဘောတူညီမှုရထားခဲ့ပြီးဖြစ်သည်ဟု ဘီဘီစီကနားလည်ထားသည်။

ဗန်ဟားလ်၏လက်အောက်တွင် ယူနိုက်တက်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်မရသောကြောင့် အိုးထရက်ဖို့ဒ်တာဝန်ရှိသူများသည် အပြောင်းအလဲ ပြုလုပ်ရန်လိုအပ်နေပြီဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

အသက် ၆၄ နှစ်ရှိ ဗန်ဟားလ်၏တာဝန်ပြီးဆုံးသွားပြီဟု အသိပေးပြီးနောက် လာမည့်တစ်ပတ်အစောပိုင်းတွင် မော်ရင်ဟိုကိုနည်းပြသစ်ခန့် အပ်ကြောင်းကြေညာရန် အသင်းက စီစဉ်ထားသည်။

အင်္ဂလန်သတင်းစာတစ်စောင်ဖြစ်သည့် ဒေးလီးမေးလ်ကလည်း ယူနိုက်တက်သည် မော်ရင်ဟိုကို ပေါင် ၃၆ သန်းတန် သုံးနှစ်စာချုပ်လိမ့်မည်ဟု ဖော်ပြသည်။

အက်ဖ်အေဖလားဗိုလ်လုပွဲတွင် ပဲလေ့စ်ကိုအနိုင်ရပြီးနောက်ပြုလုပ်သည့် အင်တာဗျူးတွင် ဗန်ဟားလ်က "ခင်ဗျားတို့ကို ဖလားယူပြပြီးပါပြီ။ ပြီးတော့ ကျွန်တော့်ကို လွန်ခဲ့တဲ့ခြောက်လလောက်ကတည်းက ရာထူးကထုတ်နေတဲ့ မီဒီယာက မိတ်ဆွေတွေနဲ့ အနာဂါတ်အကြောင်း မဆွေးနွေးချင်ပါဘူး"ဟုဆိုခဲ့ပြီး လာမည့်နှစ်တွင် ယူနိုက်တက်နည်းပြအဖြစ်ဆက်ရှိမည်လားဆိုသည့် မေးခွန်းကိုလည်းလည်း ၎င်းက "ခင်ဗျားတို့နဲ့တွေ့ရဖို့ မျှော်လင့်ပါတယ်။ အသင်းကထွက်မယ့်အကြောင်းကို ကျွန်တော်မပြောချင်ပါဘူး"ဟု ဆိုသည်။

ဗန်ဟားလ်သည် သုံးနှစ်စာချုပ်အရ တစ်နှစ်သက်တမ်းကျန်နေသေးသော်လည်း ကစားသမားသစ်များကို ပေါင်သန်း ၂၅၀ သုံးကာ ခေါ်ယူ ထားသည့်တိုင် ပရီးမီးယားလိဂ်တွင် အဆင့် ၄၊ အဆင့် ၅ နေရာများဖြင့်သာ အဆုံးသတ်နိုင်ခဲ့၍ ပရိသတ်များက စိတ်ပျက်နေကြသည်။

မော်ရင်ဟိုသည် အအောင်မြင်ဆုံးနည်းပြများထဲမှ တစ်ဦးအပါအဝင်ဖြစ်ပြီး ချယ်လ်ဆီးတွင် သက်တမ်းနှစ်ကြိမ်အတွင်း ပရီးမီးယားလိဂ် ဖလားသုံးသုံး၊ ပေါ်တို၊ အင်တာမီလန်တို့နှင့် ၂၀၀၄၊ ၂၀၁၀ တွင် ချန်ပီယံလိဂ်ဖလား၊ ၂၀၁၂ တွင် ရီးယဲလ်မက်ဒရစ်နှင့် လာလီဂါဖလား ရခဲ့ သည်။

လာလီဂါတွင်ရှိစဉ်က ဘာစီလိုနာနည်းပြ ဂွာဒီယိုလာနှင့်ပြိုင်ဘက်များဖြစ်ခဲ့ပြီး ယခုတစ်ကြိမ်တွင်လည်း မန်ချက်စတာမြို့ခံပြိုင်ဘက် မန်စီးတီး နည်းပြဖြစ်လာမည့် ဂွာဒီယိုလာနှင့် ထပ်မံပြိုင်ဆိုင်ရဦးမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly