တိုင်းရင်းသားဒေသတွင် ထိုးစစ်ဆင်ခြင်းက ၂၁ရာစု ပင်လုံကို ချေဖျက်နေခြင်းလားဟု SSPP မေးခွန်းထုတ်

တိုင်းရင်းသားဒေသတွင် ထိုးစစ်ဆင်ခြင်းက ၂၁ရာစု ပင်လုံကို ချေဖျက်နေခြင်းလားဟု SSPP မေးခွန်းထုတ်

ချင်းမိုင်၊ မေ ၂၀ ။             ။ နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းပေါ် ကြိုးစားပြင်ဆင်နေချိန်တွင် မြန်မာ့တပ်မတော်ဘက်မှ တိုင်းရင်းသား ဒေသများအတွင်း ထိုးစစ်ဆင်ခြင်းက အစိုးရသစ်ပြင်ဆင်နေသည့် ၂၁ ရာစု ပင်လုံညီလာခံကို ချေဖျက်ရန် လုပ်ဆောင်နေသည်ဟု သံသယရှိကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်(SSPP/SSA) ပြောဆိုသည်။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် နှင့် တပ်မတော်မှ တိုင်းရင်းသားဒေသများအတွင်း စစ်အင်အား အလုံးအရင်း ပို့ဆောင်ခြင်း၊ ထိုးစစ်ဆင်ခြင်းများ ရပ်တန့်ရန် မေလ ၁၉ ရက်စွဲဖြင့် ကြေငြာချက်ကို ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

“တိုင်းရင်းသားဒေသအတွင်း နယ်မြေ စိုးမိုးရေးကို အကြောင်းပြပြီး တိုင်းရင်းသားလက်နက်ကိုင်များအား ထိုးစစ်ဆင်ခြင်းသည် အစိုးရသစ်မှ ကြိုးပမ်း ပြင် ဆင်နေသာ ၂၁ ရာစာပင်လုံးညီလာခံကြီးကို ချေဖျက်ရန်လုပ်ဆောင်ခြင်းလောဟု မိမိတို့ ယုံမှားသံသယရှိနေပါသည်”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သမ္မတ ဦးထင်ကျော် အစိုးရသစ် တက်လာပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ရန် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်မှ ဧပြီလ ၂၇ ရက်တွင် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေး ကော်မတီနှင့် တွေ့ဆုံစဉ် ၂၁ ရာစုပင်လုံညီလာခံ ကျင်းပသွားရန် ပြောဆိုမှုအပေါ် SSPP/SSA အနေဖြင့် ဝမ်းမြောက်စွာ ထောက်ခံကြိုဆိုကြောင်း ဆိုထားသည်။

မေလ ၁၈ ရက်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) လက်အောက်ခံ တပ်ရင်း ၄ ရင်းဖြင့် နမ့်မပြည်သူ့စစ်၊ နမ့်ပေါင်ပြည်သူ့စစ်၊ မန်ပန်ပြည်သူ့စစ် အပါအဝင် ပူးပေါင်းအင်အား ၇၀၀ ကျော်ဖြင့် လားရှိုး-သီပေါအကြားရှိ SSPP/SSA အမှတ် ၁၀ အုပ်ချုပ်ရေးဌာန အခြေပြုစခန်းအား MI-35 လေကြောင်းဖြင့် ပစ်ကူ၍ တိုက်ခိုက်ခဲ့ခြင်းက ငြိမ်းချမ်းရေးကို ဦးတည်မည့်အစား စစ်ရေးပဋိပက္ခကို ပိုမိုကြီးထွားအောင်လုပ်ဆောင်ခြင်းဖြစ်၍ လုံးဝ ကန့်ကွက်ကြောင်း ပြောဆိုထားသည်။

မေလ ၁၂ ရက်၊ ၁၃ ရက်၊ ၁၄ ရက်များတွင် မြန်မာတပ်မတော်နှင့် SSPP/SSA တို့အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး မြန်မာ့တပ် မတော်ဘက်က လေကြောင်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု သိရသည်။ ယင်းတိုက်ပွဲများကြောင့် ကျောက်မဲမြို့နယ်အတွင်း ယနေ့ထိ စစ်ပြေးဒုက္ခသည် ၅၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီ ဖြစ်သည်။

ထို့ပြင် ရှမ်းပြည်နယ်မြောက်ပိုင်း SSPP/SSA ထိန်းချုပ်နယ်မြေအချို့ဖြစ်သော သီပေါ၊ ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်၊ မိုးကုတ်၊ မူဆယ်၊ နမ့်ခမ်းမြို့နယ်များတွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)နှင့် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်(TNLA)တို့ တကျော့ပြန် တိုက်ပွဲ ဖြစ်ပွားနေမှုတွင် ပြဿနာ မပြန့်ပွားရန် ၎င်းတို့အဖွဲ့အနေဖြင့် ကျောက်မဲမြို့နယ် ပုံဂိုးဒေသသို့ ခေတ္တ တိမ်းရှောင်ခဲ့ရာ မြန်မာ့တပ်မတော်ဘက်ကမှ စစ်ကြောင်း ၅ ကြောင်းဖြင့် လိုက်လံ ပိတ်ဆို့ခဲ့သဖြင့် မေလ ၄ ရက်တွင် ကျောက်မဲမြို့နယ်အတွင်း နှစ်ဖက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ထည့်သွင်းထားသည်။

ယခင်အစိုးရနှင့် SSPP ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးပြီးနောက် တိုက်ပွဲပေါင်း ၅၀၀ ကျော် ဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲဖြစ်စဉ် တလျှောက်တွင် မြန်မာ့တပ်မတော်ဘက်မှ နယ်မြေစိုးမိုးရေးအကြောင်းပြပြီး အခြေပြုစခန်းများကို လာရောက် တိုက်ခိုက်ခဲ့ခြင်းကြောင့် ဖြစ်ရခြင်းသာဖြစ်ကြောင်း ပါရှိသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်က သမ္မတ ဦးသိန်းစိန် အစိုးရနှင့် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး လက်မှတ်ရေးထိုးခဲ့ရာ ပြည်နယ်အဆင့် သဘောတူညီချက်တွင် SSPP အဖွဲ့ဝင်များ ဝမ်ဟိုင်းတွင် အခြေပြု၍ လက်ရှိ ဖြန့်ခွဲထားသော နေရာများတွင် ယာယီအခြေပြုနေထိုင်ရန် သဘောတူညီခဲ့သည်ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags