မေ ၁၈၊ ရန်ကုန်။ ။ မြန်မာနေရှင်နယ်လိဂ်ဒုတိယအကျော့အတွက် ပြင်ဆင်မှုများပြုလုပ်နေသော ရှမ်းယူနိုက်တက်အသင်းသည် ရာသီဝက်အပြောင်းအရွှေ့ဈေးကွက်အတွင်း နောက်ဆုံးခေါ်ယူမှုအဖြစ် မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမား ရန်နိုင်ဦးကို လေးနှစ်စာချုပ် ချုပ်ဆိုခေါ်ယူခဲ့သည်။
ရန်နိုင်ဦးမှာ ဇေယျာရွှေမြေအသင်းမှ ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့လာသူဖြစ်ပြီး ပြီးခဲ့သည့် ဖီဖာယူ-၂၀ကမ္ဘာ့ဖလားပြိုင်ပွဲတွင် မြန်မာယူ-၂၀အသင်းအတွက် အဖွင့်ဂိုးသွင်းယူ ပေးနိုင်ခဲ့သူဖြစ်သည်။ ရှမ်းယူနိုက်တက်လို အသင်းကြီးက ကျွန်တော့်ကို စိတ်ရှည်ရှည်ထားပြီးခေါ်ခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ရှမ်းယူနိုက်တက်က နည်းပြတွေ၊ အသင်း အုပ်ချုပ်မှု အဖွဲ့တွေကအလေးထားကြောင်း သိရတဲ့အတွက် ဝမ်းသာပါတယ်။ ပထမအကျော့က ပြီးခဲ့ပါပြီ။ ကျွန်တော် ကစားခွင့်ရတဲ့ အချိန်မှာ အကောင်းဆုံး ပေးဆပ်သွားမှာပါ။ ကျွန်တော် ကစားနိုင်သလောက် ကစားသွားမှာပါ။ ဟု ရန်နိုင်ဦးကပြောသည်။
ရှမ်းယူနိုက်တက်အသင်းသည် ရာသီဝက်အပြောင်းအရွှေ့ဈေးကွက်အတွင်း အိုင်ဗရီကို့စ်ကွင်းလယ်ကစားသမား မက်ဆီမန်နှင့် ရန်နိုင်ဦးတို့ကိုသာခေါ်ယူခဲ့ပြီး အာရှနိုင်ငံသား တိုက်စစ်မှူးတစ်ဦးခေါ်ရန် ကြိုးပမ်းခဲ့သော်လည်း နောက်ကျခဲ့သည်။