သီရိလင်္ကာတွင် သုံးရက်ဆက်တိုက်မိုးကြီး၍ လူပေါင်း ၁၃၀၀၀၀ ကျော် နေအိမ်များစွန့်ခွာ

သီရိလင်္ကာတွင် သုံးရက်ဆက်တိုက်မိုးကြီး၍ လူပေါင်း ၁၃၀၀၀၀ ကျော် နေအိမ်များစွန့်ခွာ

ကိုလံဘို၊ မေ ၁၇ ။                ။ သီရိလင်္ကာနိုင်ငံတွင် သုံးရက်ဆက်တိုက်မိုးသည်ထန်းစွာရွာသွန်းခြင်းကြောင့် ရေကြီးမြေပြိုမှုများဖြစ်ရာ ကုန်းမြင့်များသို့ ပြောင်းနေရန် နေအိမ်စွန့်ခွာရသူပေါင်း ၁၃၀၀၀၀ ကျော်ထက်မနည်းရှိပြီး သေဆုံးသူမှာ ၁၁ ဦးရှိကြောင်း သဘာဝဘေးတာဝန်ရှိသူတစ်ဦးက မေ ၁၇ ရက်၌ ပြောသည်။

အိန္ဒိယသမုဒ္ဒရာကျွန်းနိုင်ငံ သီရိလင်္ကာအနောက်မြောက်ပိုင်းကမ်းခြေခရိုင် ပွတ်တယ်လမ်တွင် ပိတ်မိနေသည့် လူပေါင်း ၂၀၀ ကျော်အား လှေများ၊ ရဟတ်ယာဉ်များဖြင့် သွားရောက်ကယ်တင်ခဲ့ရကြောင်း တာဝန်ရှိသူများက ပြောသည်။

"၂၀၁၀ နောက်ပိုင်း ကြုံဖူးသမျှမှာ အဆိုးဆုံး မိုးကြီးမှုပဲဖြစ်ပါတယ်။"ဟု သဘာဝဘေးစီမံခန့်ခွဲရေးစင်တာမှ ပြောရေးဆိုခွင့်ရှိသူ ကိုဒစ်ပီလီက ပြောပြီး နိုင်ငံ၏ ခရိုင် ၂၅ ခရိုင်တွင် ၁၉ ခရိုင်က သဘာဝဘေးဆိုးဝါးမှုများ များစွာကြုံတွေ့နေရကြောင်း ထပ်လောင်းပြောသည်။

မြို့တော်ကိုလံဘိုရှိ လမ်းများတွင် ရေလွှမ်းခြင်း၊ သစ်ပင်များ ပြိုလဲခြင်းတို့ကြောင့် လမ်းပိတ်ဆို့မှုများ ဖြစ်နေသည်။ ရထားလမ်းများ ရေလွှမ်း၍ ရထားပြေးဆွဲမှုများ ရပ်ထားရကြောင်း တာဝန်ရှိသူများက ဆိုသည်။

စင်တာ၏ အရေးပေါ်ထုတ်ပြန်ချက်တွင် မြေပြိုမှုကြောင့် လူလေးဦးသေပြီး ရေကြီးမှု၊ ဓာတ်လိုက်မှု၊ မိုးကြိုးပစ်မှုနှင့် သစ်ပင်ပြိုလဲခြင်းတို့ကြောင့် တစ်ဦးစီသေကြောင်း ဖော်ပြသည်။

သို့သော် ကန်ဒီခရိုင်အတွင်း မြေပြိုမှုကြောင့် သုံးဦးသေဆုံးမှုက ထုတ်ပြန်ချက်အတွင်း မပါဝင်သွားကြောင်း ကိုဒစ်ပီလီက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly