မြန်မာနိုင်ငံ သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်း ပါဝင်ကြရန် ဝန်ကြီးတိုက်တွန်း

မြန်မာနိုင်ငံ သစ်တောသယံဇာတများ ရေရှည်တည်တံ့ရေးအတွက် ဝိုင်းဝန်း ပါဝင်ကြရန် ဝန်ကြီးတိုက်တွန်း

ရန်ကုန်၊ မေ ၁၄ ။              ။ မြန်မာနိုင်ငံ၏ ပစ္စုပ္ပန်နှင့် အနာဂတ်ကာလတွင် သစ်တောသယံဇာတ ရေရှည်တည်တံ့ရေးအတွက် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဘက်စုံညီညွှတ်မျှတစေသော Win-Win-Win Solution အဖြစ် ရလဒ်ကောင်းများရရှိရန် အဘက်ဘက်က ဝိုင်းဝန်းပါဝင်ကြဖို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးအုန်းဝင်းက တိုက်တွန်းလိုက်သည်။

၎င်းက မေ ၁၄ရက်က မြန်မာ့သစ်လုပ်ငန်းရုံးချုပ်တွင် ကျင်းပသော သစ်တောသယံဇာတ ရေရှည်တည်တံ့ရေး အလုပ်ရုံဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

သစ်တော၊ သယံဇာတများ ပြုန်းတီးခြင်း၏ နောက်ဆက်တွဲဆိုးကျိုးအဖြစ် ရာသီဥတုဖောက်ပြန်မှု ပိုမိုဆိုးဝါးနိုင်သည့်အတွက် သစ်တောသယံဇာတ၊ သတ္တုသယံဇာတများအား နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ထုတ်ယူသုံးစွဲရာတွင် ဆိုးကျိုးသက်ရောက်မှု နည်းနိုင်သမျှနည်းနိုင်ရေး နှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်စေသော အခြေအနေအမျိုးမျိုးရရှိရန် စီမံခန့်ခွဲရမည်ဟု ၎င်းက ပြောသည်။

ဝန်ကြီးဌာနအနေဖြင့်လည်း ဌာန၏ အစီအစဉ်ဖြင့်သော်လည်းကောင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ NGOs၊ INGOs များ၊ တာဝန်သိပြည်သူများနှင့် ပူးပေါင်းကာ နည်းမျိုးစုံသုံးပြီး သစ်တော နှင့် သယံဇာတများ ထိန်းသိမ်းကာကွယ်ရန် ဆောင်ရွက်နေသည်ဟု ဆိုသည်။

ယင်းအပြင် တရားမဝင် သစ်ထုတ်လုပ်၊ ကုန်သွယ်ရောင်းချခြင်းများကိုလည်း နည်းမျိုးစုံဖြင့် ချဉ်းကပ်ကာ လာဘ်ပေးလာဘ်ယူမှုများကိုလည်း စစ်ဆေးဖောက်ထုတ် အပြစ်ပေး အရေးယူနေသည်ဟု ဝန်ကြီးဦးအုန်းဝင်းက ပြောသည်။

သစ်တောသယံဇာတ ရေရှည်တည်တံ့ရေးအတွက် လမ်းစဉ်များအားလည်း မေ ၁၅တွင် ထုတ်ပြန်သွားမည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly