ဆီးရီးယားရှိ ဆေးရုံအား အိုင်အက်စ်တို့ လာရောက်စီးနင်း

ဆီးရီးယားရှိ ဆေးရုံအား အိုင်အက်စ်တို့ လာရောက်စီးနင်း

ဒမတ်စကပ်၊ မေ ၁၅ ။            ။ ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ဒီယာအယ်ဇိုယွာမြို့ရှိ ဆေးရုံတစ်ရုံကို အိုင်အက်စ်တို့ လာရောက်စီးနင်းကြောင်း သတင်းများတွင် ဖော်ပြသည်။

ယင်းစီးနင်းတိုက်ခိုက်မှုတွင် အစိုးရထောက်ခံသည့် တိုက်ခိုက်ရေးသမား ၃၅ ဦးသေဆုံးကာ ဆေးရုံအမှုထမ်းအချို့လည်း ပြန်ပေးဆွဲခံထားရကြောင်း တက်ကြွလှုပ်ရှားသူများက ပြောသည်။ အိုင်အက်စ်တပ်ဖွဲ့ဝင် ၂၀ ကျော်ထက်မနည်းသေဆုံးကြောင်းလည်း သိရသည်။

စီးနင်းမှုက မြို့အနောက်ပိုင်းရှိ အယ်အာဆတ်ဆေးရုံတွင် ဖြစ်သည်။

တိုက်ပွဲနာရီအတန်ကြာဖြစ်ပြီးနောက် အစိုးရတပ်များက ဆေးရုံအား ပြန်လည်လက်ရလိုက်ကြောင်း သတင်းတွင် ဖော်ပြသော်လည်း ပြန်ပေးဆွဲခံရသူများ၏ ကံကြမ္မာကို မသိရသေးပေ။

ယခုတိုက်ခိုက်မှုအရ တိုက်ပွဲဆုတ်ဆိုင်းမှုများ ရှိနေပေမယ့် အိုင်အက်စ်အဖွဲ့အနေဖြင့် အစိုးရ၏ ပိုင်နက်မြေကို ခြိမ်းခြောက်နိုင်သေးဆဲဖြစ်ကြောင်း ဘီဘီစီသတင်းထောက်က ပြောသည်။

ဒီယာအယ်ဇိုယွာမြို့၏ တစ်ဝက်နီးပါးကို လက်ရထားသည့် အိုင်အက်စ်အဖွဲ့က တစ်မြို့လုံးသိမ်းပိုက်နိုင်ရေး ကြိုးစားနေခြင်းဖြစ်သည်။

အိုင်အက်စ်အဖွဲ့သည် နှစ်နှစ်အတွင်း ယင်းနေရာ၌ အစိုးရထိန်းချုပ်နယ်မြေများကို သိမ်းပိုက်လာခဲ့ပြီး အရပ်သားပေါင်း နှစ်သိန်းခန့် ပိတ်မိနေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly