ပရီးမီးယားလိဂ်တွင် နည်းပြရသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ဟု ဂွါဒီယိုလာကို ပယ်လီဂရီနီ သတိပေး

ပရီးမီးယားလိဂ်တွင် နည်းပြရသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ဟု ဂွါဒီယိုလာကို ပယ်လီဂရီနီ သတိပေး

မေ ၁၄၊ အင်္ဂလန် ။              ။ ရာသီသစ်တွင် မန်စီးတီးအသင်းကို တာဝန်ယူတော့မည့် ဂွါဒီယိုလာအား လက်ရှိ မန်စီးတီးနည်းပြ ပယ်လီဂရီနီက ပရီးမီးယားလိဂ်တွင် နည်းပြရသည်မှာ လွယ်ကူလိမ့်မည် မဟုတ်ကြောင်း သတိပေး ပြောဆိုလိုက်သည်။

ဘိုင်ယန်မြူးနစ်နည်းပြ ဂွါဒီယိုလာသည် ယခုနှစ်ရာသီအကုန်တွင် ဂျာမန်ကလပ်ကို စွန့်ခွာပြီး မန်စီးတီးအသင်းကို တာဝန်ယူကိုင်တွယ်တော့မည် ဖြစ်သည်။

ပယ်လီဂရီနီသည် မန်စီးတီးအသင်းကို ကိုင်တွယ်ခဲ့ရာတွင် ပရီးမီးယားလိဂ်ဖလား၊ အက်ဖ်အေဖလားနှင့် ကက်ပီတယ်ဝမ်းဖလားတို့ကို ရယူနိုင်ခဲ့ပြီး ယခုနှစ်ရာသီတွင် အသင်း၏သမိုင်း၌ ပထမဆုံးအကြိမ်အဖြစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေးနိုင်ခဲ့သည်။

ပယ်လီဂရီနီက 'ဒါက ခင်ဗျားအတွက် ပရီးမီးယားလိဂ်မှာ ပထမဆုံးနည်းပြခွင့်ရခြင်းဆိုရင် တကယ်ကောင်းပါတယ်။ ဂွါဒီယိုလာအကြောင်း ကျွန်တော်မပြောလိုပါဘူး။ ကျွန်တော့်အကြောင်းပဲ ကျွန်တော်ပြောပါမယ်။ ဒီကို ပထမဆုံးရောက်တဲ့ အချိန်တုန်းက အကြောင်းပေါ့။

ဥရောပမှာ နှစ်တွေအများကြီး နည်းပြခဲ့ပြီးတဲ့နောက် စိန်ခေါ်မှုအသစ်အတွက် ပြင်ဆင်လာခဲ့ပါတယ်။ အသေအချာပြောရဲပါတယ်။ ဒီလိဂ်ပြိုင်ပွဲက အလွန်ကို ခက်ခဲ့ပါတယ်။ ဒီအတွက် ဂွါဒီယိုလာလည်း အကောင်းဆုံးလုပ်နိုင်ဖို့ ပြင်ဆင်လာပါလိ့မ်မယ်' ဟု ပြောသည်။

ထို့အပြင် ပယ်လီဂရီနီက ယခုနှစ်ရာသီတွင် အောင်မြင်မှုမရခဲ့ခြင်းမှာ ၁။ လက်စတာအသင်းမှာ ခြေစွမ်းအလွန်ကောင်းမွန်ခဲ့ခြင်း ၂။ ပြိုင်ပွဲများစွာကစားခဲ့ရခြင်း ၃။ ချန်ပီယံလိဂ်တွင် ဆီမီးဖိုင်နယ်အထိ တက်ရောက်ခဲ့ခြင်းနှင့် အာဆင်နယ်၊ စပါးနှင့် မန်ယူတို့က လည်း အခွင့်အရေးမပေးပဲ ယှဉ်ပြိုင်ခဲ့ကြခြင်းတို့ကြောင့် ဖြစ်သည်ဟု ပြောဆိုခဲ့သည်။ ယခုနှစ်သည် အဆင့်လေးအတွင်းဝင်ရန်ပင် အလွန်ခက်ခဲကြောင်း ၎င်းက ဆိုခဲ့သည်။

ရည်ညွှန်း ဂိုးလ်ဒေ့ါကွန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly