မက်ဒရစ်၊ မေ ၁၄ ။ ။ စပိန်နိုင်ငံ မက်ဒရစ်မြို့တော် တောင်ပိုင်းရှိ စွန့်ပစ်တာယာပုံကြီးတွင် မီးအကြီးအကျယ်လောင်၍ အဆိပ်ဖြစ်စေမည့် မီးခိုးငွေ့များကြောင့် အနီးဝန်းကျင်နေ ထောင်ပေါင်းများစွာကို ဘေးလွတ်ရာရွှေ့ပြောင်းထားရသည်။
တာယာပေါင်း ငါးသန်းထက်မနည်း စုပုံထားသည့် ယင်းဟောင်းအမှိုက်ပုံကြီးတွင် မေ ၁၃ ရက် အစောပိုင်းက စတင်မီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်။
ဒေသအစိုးရက အနီးဝန်းကျင်တိုက်ခန်းအဆောက်အအုံများအတွင်း မီးခိုးများ လှိမ့်ဝင်လာနိုင်ခြင်းကြောင့် နေထိုင်သူ ၉၀၀၀ နီးပါးကို နေရပ်ပြောင်းရွှေ့ရန် တိုက်တွန်းထားသည်။ တိုက်ခန်းအဆောက်အအုံများကို စွန့်ကာ ပြောင်းရွှေ့သွားသူပေါင်းက ၈၀၀၀ ခန့်မနည်း ရှိထားသည်။
မီးသတ်တပ်ဖွဲ့ ဒါဇင်များစွာက ရဟတ်ယာဉ်ဖြင့်ပါ မီးကို ထိန်းချုပ်နိုင်ရေး တစ်နေ့လုံး ကြိုးစားငြိမ်းသတ်နေရလျက်ရှိသည်။ တာယာပုံကြီး မီးလောင်ရာမှ မီးခိုးများလိမ့်တက်နေသည်ကို မိုင် ၂၀ အကွာကပင် မြင်တွေ့ရသည်။ မီးလောင်မှုအတွင် ထိခိုက်သေဆုံးမှုသတင်း ယခုအထိ မရှိသေးပေ။
“ယခုမီးလောင်ရတာက တမင်ရှို့မီးဖြစ်နိုင်ပါတယ်။”ဟု မြို့တော်ဝန် ကားလို့စ်ဗယ်လာကွက်စ်က ပြောပြီး ယင်းဒေသတွင် မိုးသည်းသည်းထန်ထန်စွာထားသဖြင့် စိုစွတ်နေချိန် မမျှော်လင့်ဘဲ ယခုကဲ့သို့ မီးအကြီးအကျယ်လောင်ခြင်းဖြစ်ကြောင်း ဖြည့်စွက်ပြောသည်။
၂၅ ဧက ပမာဏ ကြီးမားကျယ်ပြန့်သည့် အဆိုပါတာယာပုံကြီးမှာ ၁၉၉၀ ခုနှစ်အတွင်းက ကုမ္ပဏီတစ်ခုက တာယာအဟောင်းများ စုပုံထားရာမှ တာယာဟောင်းအမှိုက်ပုံကြီးဖြစ်လာခဲ့ခြင်းဖြစ်ကာ ယင်းတာယာပုံကြီးက ကြီးမားလာခဲ့သည်မှာ ဆယ်ပေအမြင့်အထိပင် ရှိနေခဲ့ခြင်းဖြစ်သည်။