မေ ၁၃၊ လန်ဒန်။ ။ စပါးအသင်းသည် နည်းပြ ပိုချက်တီနိုကို ၂၀၂၁ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။
အသက် ၄၄ နှစ်အရွယ်ရှိ ပိုချက်တီနိုသည် ၂၀၁၄ ခုနှစ်က ငါးနှစ်စာချုပ်ဖြင့် စပါးအသင်းသို့ ဆောက်သမ်တန်မှ ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။ ပထမဆုံးရာသီတွင် လိဂ်ဖလားဗိုလ်လုပွဲသို့ ရောက်ရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ပရီးမီးယားလိဂ်တွင် အဆင့်ငါး ရရှိခဲ့သည်။
ယခုနှစ်တွင်မူ ပိုချက်တီနိုသည် စပါးအသင်းကို ပရီးမီးယားလိဂ်တွင် အနိမ့်ဆုံးအဆင့်သုံးရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည်။ 'ဒါက အစပဲရှိသေးတယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်' ဟု ပိုချက်တီနိုက ပြောသည်။
စပါးအသင်းသည် ယခုနှစ်ရာသီတွင် ချယ်လ်ဆီးအသင်းနှင့် ၂-၂ သရေကျခဲ့သည့် ပွဲမတိုင်မီအထိ ပရီးမီးယားလိဂ်ချန်ပီယံဆုကို စိန်ခေါ်နိုင်ခဲ့သည်။ ပိုချက်တီနိုသည် အင်္ဂလန်လူငယ် ကစားသမားများဖြစ်သော ဒီယာ၊ ဟယ်ရီကိန်း၊ အယ်လီတို့၏ အားဖြင့် အသင်းကို လျှင်မြန်ပြီး ကြံ့ခိုင်သော အသင်းဖြစ်အောင် တည်ဆောက်နိုင်ခဲ့သည်။
'ကျွန်တော်တို့မှာ ကာလရှည်စီမံကိန်း ရှိပါတယ်။ အနာဂတ်မှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ကြီးမားတဲ့ ယုံကြည်မှု ရှိပါတယ်။ ဒီအသင်းက စပါးအသင်းရဲ့သမိုင်းမှာ အကောင်းဆုံး အသင်းတစ်သင်း ဖြစ်လာလိမ့်မယ်လို့လည်း ယုံကြည်ပါတယ်' ဟု ပိုချက်တီနိုက ပြောဆိုခဲ့သည်။
ရည်ညွှန်း ဘီဘီစီ