အပူချိန်မြင့် မားလာမှုကြောင့် မိတ္ထီလာရှိ တက္ကသိုလ်တစ်ခု ကျောင်းတက်ချိန်ပြောင်းရွှေ့

အပူချိန်မြင့် မားလာမှုကြောင့် မိတ္ထီလာရှိ တက္ကသိုလ်တစ်ခု ကျောင်းတက်ချိန်ပြောင်းရွှေ့

ရန်ကုန်၊ မေ ၁၂ ။            ။ ယခုနွေရာသီတွင် အယ်လ်နီညိုကြောင့် အပူချိန် မြင့်မားသည့်အတွက် မိတ္ထီလာရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှာ ကျောင်းတက်ချိန်ကို ယာယီပြောင်းရွှေ့ထားရသည်။

ပုံမှန်ကျောင်းချိန်မှာ နံနက် ၈ နာရီမှ ညနေ ၄ နာရီထိဖြစ်ပြီး ယခုချိန်တွင် ရာသီဥတုပူပြင်းမှုကြောင့် မေလကုန်ထိ ကျောင်းတက်ချိန်ကို နံနက် ၇ နာရီမှ ၁၂ နာရီခွဲထိ ယာယီပြောင်းလဲ သင်ကြားနေကြောင်း အဆိုပါ တက္ကသိုလ်၏ တာဝန်ရှိသူ တစ်ဦးက မဇ္ဈိမကို ပြောသည်။

“အချိန်တွေကို ပြောင်းလဲလိုက်ပေမယ့် ဘာသာရပ်တွေက မလျော့ပါဘူး။ စာသင်ချိန်ကိုလျော့လိုက်တာပါ။ ခါတိုင်း စာသင်ချိန်ကြားတွေမှာ ကျွန်တော်တို့က break time (ထမင်းစားနားချိန်)ကို ၁၀မိနစ်စီ ပေးတယ်လေ။ အခုကတော့ အဲ့ ၁၀မိနစ်တွေကိုပေါင်းပြီးတော့ အချိန်ကိုလျော့လိုက်တာပါ ” ဟု မိတ္ထီလာရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်မှ ပါမောက္ခချုပ်က ဖြေကြားသည်။

“အဓိကကတော့ ကျောင်းသားတွေရဲ့ ကျန်းမာရေးကြောင့်ပါ။" ဟုလည်း ၎င်းက ဆက်ပြောသည်။

ယခုတစ်ပတ် မိတ္ထီလာမြို့၏ အပူချိန်သည် ၄၂ ဒီဂရီ နှင့် ၄၄ဒီဂရီ ကြားရှိနေသည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် ဘာသာရပ်ခြောက်ခုရှိပြီး ပထမနှစ်မှ BE အထိ စုစုပေါင်းခြောက်နှစ် တက်ရောက်ရပြီး ယခုနှစ်အထိဘွဲ့ကြို၊ ဘွဲ့လွန်ကျောင်းသား၊ ကျောင်းသူပေါင်း ၆ဝဝကျော် ပညာသင်ကြားလျက် ရှိသည်။  

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly