စီးပွားရေးနယ်ပယ်တွင် အမျိုးသမီးအခန်းကဏ္ဍ ပိုမိုကျယ်ပြန့်ရန် ဆွေးနွေးပွဲ လုပ်မည်

စီးပွားရေးနယ်ပယ်တွင် အမျိုးသမီးအခန်းကဏ္ဍ ပိုမိုကျယ်ပြန့်ရန် ဆွေးနွေးပွဲ လုပ်မည်
၂၀၁၄ခုနှစ် ဒီဇင်ဘာလက ရန်ကုန်မြို့တွင် ပြုလုပ်သည့် အမျိုးသမီးခေါင်းဆောင်မှုဆိုင်ရာ ဆွေးနွေးပွဲ တစ်ခုကို တွေ့ရစဉ်။ (ဓာတ်ပုံ-မဇ္ဈိမ)

ရန်ကုန်၊ မေလ ၁၂ ။          ။ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍများကို မြှင့်တင်ပေးနိုင်ရန်နှင့် စွမ်းဆောင်နိုင်သည့် အခွင့်အလမ်းများပိုမိုရရှိလာရန် ရည်ရွယ်ပြီး သြစတြေးလျ-မြန်မာကုန်သည်ကြီးများ အသင်းက ကြီးမှူးပြီး ဆွေးနွေးဖလှယ်ပွဲကို ရန်ကုန်မြို့တွင် ကျင်းပမည်ဖြစ်သည်။

သြစတြေးလျ-မြန်မာကုန်သည်ကြီးများအသင်းနှင့် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းများက ပူးပေါင်းပြီး ပြုလုပ်မည့် Women in Business & Leadership Development ဆွေးနွေးပွဲ နှင့် ညစာစားပွဲကြီးကို ရန်ကုန်မြို့ရှိ၊ ParkRoyal ဟိုတယ်၌ ကျင်းပသွားမည်ဖြစ်သည်။

“မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အမျိုးသမီးတွေရဲ့ပူးပေါင်းပါဝင်မှုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးနိုင်တဲ့အပြင် ကဏ္ဍအသီးသီးဖွံ့ဖြိုးမှုကိုလည်း အရှိန်အဟုန်မြှင့်တင် ပေးနိုင်တဲ့အတွက် နိုင်ငံက အကောင်အထည်ဖော်လုပ်ဆောင်နေတဲ့ ရည်မှန်းချက်တွေကို အလျင်အမြန် ရရှိလာနိုင်ပါတယ်” ဟု သြစတြေးလျ-မြန်မာ ကုန်သည်ကြီးများအသင်း၏ အမှုဆောင်အရာရှိချုပ် Verity Lomax ၏ ပြောကြားချက်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းပွဲတွင် စီးပွားရေးလုပ်ငန်းများ၌ အောင်မြင်နေသည့် အမျိုးသမီး၏ ကဏ္ဍအကြောင်း၊ မြန်မာနိုင်ငံတွင်းရှိ မတူညီသည့် စီးပွားရေးနယ်ပယ်များနှင့် အဖွဲ့အစည်းအသီးသီးတွင် လုပ်ကိုင်နေသည့် အမျိုးသမီးများ ဖန်တီးရရှိနိုင်သည့် အခွင့်အလမ်းများ အပြင် စွန့်ဦးတီထွင်လုပ်လိုသူများ၊ ခေါင်းဆောင်အဖြစ်လုပ်ကိုင်လိုသူများအတွက် လက်တွေ့ကျသည့်အကြံဉာဏ်များ သိနိုင်ရန် ဆွေးနွေးသွားမည်ဟု သိရသည်။

အခမ်းအနားကို မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျသံအမတ် H.E. Nicholas Coppel က ဖွင့်လှစ်ပေးမည်ဖြစ်ပြီး KBZ ကုမ္ပဏီများအုပ်စု၊ Hilton၊ Wave Money နှင့် ဧရာဝတီဘဏ်မှ အလုပ်အမှုဆောင်များက ‘The Business Case for Gender Equality’ ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲတွင် ပါဝင်မည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly