Up and Down သတင်းစာ

System Break down ဆိုတဲ့ သိုးဆောင်းစကားလုံးတစ်လုံး တိုးလာတာကလွဲလို့ အစိုးရသစ် လက်ထက်တော်ကြီးမှာလည်း မီးပျက်တာက မီးပျက်တာပါပဲခင်ဗျာ။ မောင်မှန် သိတပြုမိတာ တစ်ချက်က အခု System Break Down မှုဟာ ဧပြီ ၁ ရက် နောက်ပိုင်းမှာမှ ပိုပြီး စိပ်လာသလား လို့ပါ။ ပြီးခဲ့တဲ့ အပတ်ထုတ် ဂျာနယ်တစ်စောင်မှာ ဖတ်ရတာက အရင်အစိုးရလက်ထက်က လျှပ်စစ် ဓာတ်အားပေး လုပ်ငန်းလုပ်ပိုင်ခွင့် လွှဲပြောင်းရယူထားတဲ့ ကုမ္ပဏီတွေရဲ့ အားနည်းချက်ကြောင့် မီးခဏခဏ ပျက်နေတာလို့ ကျော်တံတားမြို့နယ် EPC က သိရတယ်ဆိုတဲ့ သတင်းပါ။ ပြောပြသူက အဲ့ဒီမြိုကနယ်ရဲ့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ပြာပဲ ဖြစ်ပါတယ်။ အော်..... အကြောင့်များ တိုင်းဆိုင်ချင်တော့ အစိုးရသစ်လက်ထက်ရောက်မှပဲ ဝန်ဆောင်မှု အားနည်းရတယ်လို့၊ ဒို့ခေတ်ရောက်မှ ပျက်ကြတတော့မှာလားပေါ့။ (သူတို့ခေတ်တုန်းက ဒီလောက်မှ မပျက်ဘဲလေ။ ဟုတ်ဘူးလား။)

ကလေးတွေကတော့ မောမှန်တို့ ငယ်ငယ်ကလိုပါပဲ။ မီးပျက်ရင် ဟားကနဲ၊ မီးလာရင် ဟေးက နဲ အော်ကြဆဲပါပဲ။ (ခုခေတ် အခေါ်အပြောအရတော့ down ရင်ဟာ၊ up ရင် ဟေးပေါ့) ဆရာကြီး ကာတွန်းဦးဟိန်းစွန်းရဲ့ ဆေးကြောငြာတစ်ခုလို ဆေးမစားမီပုံနဲ့ ဆေးစားပြီးပုံလို ခံစားကြရတာပေါ့။ အလကားနေရင်း စိတ်လှုပ်ရှားနေရတဲ့ အရသာမျိုးဟာ မောင်မှန်တို့ ဗမာပြည်မှာမှ ရနိုင်တာမျိုးက လား။ မီးလာနေရင် ဘယ်တော့ ပျက်မလဲလို့ တထိတ်ထိတ်နဲ့ စိုးရိမ်ရ၊ ပျက်သွားရင်လည်း ဘယ်တော့ ပြန်လာမလဲလို့ တရိပ်ရိပ်နဲ့ မျှော်ရ၊ ကြော်င့ကြများလှပါတယ်။ (ဇာတ်လမ်းတွဲများ၊ ကြည့်နေတုန်းဆို ပိုဆိုးပေါ့) တကယ့်ကို ပန်းသီးဖီလင်နဲ့ မရမ်းသီး ဖီလင်ပဲ။

မနှစ်တုံးက စတုတ္ထတန်းနဲ့ အဋ္ဌမတန်း ကလေးတွေအတွက်လည်း အဲ့ဒီဖီလင်က ရှိသေးသဗျ။ လေးတန်းနဲ့ ရှစ်တန်းက အစိုးရစ်မို့လား။ (ဘာရယ်မဟုတ်ဘူး၊ အွန်လိုင်းကာတွန်းလေးတစ်ပုဒ်ကို သတိရလိုက်မိသေးတယ်။ ကလေးလေးတစ်ယောက်က ဆရာမကို ခုလို မေးနေတဲ့ပုံ၊ ဆရာမ ဆရာမ လေးတန်းနဲ့ ရှစ်တန်းက အစိုးရစစ်ဆိုတော့ သားတို့သူငယ်တန်းကျ သူပုန်က စစ်မှာလားတဲ့။ ရယ်စရာ သက်သက်ပါ ထားတော့) အစိုးရစစ်ဆိုတော့ ၂၀၁၅ တုန်းက ကုစားရှိတယ်။ ၂၀၁၆ ကျတော့ စာမေး ပွဲမတိုင်ခင် ကုစားရှိတယ်လုပ်လိုက်၊ မရှိဘူးပြောလိုက်နဲ့ down  လိုက် up လိုက် ဖြစ်နေရာက အဆုံး သတ်မှာ down သွားပါတယ်။ ကုစားမရှိဘူးတဲ့။ မအောင်ရင် အကျပဲတဲ့။ မိဘတွေရော ကျောင်းသား တွေပါ ပျာပျာသလဲ ကြိုစားစားရပါတော့တယ်။ ကျူရှင်တွေလည်း အပြင်းအထန် ဖိအားပေး သင်ကြား ကြပါတော့တယ်။ (အဲ့ဒီအချိန်တုန်းကလည်း ဒီအကြောင်း မောင်မှန် ရေးခဲ့ပြီးပါပြီ)

အခု လေးတန်း၊ ရှစ်တန်း အောင်စာရင်းတွေလည်း ထွက်ပြီးရော ကုစားရှိတယ် ဖြစ်ပြန်ပါရော။ ဒီနေရာမှာ မောင်မှန်ပြောချင်တာ ကလေးတွေ စာကြိုးစားတာ၊ မကြိုးစားတာ မဟုတ်ပါဘူး။ ပညာရေး စနစ်ရဲ့ မူမမှန်ပုံကိုကိုသာပါ။ ခုတစ်မျိုး တော်ကြာတစ်မျိုးဆိုတာ တကယ့်ကို မှန်နေတာပါလားခင်ဗျာ။ ပန်းသီးဖြစ်လိုက်၊ မရမ်းသီးဖြစ်လိုက်နဲ့ ကုစားဖြေပြီး ငါးတန်း၊ ကိုးတန်းတက်တဲ့ အချိန်ကျမှ တစ်ခါ စိတ်ကူးပေါက်ပြီး ကုစားဖြေခဲ့တာ တရားမဝင်ဘူး။ လေးတန်း၊ ရှစ်တန်း ပြန်ဆင်းတော့ လုပ်ချလိုက်ရင် အခက်နော်။

ခုတစ်မျိုး တော်ကြာတစ်မျိုး ကိစ္စလေးတစ်ခု တင်ပြပါဦးမယ်။ နိုင်ငံပိုင် သတင်းစာကြီးတွေရဲ့ မျက်နှာဖုံးထိပ်မှာ ဗုဒ္ဓဘာသာ အဆိုအမိန့်တွေ၊ တရားတော်တွေ၊ ဓမ္မပဒ ကောက်နှုတ်ချက်တွေ စသဖြင့် တစ်ခုခု ပါလေ့ရှိပါတယ်။ ဒါပေမယ့် အသွင်သစ် သတင်းစားတွေအဖြစ် ပြောင်းလဲပြီးနောက် ပိုင်းမှာ အဲဒါတွေ မပါတော့ပါဘူး။ ဘာကြောင့် ဖြုတ်လိုက်ရတယ်ဆိုတဲ့ ရှင်းလင်းချက်ကိုလည်း မောင်မှန် သဲ့သဲ့ ကြားလိုက်ပါတယ်။ ထုံးစံအတိုင်း ထောက်ခံသံတွေရော ကန့်ကွက်သံတွေပါ ပွတ်လောရိုက် ပေါ်ထွက်လာခဲ့ပါတယ်။ ထောက်ခံသံတွေက ပုံမှန်ပေမယ့် ကန့်ကွက်သံတွေက ပြင်းထန်ပါတယ်။

ယုတ်မာတယ်ဆိုတဲ့ ရင့်ရင့်သီးသီး အသုံးအနှုန်းတွေတောင် ပါပါတယ်။ တရားတွေ တွေ သတင်းစားမှာ ပါနေတုန်းက သတိတောင် မထားမိတဲ့ လူစားမျိုးတွေကလည်း ဒီလိုပွဲမျိုးကျ လက်လွတ်မခံပါဘူး။ ဝင်ရောက်ဆင်နွှဲကြပါတယ်။ တရားတော်က သပ်သပ် လူက သပ်သပ် ငနဲမျိုး တွေကလည်း ခုမှပဲ ကိုးကွယ်ရာ အဖျက်ဆီးခံလိုက်ရတဲ့ပုံနဲ့ ပေါက်ကွဲပြကြပါတယ်။ ဒါတွေကြောင့်ပဲ လားတော့ မသိပါဘူး။ သိပ်မကြာခင်မှာပဲ တရားတော်တွေ၊ ဓမ္မပဒတွေ သတင်းစာထိပ်ထောင့်မှာ ပြန်ပါလာပါတယ်။ မောန်မှန်ဟာ ဗုဒ္ဓဘာသာဆိုတော့ သတင်းစာမှာ အဲဒါတွေပါရင် ဖတ်ဖြစ်ပေမယ့် မပါရင်လည်း ဘယ်လိုမှ မခံစားရပါဘူး။ တရားစာအုပ်တွေ မောင်မှန့်မှာ အများကြီးပါ။ ဖတ်ချင်စိတ် ပေါ်ရင် အဲဒါတွေ ဖတ်ရုံပါပဲ။ သတင်းစာလိုက်ရှာပြီး ဖတ်စရာမလိုပါဘူး။ သတင်းစာဆိုတာ သတင်းပါ ရင်တော်ပြီပေါ့။ သတင်းစာထုတ်တယ်ဆိုတာ ကိုယ့်ဝါဒအပေါ်မှာ ခိုင်ခိုင်မာမာ မရပ်တည်နိုင်ရင် ရေရှည်ခံဖို့ မလွယ်ပါဘူး။ ဒါပေမဲ့လည်း ပြဿနာမရှိပါဘူး။ နိုင်ငံပိုင်သတင်းစာဆိုတာ မောင်မှန်တို့ ပြည်သူ့ဘဏ္ဍာတွေနဲ့ ထုတ်တာ မဟုတ်လား။

အသွင်ပြောင်း သတင်းစာတွေရဲ့ နောက်ထပ် မူဝါဒဆိုင်ရာ ပြဿနာတစ်ခုကိုလည်း မောင်မှန် မေးခွန်းထုတ်ပါရစေဦး။ ၃၁-၃-၁၆ ရက်နေ့ထုတ် အသွင်ပြောင်း ကြေးမုံသတင်းစာရဲ့ အယ်ဒီတာ့အာ ဘော်က စာသားအချို့ကို ကြည့်ကြရအောင်ပါ။ "၁၉၆၂ ဒီမိုကရေစီ ဆိတ်သုဉ်းချိန်ကစပြီ အာဏာရှင် စနစ် ဆန့်ကျင်ရေးတိုက်ပွဲ အဆက်ဆက်မှာ အသက်သွေးချွေး ပေးခဲ့ကြသည့် ပြည်သူများကို အလေး ပြု လွမ်းဆွတ်ရင်း ဒီမိုကရေးစီပန်းတိုင်ကို လှမ်းမျှော်ကြည့်နေနိုင်ကြပါပြီ။ အာဏာရှင်အစိုးရအဆက် ဆက်က အလွဲအမှားများ၊ အဂတိလိုက်စားမှုများ၊ ကိုယ်ကျိုးရှာ အခွင့်ထူ ခံမှုများကြောင့် ဖြစ်ခဲ့ရသည့် နိုင်ငံတော်တစ်ခုလုံး ယိုယွင်းပျက်စီး ချွတ်ခြုံကျမှုများက တင်းကြမ်း" တဲ့။

အဲ့ဒီသတင်းစာထွက်ပြီး တစ်လနဲ့လေးရက်အကြာ ၅-၅-၁၆ နေ့ထုတ် ကြေးမုံသတင်းစာရဲ့ အယ်ဒီတာ့အာဘော်မှာ ဖော်ပြတာတွေက "မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး သမိုင်းကြောင်း တစ်လျှောက်တွင် ပြည်ပကျူးကျော်မှု၊ ပြည်တွင်း လက်နက်ကိုင်အင်အားစုတို့၏ နယ်မြေဒေသ မတည်ငြိမ် မှု အန္တရာယ်တို့ကိုလည်း တပ်မတော်ကပင် တွန်းလှန်ဖယ်ရှားပေးခဲ့ရသည်။ တိုင်းပြည်ကြီး တစ်စည်း တစ်လုံးတည်း ရှိနေစေရေး ဆောင်ရွက်ရာတွင် တပ်မတော်အခန်းကဏ္ဍမှာ အရေးပါသည်မှာ မှန်သည်ကို ပထမ မြန်မာနိုင်ငံ၊ ဒုတိယ မြန်မာနိုင်ငံ၊ တတိယ မြန်မာနိုင်ငံ ဖြစ်တည်ခဲ့မှု သမိုင်းကြောင်း အစဉ်အလာများ ရှိခဲ့သည်ကို မှတ်သားဖူးသည်။ တပ်မတော်သည် လက်နက်အားကိုဖြင့် ဗိုလ်ကျစိုး မိုးနေသော သဘောမဟုတ်" တဲ့။

တစ်စောင်တည်းသော သတင်းစာရဲ့ တစ်လနဲ့ လေးရက်ပဲခြားတဲ့ အာဏာတော်နှစ်ခုကြောင့် မောင်မှန်ဖြင့် ဦးနှောက်စားရပါပြီခင်ဗျာ။ မောင်မှန်ဟာ သမိုင်းမသိတဲ့ လူအဆိုတော့ ပိုပြီး ရှုပ်ထွေး ရတာပေါ့။ ၁၉၆၂ မှာ ဒီမိုကရေစီ ဆိတ်သုဉ်းခဲ့ရတာ ဘယ်သူ့ကြောင့်လဲ။ အာဏာရှင်အစိုးရအဆက် ဆက်ဆိုတာ ဘယ်အစိုးရတွေကို ပြောတာလဲ။ တပ်မတော်အခန်းကဏ္ဍ အရေးပါတာ မှန်တယ်ဆိုတာ ဘာကြောင့်လဲ။ စတဲ့ မေးခွန်းတွေနဲ့ မောင်မှန် ချာချာလည်နေပါပြီ။ အော်.....နိုင်ငံပိုင်သတင်းစာ၊ သတင်းစာအားလုံး လွယ်လွယ်ပါပဲလား။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly