အမျိုးသမီးဖူဆယ်အသင်း လူစာရင်းတွင် သန်းသန်းထွေးအား ဒဏ်ရာကြောင့် ချန်လှပ်

အမျိုးသမီးဖူဆယ်အသင်း လူစာရင်းတွင် သန်းသန်းထွေးအား ဒဏ်ရာကြောင့် ချန်လှပ်
မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်း သုဝဏ္ဏလေ့ကျင့်ရေးကွင်း၌ လေ့ကျင့်မှုများပြုလုပ်နေစဉ် (ဓာတ်ပုံ - ရွှေဘုတ်)

မေ ၉ ၊ ရန်ကုန် ။           ။ ၂၀၁၆ အာဆီယံဖူဆယ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲအတွက် မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း ကစားသမား ၂၅ ဦးရွေးချယ်ခဲ့ကာ လက်ရွေးစင်ကစာသမားဟောင်း သန်းသန်းထွေး ဒဏ်ရာကြောင့်ချန်လှပ်ခံခဲ့ရသည်။

အသက် ၂၉ နှစ်အရွယ်ရှိ သန်းသန်းထွေးသည် ပြီးခဲ့သည့် အာရှဖလားပြိုင်ပွဲတွင် ဒူးဒဏ်ရာ ရရှိခဲ့ကာ ကာလရှာကြာ နားခဲ့ရသလို မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်းတွင်လည်း အနားယူခဲ့ပြီးနောက် ယခုတစ်ဖန် ဖူဆယ်အမျိုးသမီးအသင်းတွင် ပါဝင်ခွင့်ရရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

“ ကျွန်တော်တို့ အနေနဲ့ အမျိုးသမီးဖူဆယ်ဖွဲ့မယ်ဆိုတော့ လက်ရွေးစင်ကစားသမားဟောင်းတွေနဲ့ အရင်ဖူဆယ်ကစားတဲ့ ကလေးတွေရယ် အား/ကာ သိပ္ပံက ကလေးတွေရယ် ကို ပြန်စုရပါတယ်။ ဒီမှာက အမျိုးသမီးကစားသမားရှားတဲ့အတွက် ရွေးချယ်ရတာတော့ အခက်အခဲရှိပါတယ်။

အရင်က ပဏာမ ၃၈ ယောက်ကနေ အခုပြိုင်ပွဲအတွက် ၂၅ ယောက် လူစာရင်းဖြတ်တာပါ။ သန်းသန်းထွေးကတော့ သူ့ဒဏ်ရာကြောင့် လေ့ကျင့်ခန်းလာမဆင်းနိုင်တဲ့အတွက် ချန်လှပ်ခဲ့ရတာပါ။ လက်ရွေးစင်ဟောင်းထဲက စန်းစန်းမော်တို့ နီလာမြင့်တို့ ဆိုရင်တော့ အားကိုးရပါတယ်။

သူတို့အတွေ့အကြုံကောင်းတွေနဲ့ ကလေးတွေနဲ့ ပေါင်းစပ်ပြီးတော့ အသင်းကို အကောင်းဆုံးဖြစ်အောင်တော့ ပြင်ဆင်နေပါတယ် ” ဟု မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းနည်းပြ ဦးဌေးမြင့်က ပြောသည်။

မြန်မာ့လက်ရွေးစင်အမျိုးသမီးဖူဆယ်အသင်းကို နည်းပြချုပ်အဖြစ် ဦးဌေးမြင့်က တာဝန်ယူဆောင်ရွက်မည် ဖြစ်ပြီး ကစားသမား ၂၅ ဦးဖြင့် မေလ ၉ ရက်မှ စတင်ကာ လေ့ကျင့်မှုများ စတင်ပြုလုပ်သွားမည့်အပြင် ဇွန်လအတွင်း၌လည်း ထိုင်းနိုင်ငံသို့ ခြေစမ်းခရီးစဉ် သွားရောက်မည် ဖြစ်သည်။

၂၀၁၆ အာဆီယံအမျိုးသမီးဖူဆယ်ကလပ် ချန်ပီယံရှစ်ပြိုင်ပွဲကို မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် ဇူလိုင်လ ၁၀ ရက်မှ ၁၆ ရက်အထိ နေပြည်တော်ဖူဆယ်အားကစားရုံတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly