မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း ပဏာမကစားသမား ၃၀ ဦးဖြင့် စတင်ဖွဲ့စည်း

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်း ပဏာမကစားသမား ၃၀ ဦးဖြင့် စတင်ဖွဲ့စည်း
အသက် ၁၉ နှစ်အောက် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း လူရွေးပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ-ရွှေဘုတ်)

မေ ၉ ၊ ရန်ကုန် ။             ။ ၂၀၁၆ အာဆီယံ ယူ-၁၉ ပြိုင်ပွဲအတွက် အသက် ၁၉ နှစ်အောက် မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းအား ပဏာမကစားသမား ၃၀ ဦးဖြင့် မေလ ၉ ရက်မှ စတင်ကာ ဖွဲ့စည်းလိုက်သည် ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တရားဝင်ထုတ်ပြန်လိုက်သည်။

အဆိုပါ ပဏာမကစားသမား ရွေးချယ်ရန်အတွက် မြန်မာနေရှင်နယ်လူငယ်လိဂ်မှ ကစားသမားများအား မေလ ၂ ရက်မှ ၄ ရက်အထိ သုဝဏ္ဏလေ့ကျင့်ရေးကွင်း (၁) တွင် လူရွေးချယ်မှုများ ပြုလုပ်ခဲ့သည်။

ယင်းပဏာမကစားသမား ၃၀ ဦးတွင် ပြီးခဲ့သည့် ၂၀၁၅ အာရှ ယူ-၁၉ ခြေစစ်ပွဲမှ အဓိကကစားသမားများဖြစ်သည့် ဘုန်းသစ္စာမင်း၊ စစ်မင်း၊ ရဲရင့်အောင်၊ အောင်ကောင်းမာန် အစရှိသည့် ကစားသမားများလည်း ပြန်လည် ပါဝင်လာခဲ့သည်။

“ လူရွေးပွဲလုပ်တယ်ဆိုတာက နောက်ထပ်လူသစ်များ ထပ်ထွက်လာဦးမလား ဆိုတဲ့ သဘောနဲ့ ရှာတဲ့သဘောပါ။ တော်တော်များများ လာရွေးတဲ့ကလေးတွေက သူတို့ သက်ဆိုင်ရာကလပ်မှာ ခြေစွမ်းရှိပြီး အသက်မှီတဲ့ ကလေးတွေက အသင်းတွေက စေလွှတ်ပေးတာပါ။

လူငယ်တွေရဲ့ ကြိုးစားအားကတော့ အားရကျေနပ်ပါတယ်။ အသင်းလိုက် စုစည်းမှုရှိအောင်တော့ လေ့ကျင့်မှုတွေ ပုံမှန်ပြုလုပ်သွားမှာပါ။ ကြားထဲမှာ အသင်းက တာဝန်ရှိသူတွေအားလုံးနဲ့ တိုင်ပင်ပြီး ပြည်တွင်း၊ ပြည်ပ ခြေစမ်းပွဲတွေ စီစဉ်ဖို့ ရှိပါတယ်။

အာဆီယံပြိုင်ပွဲအတွက်တော့ အကောင်းဆုံးပြင်ဆင်မှု လုပ်သွားမှာပါ ” ဟု နည်းပြချုပ် ဦးမျိုးလှိုင်ဝင်းက ပြောသည်။

မြန်မာ့လက်ရွေးစင် ယူ-၁၉ အသင်းသည် လက်ရှိတွင် နည်းပြချုပ်အဖြစ် နေပြည်တော်ကလပ်အသင်းနည်းပြဟောင်း ဦးမျိုးလှိုင်ဝင်းက တာဝန်ယူဆောင်ရွက်သွားမည် ဖြစ်ပြီး လက်ထောက်နည်းပြအဖြစ် ဦးအောင်ကျော်ထွန်း၊ ဂိုးနည်းပြအဖြစ် ဦးဇော်ဝင်းနိုင်တို့က ဆောင်ရွက်သွားမည် ဖြစ်သည်။

၂၀၁၆ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ပြိုင်ပွဲကို အိမ်ရှင်အဖြစ် ဗီယက်နမ်နိုင်ငံတွင် လက်ခံကျင်းပသွားမည် ဖြစ်ပြီး စက်တင်ဘာ ၁၁ ရက်မှ ၂၄ ရက် အထိ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာ ယူ-၁၉ အသင်း ကစားသမားများ

ဂိုး – ဘုန်းသစ္စာမင်း(ရှမ်းယူနိုက်တက်)၊ ဆန်းဆက်နိုင် (MFF Youth)၊ထွန်းအောင်ကျော်(Horizon)၊ဟိန်းထက်ကျော်(ရတနာပုံ)။

နောက် –ဟိန်းဖြိုးဝင်း၊ရဲမင်းသူ၊မြတ်မင်းသူ (ရှမ်းယူနိုက်တက်)၊မင်းရဲထွဋ်(ရခိုင်ယူနိုက်တက်)၊သူရိန်စိုး(ရန်ကုန်ယူုနိုက်တက်)၊ ရဲရင့်အောင်၊ကျော်သူထွန်း(ရတနာပုံ)၊စိုးမိုးထွန်း(MFFYouth)၊ဝင်းမိုးကျော်၊ချမ်းမြေ့ထွန်း (မကွေး)၊  ထိုးရယ်(နေပြည်တော်)၊ ၊ကျော်စွာဝင်း(ဇွဲကပင်ယူနိုက်တက်)။

လယ် –သက်အောင်(ဟံသာဝတီ)၊အောင်မိုးသူ(MFF Youth)၊မြင့်ထွန်းနိုင် (မကွေး)၊ ဈာနေယျသူ၊မင်းသူ(ရှမ်းယူနိုက်တက်)၊ အာကာ(မြဝတီ)၊ကောင်းချစ်နိုင်(ဆောက်သမ်းမြန်မာ)၊စစ်မင်း(ရန်ကုန်ယူုနိုက်တက်)၊ဥက္ကာမောင်(Horizon)။

ရှေ့ – အောင်ကောင်းမာန်(ဧရာဝတီ)၊စအောင်ပြည့်ကို(ရှမ်းယူနိုက်တက်)၊ဇွဲသက်ပိုင်(MFFYouth)၊ဇော်ပေါက်(ဇေယျာရွှေမြေ)၊ ချမ်းငြိမ်း(ဆောက်သမ်းမြန်မာ)။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly