လာမည့်နှစ်ချန်ပီယံလိဂ်တွင် လက်စတာသည်အန္တရာယ်ပေးနိုင်သည့်အသင်းဟု ပြိုင်ဘက်များကို ရေနီရာရီသတိပေး

လာမည့်နှစ်ချန်ပီယံလိဂ်တွင် လက်စတာသည်အန္တရာယ်ပေးနိုင်သည့်အသင်းဟု ပြိုင်ဘက်များကို ရေနီရာရီသတိပေး

မေ ၉၊ လက်စတာ ။               ။ ကလပ်အသင်း၏ လက်ရှိပုံရိပ်အခြေအနေကြောင့် လာမည့်နှစ်တွင် ချန်ပီယံလိဂ်ဝင်အသင်းများက လက်စတာနှင့် ဆုံတွေ့လိုကြမည်ဖြစ်သော် လည်း ဖျက်မြင်းအသင်းဆိုသည်မှာ အန္တရာယ်ပေးနိုင်စွမ်းရှိသည်ဟု နည်းပြရေနီရာရီက သတိပေးပြောဆိုလိုက်သည်။

ချန်ပီယံလိဂ်တွင် လက်စတာအသင်းဗိုလ်စွဲနိုင်ချေအလေးပေးဖွင့်လှစ်မှုမှာ ယခုနှစ်ပရီးမီးယားလိဂ်တွင်ဗိုလ်စွဲနိုင်ချေဖွင့်လှစ်ခဲ့မှုထက် အဆ ၁၀၀ နည်းပါးပြီး ၅၀ လေး ၁ လေးဖွင့်လှစ်ခံထားရမှုမှာလည်း အသင်း၏လက်ရှိလုပ်အားနှုန်းကြောင့်ဟု ရေနီရာရီက ယုံကြည်နေသည်။

"ဒီအသင်းဟာ ဗိုလ်စွဲဖို့သိပ်ခက်တဲ့ ချန်ပီယံရှစ်မှာ လွန်ခဲ့တဲ့သုံးနှစ်ကဗိုလ်စွဲထားခဲ့သလို ဒီနှစ်မှာလည်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့လို့ လုပ်အားနှုန်းအပေါ် ကျွန်တော်ယုံကြည်မှုအပြည့်ရှိပါ တယ်။ တစ်ချိန်လုံး မလျှော့တမ်းကြိုးစားနေခဲ့တဲ့အသင်းပါ။

ကစားသမားကောင်းတစ်ချို့ရှာတွေ့ပြီး လူစားလဲတာတွေလုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ရာသီမှာ ဖလားပြိုင်ပွဲသုံးခုနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲ ကစားရမှာဆိုတော့ ကောင်းမွန်တဲ့လူစားလဲမှုလုပ်နိုင်ဖို့နဲ့ ကစားသမားအချို့ကိုအနားပေးနိုင်ဖို့ သိပ် အရေးကြီးလာပါပြီ။

ချန်ပီယံလိဂ်အုပ်စုမဲခွဲတဲ့အခါ ကျွန်တော်တို့နဲ့တွေ့ချင်တဲ့အသင်းတွေ အများကြီးရှိမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့က ဥရောပပြိုင်ပွဲကို ပထမဆုံးကစားဖူးတာဖြစ်လို့ ဖျက်မြင်းအသင်းလောက်သာ သူတို့ယူဆနိုင်လို့ပါ။

ကျွန်တော်တို့ ဖျက်မြင်းအသင်းဖြစ်သလို အန္တရာယ်လည်းရှိတဲ့အသင်းပါ။ ဖျက်မြင်းအသင်းတွေဟာ အန္တရာယ်ရှိတဲ့အသင်းတွေဖြစ်လာနိုင်ပါ တယ်။ လက်ရှိချန်ပီယံဆုတံဆိပ်ကို ကျွန်တော်အိမ်မှာ သိမ်းထားမယ်။ အခြေအနေဆိုးတွေကြုံရတဲ့အခါ အဲဒါကိုထုတ်ပြပြီး အသင်းသားတွေကို စိတ်ဓါတ်မြှင့်တင်ပေးမယ်"ဟု ရေနီရာရီက ပြောသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly