ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ကွန်ပနီ ယူရိုပြိုင်ပွဲလွဲမည်

ဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ကွန်ပနီ ယူရိုပြိုင်ပွဲလွဲမည်

မေ ၈၊ မန်ချက်စတာ။             ။ ဘယ်လ်ဂျီယံနှင့် မန်စီးတီးအသင်းခေါင်းဆောင် ကွန်ပနီသည် ယူရို ၂၀၁၆ ပြိုင်ပွဲကို ပေါင်ခြံဒဏ်ရာကြောင့်လွဲမည်ဟု ကစားသမား၏ facebook တွင်ရေးထားသည်။

အသက် ၃၀ အရွယ်ရှိနောက်ခံလူသည် ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ရီးယဲလ်နှင့်ကစားခဲ့သော ချန်ပီယံလိဂ်ဆီမီးဒု-ကျော့တွင် ပွဲချိန် ၁၀ မိနစ်သာ ကစားပြီး ဒဏ်ရာရခဲ့၍ လူစားလဲခံခဲ့ရသည်။

ကွန်ပနီသည် လက်ရှိရာသီတွင် ဒဏ်ရာငါးမျိုးရခဲ့ပြီး ပွဲစဉ်စုစုပေါင်း ၅၇ ပွဲတွင် ၂၂ ပွဲသာကစားနိုင်ခဲ့သည်။ လွန်စွာဝမ်းနည်းဖွယ်ကောင်းသော် လည်း အရှုံးပေးမည်မဟုတ်ဟု ကွန်ပနီက ပြောသည်။

"လာမည့် ပြင်သစ်ဥရောပဖလားပြိုင်ပွဲမှာ ဂုဏ်ယူနိုင်ဖို့ ကျွန်တော့်သူငယ်ချင်းတွေနဲ့ အသင်းဖော်တွေကောင်းကောင်းလုပ်နိုင်မယ်လို့ ယုံပါတယ်။ အခုတော့ကျွန်တော် ပွဲကြည့်ပရိသတ်တစ်ယောက်ဖြစ်သွားပါပြီ။ သူတို့ကိုအားပေးဖို့ အဲဒီပြိုင်ပွဲကို သွားမှာပါ"ဟု ကွန်ပနီက ရေးထားသည်။

ဘယ်လ်ဂျီယံအသင်းသည် ယူရိုပြိုင်ပွဲတွင် အီတလီ၊ ဆွီဒင်၊ အိုင်ယာလန်တို့နှင့် တစ်အုပ်စုတည်းကျနေသည်။ ချယ်လ်ဆီးမှဟက်ဇက်သည် ဘယ်လ်ဂျီယံအသင်း၏ ဒုတိယအသင်းခေါင်းဆောင်ဖြစ်ပြီး ကွန်ပနီမပါနိုင်သည့် နောက်ဆုံးပွဲတွင် အသင်းကိုဦးဆောင်ကစားခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly