“သုံးပွင့်ဆိုင် စိုက်ထူရမည့် မှတ်တိုင်တစ်ခု”

“သုံးပွင့်ဆိုင် စိုက်ထူရမည့် မှတ်တိုင်တစ်ခု”

အနိမ့်ဆုံးလစာကို ဒေသအလိုက် လုပ်ငန်းအမျိုးအစားအလိုက် မခွဲခြားဘဲ တစ်နိုင်ငံလုံး တစ်ပြေးညီ တစ်ရက်လျှင် ကျပ် ၃,၀၀၀ မှ ၄,၀၀၀ ကြား သတ်မှတ်မည်ဟူသော သတင်းခေါင်းစဉ်ဖြင့် သတင်းတစ်ပုဒ် နေ့စဉ်သတင်းစာတစ်စောင်တွင် ဖတ်ရသည်။

ဒီမိုကရေစီအစိုးရသစ်သည် ၂၀၁၃ မတ်လ ၂၂ ရက်တွင် ကူးသန်းရောင်းဝယ်ရေးလုပ်ငန်း၊ ကုန်ထုတ် လုပ်ငန်း၊ ဝန်ဆောင်မှု လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများရှိ အလုပ်သမား များအတွက် ၂၀၁၃  ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေကို ပြဋ္ဌာန်းခဲ့သည်။

ယင်းဥပဒေအရ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ပါက အကျုံးဝင်လုပ်သားများအတွက် မျှော်လင့်ချက်ရောင်ခြည် လည်းဖြစ် သည်။

ဥပဒေအရ အနည်းဆုံး အခကြေးငွေ သတ်မှတ်နိုင်ရေးအတွက် နိုင်ငံတော်က အမျိုးသားအဆင့် ကော်မတီတစ်ရပ် ဖွဲ့စည်း၍ သက်ဆိုင်ရာဝန်ကြီးဌာနက ဦးဆောင်ကြိုးပမ်းခဲ့သည်။

ယင်းသို့ ကြိုးပမ်းရာတွင် ဝန်ကြီးဌာနသာမက အလုပ်သမားအရေး ဆောင်ရွက်သည့် NGO များ၊ အလုပ်သမား အဖွဲ့အစည်းများ၊ အလုပ်သမားအရေးဆောင်ရွက်သည့် လူတစ်ဦးချင်း ပုဂ္ဂိုလ်များကပါ ဝိုင်းဝန်းကြိုးပမ်းခဲ့ကြ သည်။ ယင်းသို့ ကြိုးပမ်းမှုမှာ အမျိုးသား အဆင့်ကော်မတီ သက်တမ်းကုန်ဆုံးတော့မည့် သုံးနှစ်ကျော်ကာလ သို့ပင် ရောက်ခဲ့ပြီဟု အမျိုးသားအဆင့်ကော်မတီမှ အလုပ် သမားကိုယ်စားလှယ် ကိုနော်အောင်က ဆိုသည်။

ယင်းသို့ ကြိုးစားဆောင်ရွက်စဉ် ကာလအတွင်း အနည်းဆုံးလုပ်ခ သတ်မှတ်ရေး အပါအဝင် အလုပ်သမား အခွင့်အရေး ဆန္ဒပြတောင်းဆိုမှုများ မကြာခဏဖြစ်ပွား၍ အလုပ်သမားအချို့ တရားစွဲဆိုခံရသည်အထိ ဖြစ်ပွားနေခဲ့သည်။

ယခုတော့ အနည်းဆုံး အခကြေးငွေနှုန်းထားကို သတ်မှတ်ကြေညာပြီးပါက ရက်ပေါင်း ၆၀ အတွင်း ကန့်ကွက် သူ မရှိပါက အတည်ဖြစ်တော့မည်ဖြစ်၍ အလုပ်သမားများအတွက် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးမှာ လက်တစ်ကမ်းသာ လိုတော့သည်ဟု ဆိုရမည်။

နိုင်ငံတော်သမ္မတ၏ မေလအတွင်း ရေဒီယိုမိန့်ခွန်းတွင် အလုပ်သမားများအတွက် အနိမ့်ဆုံး လုပ်ခ လစာနှင့်ပတ်သက်၍ ဇွန်လအတွင်း ဆုံးဖြတ်ချက်များ ချမှတ်သွားမည်ဟု ဆိုသည်။ အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီးကလည်း ဇွန်လ ၄ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး၌ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာ၌ CMP လုပ်ငန်း များတွင် တစ်နေ့ လုပ်ခကျပ် ၄,၀၀၀ ပေးနိုင်သည့် စက်ရုံအချို့ရှိ ပြီး အများဆုံး ဆန္ဒပြုထားသည့်နှုန်းမှာ ကျပ် ၁,၅၀၀ ဖြစ်ကြောင်း တင်ပြခဲ့သည်။

ဇွန် ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် ကုန်သည်/စက်မှုအသင်းချုပ် UMFCCI ၌ ကျင်းပသော အနည်းဆုံး အခကြေးငွေ သတ်မှတ်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ အလုပ်သမား သမဂ္ဂများဆိုင်ရာ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်လင်းက နောက်ဆုံး ညှိနှိုင်း မှုများအရ ကျပ် ၄,၀၀၀ အောက်ကို တစ်ပြားမှ မလျော့ နိုင်ကြောင်း တင်ပြခဲ့သည်။

ဇွန် ၂၄ ရက်တွင် ကျင်းပသော အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး၊ အမျိုးသားအဆင့် ကော်မတီ၏ သတင်းစာရှင်းလင်းပွဲ တွင် အလုပ်သမားကိုယ်စားလှယ် ကိုနော်အောင် က အလုပ်သမားမိသားစုတစ်စု၏  ကုန်ကျစရိတ် စစ်တမ်းအရ တစ်ရက်ကို ကျပ် ၇,၀၀၀ ဖြစ်၍ ယခု ကုန်ဈေးနှုန်းတက်ပုံနှင့် သည်နှုန်းများမှာ စားဝတ်နေရေး ဖူလုံမှုမရှိဟု ဆိုသည်။

ယင်းသတင်းစာ ရှင်းလင်းပွဲတွင်ပင် အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးအေးမြင့်ကလည်း အာဆီယံ အဆင့်ထက် မနိမ့်ရအောင် အနည်းဆုံး လုပ်ခလစာကို ကျပ် ၃,၀၀၀ နှင့် ကျပ် ၄,၀၀၀  ကြား သေချာတယ်ဟု ပြောကြားခဲ့သည်။ အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေး အမျိုးသား အဆင့်ကော်မတီတွင် အများဆုံး အဆိုပြုသည့် နှုန်းထားမှာကျပ် ၃,၆၀၀ ဖြစ်သည် ဆို၏။    

သို့တိုင် အထည်ချုပ်လုပ်ငန်း(CMP) များက တစ်ရက်အတွက် အနည်းဆုံးလုပ်ခကို ယခင် ကျပ် ၁,၅၀၀ မှ ယခု နောက်ဆုံးကျပ် ၂,၅၀၀ နှင့် တင်းခံနေပြန်သည်။ အလုပ်သမားဝန်ကြီးဌာန ကလည်း အလုပ်ရှင်များဘက်မှ အဆိုပြုထားသည့် ကိစ္စရပ်များအနက် ချက်ချင်းဆောင်ရွက်ပေးနိုင် သည့် ကိစ္စရပ်များကို ချက်ချင်းဆောင်ရွက်ပေးပြီး ဥပဒေအရပြင်ဆင်ရမည့် ကိစ္စများကိုပြင်ဆင်ဆောင် ရွက်ပေးမည်ဟု ပြောကြားခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်ဘက်က ယင်းသို့ တာဝန်ကျေကျေ ဆောင်ရွက်ပေးခဲ့သဖြင့်လည်း CMP အလုပ်ရှင်များက အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာတွင် ယင်းတို့ မပေးနိုင်သော နှုန်းထားတစ်ရပ် ထွက်ပေါ်လာပါက စက်ရုံပိတ်သိမ်းမည် ဆိုသော ဖိအားပေးမှုများကို ရှောင်ရှား၍ ဥပဒေအရ လိုက်နာ ဆောင်ရွက်ရန်သာ ကြိုးပမ်းသင့်သည်။

တစ်နေ့ အနည်းဆုံး လုပ်ခကျပ် ၂,၅၀၀ သာ ပေးရခြင်း နှင့်ပတ်သက်၍ အထည်ချုပ် လုပ်ငန်းရှင်များ ဘက်မှ ယင်းတို့၏ လုပ်ငန်း မှာ ဖွံ့ဖြိုးကာစ ဖြစ်ကြောင်း၊ လုပ်ငန်းစွမ်းဆောင်ရည် မပြည့်ဝသဖြင့် အချိန်ပို ခေါ် ရကြောင်း၊ အချိန်ပိုကြေးကို အခြားနိုင်ငံများတွင် ၁ ဒသမ ၅ ဆ ပေးရသော်လည်း မြန်မာနိုင်ငံတွင် လစာ၏ ၂ ဒသမ ၈ ဆ ပေးရကြောင်း၊ ထို့ကြောင့် ဈေးကွက် ပွင့်လာမှအလုပ် သမားထု မျှော်မှန်းသည့် လုပ်ခရမည်ဟု ဆိုလာသည်။ ဈေးကွက် ပွင့်လာမည့် အချိန်က ဘယ်လောက်ကြာလို့ ကြာမှန်းမသိ။

အထည်ချုပ် လုပ်ငန်းရှင်များ၏ တင်ပြချက်များအပေါ် စာရေးသူ အနည်းငယ် ဆွေးနွေးတင်ပြလိုပါ သည်။ စာရေးသူမှတ်မိ သလောက် အမေရိကန်နှင့် အီးယူ၏ စီးပွားရေး ပိတ်ဆို့မှုများ ပြန်လည် ပွင့်လင်းလာပြီး နောက် မြန်မာနိုင်ငံ၏ အထည်ချုပ် လုပ်ငန်း ပို့ကုန်မှာ ၂၀၁၁ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၃၂ သန်းအထိ တင်ပို့နိုင်ခဲ့၍ ``အထည်ချုပ်လုပ်ငန်း ပန်းပန်ချိန်´´ ဟုပင် တင်စားထားသည့် ဆောင်းပါးတစ်ပုဒ် ဖတ်ခဲ့ရ ဖူးသည်။ အခုမှ အထည်ချုပ် လုပ်ငန်းဖွံ့ဖြိုး ကာစဟု ဆိုနေခြင်းမှာ CMP လုပ်ငန်းရှင်များသည် ပုဏ္ဏား မျက်မမြင်ခြောက်ဦး ဆင်ကြီးကို စမ်း၍ ထင်ရာမှတ်ချက် ပေးသလိုမျိုး ဖြစ်နေသည်ဟု ဆိုသူက ဆို၏။

တစ်ဖန် အလုပ်သမားများ လုပ်ငန်းစွမ်းဆောင်ရည် မပြည့်ဝသဖြင့် အချိန်ပို လုပ်ကိုင်ရမှုများ ရှိကြောင်း တင်ပြခဲ့သည်။ ယင်းနှင့် ပတ်သက်၍ ၁၉၉၆ ခုနှစ်က စာရေးသူ အစ္စရေးနိုင်ငံ တက္ကသိုလ်တစ်ခုတွင် သင်တန်း တစ်ခု တက်ရောက်စဉ် ဥရောပ၊ အာရှနှင့် အာဖရိကနိုင်ငံများမှ သင်တန်းသား ၂၀ ကျော် တက်ရောက်သည်။

ကျောင်းအားရက် ဈေးဝယ်ထွက်၍ ကျောင်းသားများ အဆောင်ပြန်ရောက်သည့်အခါ ကျောင်းသား အများစု ဝယ်လာသည့် အရည်အသွေးကောင်းဂျာကင်များမှာ Made in Myanmar  တံဆိပ်များ တပ်ထား သည့် ဂျာကင်များသာ။ စာရေးသူအား ဝိုင်းမေးကြသဖြင့် စာရေးသူကလည်း လက်မထောင်၍ ကြွားခဲ့ရသေး သည်။ ယင်းကာလများတွင် မြန်မာအထည်ချုပ်လုပ်ငန်းက အသားကျနေပြီး ဖြစ်သည်။ သို့ဆိုလျှင် အလုပ် သမားများ၏ စွမ်းဆောင်ရည် ကျဆင်းခြင်းကြောင့် အချိန်ပို လုပ်ကိုင်ရခြင်းတော့ မဟုတ်တန်ရာ။

အချိန်ပိုကြေး တွက်ချက်ရာတွင် အခြေခံလုပ်ခကို ၂ ဒသမ ၈ ဆ ပေးရခြင်း နှင့်ပတ်သက်၍ အလုပ် သမားဝန်ကြီးဌာနသည် အချိန်ပိုကြေးကို အခြေခံလုပ်ခ၏ နှစ်ဆဖြင့်သာ တွက်ချက်ကြောင်း သိရသည်။ အလုပ်ရှင်များက အချိန်ပိုကြေးတွက်ရာ တွင် နေ့တွက်ကြေးနှင့် အခြေခံလစာနှုန်းကို နည်းနိုင်သမျှနည်းအောင် သတ်မှတ်လေ့ရှိသည်ဟု ဆို၏။ စက်ရုံအများစုတွင် အခြေခံ နေ့တွက်ကြေးကို ရာဂဏန်းသာ သတ်မှတ်ထား ကြောင်း ပြောဆိုမှုများ ရှိ၏။ တစ်နေ့ ရှစ်နာရီအတွက် အနည်းဆုံးလုပ်ခ သတ်မှတ်ချက်ကို ကျပ် ၄,၀၀၀  ဝန်းကျင် သတ်မှတ်မည်ဆိုပါက အချိန်ပိုကြေး သိသိသာသာ တိုးလာမည်ဖြစ်၍ အခြားနိုင်ငံများ နည်းတူ ၁ ဒသမ ၅ ဆ တွက်ချက်ခံစားခွင့်ပြုမည် ဆိုပါကလည်း အလုပ်သမားများအတွက် သိပ်မထောင်းသာ ဟု ဆိုရမည်။

အချိန်ပိုကြေး ဆောင်ရွက်ခြင်း နှင့်စပ်လျဉ်း၍ ၁၉၈၃ ခုနှစ်ထုတ် အလုပ်သမားဂျာနယ် စာစောင်တွင် ယခင် အလုပ်သမားဌာန ညွှန်ကြားရေးဝန် ဆရာ ဦးစိန်ရေးသည့် “အချိန်ပိုလုပ်ခဆိုသည်မှာ” ဆောင်းပါးတွင် “အချိန်ပိုကို အခါအားလျော်စွာ အခြေအနေ အရ ကုန်ထုတ်လုပ်ငန်း အချိန်မီပြီးရန် စည်းကမ်းသတ်မှတ်ချက်ဖြင့် ခွင့်ပြုနိုင်သည်။ လိုအပ်သည်ထက်ပို၍ လုပ်ကိုင်ခြင်းကို နိုင်ငံ တိုင်း၌ အားပေး လေ့ မရှိ။ လိုအပ်သည်ထက်ပို၍ အချိန်ပို လုပ်ရပါက အလုပ်သမားများ မိမိတို့ အားလပ်ချိန် စွန့်လွှတ်ရခြင်း၊ ကျန်းမာရေး ချို့ယွင်းခြင်း၊ လူမှုရေး၊ အိမ်ထောင်ရေး အဆင်အပြေခြင်းနှင့် အလုပ်လက်မဲ့ ပြဿနာ ဖြေရှင်း ရေး အဟန့်အတား ဖြစ်ခြင်းစသည့် ကွင်းဆက်များ ဖြစ်ပေါ်စေသည်” ဟုဖော်ပြထားသည်။

ယနေ့ကာလတွင် စက်ရုံအလုပ်ရုံများ၌ အချိန်ပိုကို မတန်တဆခိုင်းလျက်ရှိသည် ဟုဆို၏။ အကြောင်း မှာ အလုပ်သမားလေးဦး အား တစ်လ အချိန်ပို ဆင်းခိုင်းပါက အလုပ်သမား မခန့်ထားဘဲ အလုပ်သမားတစ်ဦး ၏ တစ်လ လုပ်အားကို အလုပ်ရှင်က ရရှိလိုက်သဖြင့် အလုပ်သမားများ အချိန်ပို ဝဲသြဃ ထဲတွင် နစ်မြုပ်နေရ ခြင်းဖြစ်သည်ဟု အလုပ်သမားလေ့လာသူများက သုံးသပ်ကြသည်။

စာရေးသူ အထူးပြောလိုသည်မှာ အလုပ်သမားဌာန ဝန်ကြီးပြောကြားသည့် အာဆီယံနှုန်းထားများကို အနည်းဆုံး အခကြေးငွေ သတ်မှတ်ရာ၌ ထည့်သွင်းစဉ်းစားရန် ဆိုသည့်အချက်မှာ အထူးလိုအပ်သည်။ ထို့အပြင် အစိုးရဝန်ထမ်းများ၏ အနိမ့်ဆုံး လစာနှုန်းထားအဖြစ် ကျပ် ၁၂၀,၀၀၀ သတ်မှတ်သဖြင့် တစ်နေ့ နှုန်းထား ကျပ် ၄,၀၀၀ ခန့်ခံစားခွင့်ပြုခြင်းသည် ၎င်းတို့၏ မိသားစုစားဝတ်နေရေး ဖူလုံမှု ရရှိနိုင်သည့် အခြေခံ နှုန်းထားဖြင့် တွက်ချက်ခံစားမှု ပြုခြင်းလည်း ဖြစ်တန်ရာ၏။ ယင်းအချက် ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်၏။

သို့ဆိုလျှင် စက်ရုံအလုပ်ရုံများတွင် အအေးခန်းများ၌ တစ်နေကုန် တစ်နေခန်း အလုပ်လုပ်နေရသော ငါးပုစွန် စက်ရုံများအတွင်းမှ အလုပ်သမားများ တစ်နေကုန် မတ်တပ်ရပ်၍ မီးပူတိုက်နေရသော၊ အဝတ်ညှပ် နေရသော၊ ခြေရော၊ လက်ရော မျက်စိပါ မအား လပ်ဘဲ စက်ချုပ်နေရသော အထည်ချုပ်စက်ရုံများမှ အလုပ် သမားများ၊ ယင်းတို့နည်းတူ မနားမနေ ဆောင်ရွက်ရသည့် စက်ရုံ အလုပ်ရုံများမှ အလုပ်သမားများ၏ အနည်းဆုံးအခကြေးငွေ နှုန်းထားသတ်မှတ်ရာတွင် အလုပ်ရှင်များက စာနာစိတ်ဖြင့် စဉ်းစားဆောင်ရွက်သင့် သည်။

သို့မှသာ ၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေ ဥပဒေ၏ ရည်ရွယ်ချက်လည်းဖြစ်သော သတ်မှတ် သည့် အနည်းဆုံး အခကြေးငွေ နှုန်းထားများသည် အလုပ်သမားနှင့် ၎င်းတို့ မိသားစုများ၏ အခြေခံ လိုအပ် ချက်များကို ပြည့်မီသည့် လုပ်ခများဖြစ်၍ အဆိုပါ အနည်းဆုံး အခကြေးငွေနှုန်ထား သတ်မှတ်ချက်များသည် မြန်မာနိုင်ငံ၏ ကုန်ထုတ်လုပ်မှု မျက်နှာစာတွင် အစိုးရ၊ အလုပ်ရှင်၊ အလုပ်သမား သုံးပွင့်ဆိုင် ပူးပေါင်းမှု၏ မှတ်တိုင်တစ်ခုအဖြစ် ရပ်တည်နိုင်မည်ဖြစ်ပါကြောင်း။

Mizzima Weekly