တောင်သမန်အင်းအတွင်းမှ ရေများဖောက်ချမည်

တောင်သမန်အင်းအတွင်းမှ ရေများဖောက်ချမည်

မန္တလေး ၊ မေ ၇ ။             ။ မန္တလေးမြို့၊အမရပူရမြို့နယ်ရှိ တောင်သမန်အင်းကို ယခင်သဘာဝအတိုင်းထားရန်အတွက် ရေများကို ဖောက်ချသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး သံယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဝန်ကြီး ဦးမျိုးသစ်ကပြောသည်။

"ဘယ်နေ့ဖောက်ချမယ်ဆိုတာကိုတော့ ဆည်မြောင်းဝန်ကြီးဌာန နဲ့ ညှိုနှိုင်းရဦးမယ်။ရေတံခါးတွေက ဆည်မြောင်းက ကိုင်ထားတယ်။"ဟု ဦးမျိုးသစ်က ပြောသည်။

အင်းထဲကရေမာျးကို ရေထိန်းတံခါးများမှ တဆင့် ဧရာဝတီမြစ်အတွင်းကို ဖောက်ချသွားရန်စီစဉ်ထားကြောင်း ဦးမျိုးသစ် ကဆိုသည်။

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင်(၅) ဦးရဲမွန်က "ကျွန်တော်တို့ဘက်က ရေထုတ်မြောင်းတွေ အကုန်စစ်ဆေးပြီးပါပြီ မြို့တော်ဝန်ကြီးကိုလည်း တင်ပြပြီးပါပြီ။ ဆည်မြောင်းလက်ကဘဲ ကျန်ပါတော့တယ်။"ဟုပြောသည်။

 ဖောက်ချပြီးပါက ယခင်ကကဲ့သို့ ဒေသခံတောင်သူများအနေဖြင့် စပါးနှင့်ပဲအမျိုးမျိုးတို့ပြန်လည်စိုက်ပျိုးနိုင်မည်ဖြစ်သည်။

အင်းအတွင်းရှိ စိုက်ပျိုးမြေများသည် မူလပိုင်ရှင်များရှိနေခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် အမှတ်(၁၆)ထောက်လှမ်းရေးတပ်မှအင်းကို ကန်အဖြစ်သိမ်းယူခဲ့ကာ ငါးမွေးမြူရေးလုပ်ကိုင်ခဲ့ခြင်းကြောင့် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးမြေများဆုံးရှုံးခဲ့သည်ဟု တောင်သမန်ကျေးရွာတွင်နေထိုင်သူ အသက် ၇၈ နှစ်အရွယ် ဦးအေးမောင်ကဆိုသည်။

ဆက်လက်၍ ဦးအေးမောင်က "ရေရောက်တဲ့အချိန်တံငါလုပ်တယ်။ ရေမရှိတော့ဘူးဆိုရင်တောင်သူလုပ်ကြတယ်။ ဒါခေတ်အဆက်ဆက်ဒီလိုဘဲလုပ်ကိုင်စားသောက်ခဲ့ကြတယ်။ စစ်အစိုးရလက်ထက်မှာ ဒီအင်းကို ကန်လုပ်ပြီး လုပ်ငန်းရှင်တွေကို ဌားစားလာတာဒီနေ့အထိပဲ။ အခုအစိုးရက ဒီရေတွေဖောက်ပြီး မူလအတိုင်းပြန်ထားမယ်ဆိုရင် အဘတို့ဝမ်းသာတာပေါ့။"ဟု ပြောသည်။

တောင်သမန်အင်းအတွင်းမှရေများထုတ်ပြီးပါက ယခင်ကကဲ့သို့ ရာသီအလိုက် ပြောင်းလဲနေမှာဖြစ်ပြီး လာရောက်လည်ပတ်သူများ အနေဖြင့်လည်း သဘာဝ၏ ပြောင်းလဲနေမှုကို ခံစားနေမည်ဖြစ်သည်။

"စိုက်ပျိုးတဲ့အချိန်ဆိုရင် တစ်ပြင်လုံးစိမ်းစိုနေမယ်။အရင်လို တစ်နှစ်ပတ်လုံး ရေရှိနေမှာမဟုတ်တော့ ပိုပြီးလည်း သန့်ရှင်းမှာပေါ့။"ဟု  တောင်သမန်တံတားထိပ်တွင်ရှိသည့် တောင်မင်းကြီးဘုရား ဂေါပက ဥက္ကဋ္ဌ ကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly