ဘရာဇီးကွင်းလယ်လူ မာစီယို နှင့် ပြည်တွင်းမှ ကောင်းစည်သူ၊ မျိုးမင်းဇော် တို့ကို ဇေယျာရွှေမြေအသင်း ခေါ်ယူ

ဘရာဇီးကွင်းလယ်လူ မာစီယို နှင့် ပြည်တွင်းမှ ကောင်းစည်သူ၊ မျိုးမင်းဇော် တို့ကို ဇေယျာရွှေမြေအသင်း ခေါ်ယူ
ဘရာဇီးကွင်းလယ်တိုက်စစ်ကစားသမား မာစီယို ဂိုမက်စ် ဇေယျာရွှေမြေအသင်းနှင့်စာချုပ်နေစဉ် (ဓါတ်ပုံ Zeyar Shwe Myay facebook)

မေ ၅ ၊ ရန်ကုန်။             ။ မြန်မာနေရှင်နယ်လိဂ် ဒုတိယအကျော့ရာသီအတွက် ပြင်ဆင်မှုများပြုလုပ်နေသည့် ဇေယျာရွှေမြေအသင်းသည် ဘရာဇီးလူမျိုး ကွင်းလယ်တိုက်စစ်ကစားသမား တစ်ဦးဖြစ်သည့် မာစီယို ဂိုမက်စ် အား ရာသီကုန်ထိ စာချုပ်ချုပ်ဆို ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်သည် ဟု အသင်းဖေ့ဘုတ်စ်မှ တရားဝင်ကြေငြာခဲ့သည်။ အဆိုပါပြည်ပကစားသမား ခေါ်ယူခဲ့သည့်အတွက် ပထမအကျော့တွင် နိုင်ငံခြားသား သုံးဦးအသုံးပြုထားသည့် ဇေယျာရွှေမြေအသင်းအနေဖြင့် ပြည်ပကစားသမားနောက်ဆုံးခေါ်ယူမှု ဖြစ်လာခဲ့သည်။

ထို့ပြင် ဇွဲကပင်ယူနိုက်တက်အသင်းမှ လက်ရွေးစင်ကစားသမားဟောင်း ကောင်းစည်သူအား နှစ်ရာသီခွဲစာချုပ် နှင့် မကွေးအသင်းမှ ယူ-၂၃ လက်ရွေးစင်ကစားသမားဟောင်း မျိုးမင်းဇော်ကို တစ်ရာသီခွဲစာချုပ်တို့ဖြင့် ခေါ်ယူနိုင်ခဲ့သည်။ အသက် ၂၈ နှစ်အရွယ်ရှိ မာစီယိုသည် ဘရာဇီးပြည်တွင်းကလပ်အသင်းတစ်သင်းဖြစ်သည့် အက်သလက်တီကို မွန်နဲရိုးအသင်းတွင်   နောက်ဆုံးကစားခဲ့ပြီး ဇေယျာရွှေမြေအသင်းသို့ ပြောင်းရွေ့လာခြင်းမှာ မြန်မာနေရှင်နယ်လိဂ်သို့ ပထမဆုံး လာရောက်ကစားခြင်း ဖြစ်သည်။

ဇေယျာရွှေမြေအသင်းသည် မြန်မာနေရှင်နယ်လိဂ် ပထမအကျော့တွင် ရလဒ်များဆိုးဝါးခဲ့သည့်အတွက် အသင်းတွင် ခြေစွမ်းမပြနိုင်သည့် သက်ပိုင်ဦး၊ ပြည်မိုး၊ ညီညီနိုင်၊ ပြည့်ဖြိုးကိုကို၊ တင်မောင်ေ၀ (ဂိုး) စသည့်ကစားသမားများကို လမ်းခွဲခဲ့သည်။ ထို့ပြင် အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားသည့် မြန်မာ ယူ-၂၀ ကွင်းလယ်ကစားသမား ရန်နိုင်ဦးကိုလည်း အသင်းမှ ထွက်ခွာခွင့်ပေးခဲ့သည်။

ဇေယျာရွှေမြေအသင်းသည် ယခုနှစ် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် ပထမအကျော့ပွဲစဉ်များ ပြီးဆုံးချိန်တွင် သုံးပွဲနိုင် လေးပွဲသရေ လေးပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၁၃ မှတ်သာ ရရှိထားပြီး အမှတ်ပေးဇယား အဆင့်ရှစ်နေရာတွင် ရပ်တည်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly