လှေနစ်မြုပ်ခဲ့သူများတွင် ကမန်တိုင်းရင်းသား ပါ၀င်၊ မပါ၀င် အငြင်းပွားမှုရှိ

လှေနစ်မြုပ်ခဲ့သူများတွင် ကမန်တိုင်းရင်းသား ပါ၀င်၊ မပါ၀င် အငြင်းပွားမှုရှိ
ဓာတ်ပုံ-ကျော်မင်း

 မေ ၅ ရက် ။             ။ ဧပြီ ၁၉ ရက်နေ့က ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းမှ စစ်တွေမြို့ သဲချောင်းသို့ ထွက်ခွာလာခဲ့သည့် လှေနစ်မြုပ်ခဲ့မှုတွင် ကမန်တိုင်းရင်းသားများ ပါဝင်မှုရှိမရှိနှင့် ပတ်သက်၍ ကမန်အမျိုးသားကြားတွင် အငြင်းပွားမှု ဖြစ်ပွားနေကြောင်း သိရသည်။

အဆိုပါ အငြင်းပွားမှုမှာ လှေနစ်မြုပ်ခဲ့ပြီးနောက် နိုင်ငံတကာ သတင်း မီဒီယာများက လှေနစ်မြုပ်သူများမှာ ရိုဟင်ဂျာများဟု ဖော်ပြခဲ့ခြင်း၊ မေလ ၃ ရက်နေ့ ရက်စွဲဖြင့် ကမန်အမျိုးသား တိုးတက်ရေးပါတီက လှေနစ်မြုပ်ခဲ့ရာတွင် ကမန်အမျိုးသားများ ပါဝင်ခြင်း မရှိဟု ထုတ်ပြန်ချက်များ ထွက်ပေါ်လာပြီးနောက်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။

"အဲဒီ စက်လှေကို မောင်းတဲ့သူကိုယ်တိုင်က ကမန်အမျိုးသားပါ။ ပေါက်တော ဆင်တက်မော်မှာ နေတဲ့ ဒုက္ခသည်တွေထဲက အဲဒီနေ့က စစ်တွေကို သွားတဲ့ထဲမှာ ကမန်အမျိုးသား ၆၀ ကျော်လောက် ပါဝင်ခဲ့ပါတယ်။ ဒါကို ကမန်တိုးတက်ရေးပါတီက မဟုတ်ဘူးလို့ ငြင်းဆိုတာကို ရှုတ်ချပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ရခိုင်တောင်ပိုင်းဘက်မှာရှိတဲ့ ကမန်တိုင်းရင်းသားတွေနဲ့ ကျနော်တို့ ဆွေးနွေးနေတယ်။ ကန့်ကွက်မှုတွေ ပြုလုပ်သွားဖို့လည်း စီစဉ်နေပါတယ်။" ဟု ပေါက်တောမြို့နယ် ဆင်တက်မော် ဒုက္ခသည်စခန်းနေ ကမန်လူထုခေါင်းဆောင် ဦးမြသိန်းက မဇ္ဈိမကို ပြောသည်။

ကမန်တိုင်းရင်းသားများမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူများ ဖြစ်သဖြင့် လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော ရိုဟင်ဂျာအရေးတွင် ရောပြွန်းကာ ခွဲခြားဆက်ဆံခံနေရပြီး အစ္စလာမ်ဘာသာဝင်များအားလုံးကို ရိုဟင်ဂျာ၊ ဘင်္ဂလီဟု ခေါ်ဝေါ်သတ်မှတ်နေခြင်းမှာ တိုင်းရင်းသားအခွင့်အရေး ဆုံးရှုံးနေခြင်းဖြစ်သည်ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်တွင် ကမန်တိုင်းရင်းသား ၅၀၀၀၀ နီးပါးခန့်ရှိပြီး အများစုမှာ စစ်တွေ၊ ပေါက်တော၊ ကျောက်ဖြူနှင့် သံတွဲမြို့နယ်များတွင် နေထိုင်သူများ ဖြစ်ပြီး လှေနစ်မြုပ်ခဲ့ သူများတွင် ကမန်တိုင်းရင်းသားများ လုံး၀ ပါဝင်ခြင်း မရှိဟု ကမန်အမျိုးသားတိုးတက်ရေးပါတီ အထွေထွေအတွင်းရေးမှူး ဦးတင်လှိုင်ဝင်းက ပြောသည်။

"ကျနော်တို့ဆီမှာ စာရင်းအတိအကျရှိပါတယ်။ ကမန်တွေ ဘယ်မြို့နယ်တွေမှာ ဘယ်လောက်ရှိတယ်ဆိုတာ။ တရားဝင် ပါတီတစ်ခုအနေနဲ့ ကျနော်တို့ ထုတ်ပြန်ပါတယ်။ အဲဒီနေ့က လှေနစ်မြုပ်တုန်းက ဘယ်ကမန်မှ ပါမသွားခဲ့ပါဘူး။"

ပြီးခဲ့သည့် ဧပြီ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန်က စစ်တွေမြို့နယ် သဲချောင်းဆိပ်ကမ်း အဝင်ဝတွင် စက်လှေတစ်စီးနစ်မြုပ်ခဲ့ပြီး သေဆုံးသူ ၁၈ ဦးအလောင်းကို ရရှိခဲ့ကာ အမြောက်အမြားမှာ ပျောက်ဆုံးနေကာ လှေပေါ်တွင် ၈၀ ဦးထက်မနည်း လိုက်ပါလာခဲ့ကြောင်း ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနေသူ ဦးကျော်လှအောင်၏ ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်ပွားခဲ့သည့်နေ့က အကူအညီပေးရေး ဆောင်ရွက်မှုများကို ကြီးကြပ်ရန် ရောက်ရှိနေသည့် စစ်တွေခရိုင်ရဲမှူး ဦးဝင်းနောင်က " သေဆုံးသူတွေ၊ ပျောက်ဆုံးနေသူတွေဟာလည်း ရိုဟင်ဂျာတွေ မဟုတ်ဘူး။ ဘင်္ဂလီတွေသာ ဖြစ်ပါတယ်။" ဟု မဇ္ဈိမကို ဖြေကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly