ရှမ်းပြည်မြောက်ပုုိင်း စစ်ပြေးဒုက္ခသည်များအတွက် တအာင်းအနုပညာရှင်များ ရန်ပုံငွေ ရှာဖွေမည်

ရှမ်းပြည်မြောက်ပုုိင်း စစ်ပြေးဒုက္ခသည်များအတွက် တအာင်းအနုပညာရှင်များ ရန်ပုံငွေ ရှာဖွေမည်

ချင်းမိုင် ၊မေ ၄ ။                ။ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသအတွင်း မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြား တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ပြေးဒုက္ခသည် ၁၀၀၀၀ ကျော်အတွက် အခက်အခဲများရှိနေသဖြင့် ရန်ပုံငွေရှာဖွေပွဲကို လာမည့် မေလ ၁၂ ရက်တွင် ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

စားဝတ်နေရေး အခက်အခဲ ဖြစ်နေသလို၊ နေရာရန် အဆောက်အအုံများ ပြန်လည် ဆောက်လုပ်ရန် လိုအပ်နေပြီး ၎င်းတို့စာဝတ်နေရေးအတွက် တစ်ဖက်တလှမ်းမှ ကူညီရန် နိုင်ငံကျော် အဆိုတော်များနှင့် တအာင်းအနုပညာရှင် အသိုင်းအဝိုင်းမှ စုပေါင်း၍ ကျင်းပသွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီ တာဝန်ခံ မိုင်းနိုင်နိုင်ဦးက ပြောသည်။

“သူတို့ စားသောက်ဖို့ စားနပ်ရိက္ခာအတွက် ပထမ တချက်၊ ဒုတိယက နေရာထိုင်ခင်းပေါ့ သူတို့ နေထိုင်တဲ့တဲတွေက မိုးရာသီရောက်တာနဲ့ အမိုးမလုံတာတို့၊ အကာမလုံတာတို့ ရှိတယ်။ တတိယက ဝင်ငွေမရှိဘူးဆိုတာထက် အလုပ်အကိုင်ကိုက မရှိတော့ အဆင်မပြေကြဘူး။ သူတို့က အိမ်ပြန်ချင်တယ်။ အိမ်ပြန်မှဘဲ လက်ဖက်ခူးတာတို့၊ တောင်ယာလုပ်တာတို့ လုပ်ပြီး ပိုက်ဆံရတဲ့နည်းလမ်းရှိမယ်။ သူတို့ လုပ်ကိုင်စားသောက်ဖို့လည်း မြေနေရာလည်း မရှိတော့ အဲဒီလို အခက်အခဲတွေရှိပါတယ်”ဟု သူက မဇ္ဈိမကို ပြောသည်။

လက်ရှိ ၎င်းတို့ ကောက်ခံရရှိသည့် စာရင်းများအရ စစ်ပြေးဒုက္ခသည်ပေါင်း (၁၀၁၃၂ )ဦး ထွက်ပြေးတိမ်းရှောင်နေရသလို၊ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသဖြင့် ထပ်မံ ထွက်ပြေးတိမ်းရှောင်နေရသဖြင့် လတ်တလော အခက်အခဲများ ကူညီထောက်ပံ့ပေးရန်အတွက် ကျင်းပရခြင်း ဖြစ်သည်ဟု သူက ပြောသည်။

စစ်ဘေးဒုက္ခသည်များအတွက် ရေရှည် လုပ်ကိုင်စားသောက်နိုင်ရန် မြေကွက်များ၊ စားနပ်ရိက္ခာများ၊ မိုးတွင်း ကာလတွင် အသုံးပြုရန် သွပ်မိုးများ၊ သောက်သုံးရေ၊ နေရာထိုင်ခင်းများနှင့် ပြန်လည် ထူထောင်ရေးအတွက် ငွေကြေးအထောက်အပံ့များ လိုအပ်လျှက်ရှိသည်ဟု သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်၊ နမ့်ခမ်း၊ ကျောက်မဲ၊ နမ္မတူ၊ လားရှိူး၊ လောက်ကိုင်၊ မန်တုံနှင့် မိုင်းရှူး စသည့် မြို့နယ်များတွင် စစ်ပြေးဒုက္ခများ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သူက ဆိုသည်။

ထို့ကြောင့် ရန်ကုန်မြို့ရှိ MCC Hall တွင် ရန်ပုံငွေရှာဖွေပွဲ အစီအစဉ်ကို ကျင်းပမည် ဖြစ်ပြီး တအာင်းရိုးရာ အကပဒေသာများနှင့် အခြားတိုင်းရင်းသား အကပဒေသာများလည်း ပါဝင် သီဆို ကပြဖျော်ဖြေသွားမည် ဖြစ်ကြောင်း ပွဲဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းဒေသတွင်၂၀၁၂ ခုနှစ်မှစတင်၍ မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း များအကြား တိုက်ပွဲ ဖြစ်ပွားခဲ့သလို၊ ဆက်လက် ဖြစ်ပွားနေဆဲ   ဖြစ်၍ နိုင်ငံတကာ အသိုင်းအဝန်းနှင့် မြန်မာပြည်သူအပေါင်းတို့မှ လူသားချင်းစာနာထောက်ထားသောအားဖြင့် ပါဝင်ကူညီလှူဒါန်းနိုင်လိမ့်မည်ဟု မျော်လင့်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယခင်အစိုးရနှင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲခြင်းမရှိသေးသော TNLA တပ်အကြား တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး လက်ရှိ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်း၊ မိုင်းတုံနှင့်   ကျောက်မဲမြို့နယ်များအတွင်း တအာင်းအမျိုသား လွတ်မြောက်ရေး တပ်(TNLA)နှင့် ရှမ်ပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်(RCSS/SSA) တို့အကြား မေလ ၁ ရက်မှ ယနေ့ မေလ ၄ ရက်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly