ဘေးအန္တရာယ်ကြောင့် ဒုက္ခခံရသူများကို ကူညီရန် ဂျပန်နိုင်ငံမှ ကန်ဒေါ်လာ၃၁.၇ သန်းထောက်ပ့ံ

ဘေးအန္တရာယ်ကြောင့် ဒုက္ခခံရသူများကို ကူညီရန် ဂျပန်နိုင်ငံမှ ကန်ဒေါ်လာ၃၁.၇ သန်းထောက်ပ့ံ

ရန်ကုန် ၊မေ ၃ ။                ။  မြန်မာနိုင်ငံအတွင်း ပဋိပက္ခနှင့် ရေကြီးမှုကြောင့် ဘေးဒုက္ခခံစားခဲ့ရသောနေရာဒေသကို ထူထောင်ပေးသည့် လုပ်ငန်းများလုပ်ကိုင်နေသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများကို ဂျပန်နိုင်ငံအစိုးရမှ ကန်ဒေါ်လာ၃၁.၇ သန်းထောက်ပံ့ခဲ့ကြောင်း ကုလသမဂ္ဂကထုတ်ပြန်သည်။

ယင်းလှူဒါန်းငွေဖြင့် ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးရေးနှင့် ရပ်ရွာလူထူ၏ ဘေးအန္တရာယ်ကာကွယ်နိုင်စွမ်းကို ထူထောင်ပေးသည့်လုပ်ငန်းများတွင် အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် နှင့် ချင်းပြည်နယ် တို့တွင် အခြေခံအဆောက်အဦးများ ပြန်လည် တည်ဆောက်ပေးခြင်း၊ ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေခြင်း၊ အဟာရအထောက်အပံ့များကူညီခြင်း အစရှိသည့်လုပ်ငန်းများ ကျန်းမာရေးဆေးကုသမှုတွင်ထောက်ပံ့ပေခြင်း နှင့် ကုလသမဂ္ဂကမ္ဘာ စားနပ်ရိက္ခာမှ ပြည်တွင်းနေရပ် စွန့်ခွာရွေ့ပြောင်းနေရသူများ၊ ဘေးသင့်ပြည်သူများအတွက်   ငွေသားထောက်ပံ့သည့် လုပ်ငန်းများတွင် လှူဒါန်းငွေများကို အသုံးပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“အခုဆောင်ရွက်နေတဲ့လုပ်ငန်းက နောင်ပေါ်ပေါက် လာနိုင်တဲ့ဘေးအန္တရာယ် အခြေအနေတွေ မှာပြည်သူလူထုတွေအနေနဲ့ အကောင်းဆုံး ရင်ဆိုင်ကျော်လွှားနိုင်စွမ်းရှိစေဖို့ ဘေးအန္တရာယ်ဖြစ်နိုင်ခြေ   လျော့ချရေးဆိုင်ရာဆောင်ရွက်ချက်တွေနဲ့အတူ ပူးပေါင်း ဆောင်ရွက်မှာဖြစ်ပါတယ်” ဟု မြန်မာနိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ကိုယ်စားလှယ် Bui Thi Lan ကပြောကြားသည်။

ယင်းအစီအစဉ်အရ ချင်းပြည်နယ်ရှိ ဟားခါး၊ တီးတိန်၊ ဖလမ်းနှင့် ထန်တလန်မြို့နယ်များရှိ ကျေးရွာပေါင်း ၂၀၀တွင်ဆောင်ရွက်မည်ဖြစ်ပြီး၊ လူပေါင်း ၉၀,၀၀၀ကျော် အကျိုးကျေးဇူးရရှိနိုင်စေရန် ရည်ရွယ်ထားကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်မှ  ဋ္ဌာနေကိုယ်စားလှယ် Dom Scalpelli ကလည်း  “မြန်မာနိုင်ငံအစိုးရရဲ့ အတူတကွပူးပေါင်းဆောင်ရွက်မှုအပြင် ဂျပန်နိုင်ငံရဲ့ အချိန်အခါသင့် လှုဒါန်းမှုတွေကြောင့် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အနေနဲ့ ချင်းပြည်နယ်နဲ့ရခို်င်ပြည်နယ်ရှိ မြို့နယ်ပေါင်း၂၀ က အများဆုံးထိခိုက်ခံစားခဲ့ရတဲ့ ပြည်သူတွေရဲ့   ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနိုင်တော့မှာ ဖြစ်ပါတယ်၊ ဒီအတွက်လည်း ကျွန်တော်တို့ ကျေးဇူးအများကြီးတင်ပါတယ်” ဟု က ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly