ဧရာဝတီမြစ်ရေတက်၍ တကောင်းနယ်တစ်ဝိုက်ကျွန်းတောင်သူများ ဒုက္ခရောက်

ဧရာဝတီမြစ်ရေတက်၍ တကောင်းနယ်တစ်ဝိုက်ကျွန်းတောင်သူများ ဒုက္ခရောက်
ဓာတ်ပုံ - ဆုဆုရှိ

မန္တလေး ၊ မေ ၃ ။                ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းနယ် အင်းနက်ကျေးရွာအုပ်စု၊ ဖုန်ကုန်းကျေးရွာအုပ်စုကျွန်းများတွင် ရေတက်ချိန်မဟုတ်ပဲ ဧရာဝတီမြစ်ရေကြီးခဲ့မှုကြောင့် ယင်းနယ်တစ်ဝိုက် ကျွန်းတောင်သူမျာ း ၏ မြေပဲနှင့်ငရုတ် စသည့် ကျွန်စိုက်ခင်းများ ရေနစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့ရကြောင်းသိရသည်။

ကျွန်းစိုက်ပျိုးမှုကို သီတင်းကျွတ်လတွင် စတင်စိုက်ပျိုးပြီး ကဆုန်လ ရေတက်ချိန်တွင် ကျွန်းစိုက်ပျိုးမှု နားချိန်ဖြစ်ကြောင်း၊ကြားကာလ ရေတိုးပါကနှစ်ရက်ခန့်သာတိုးလေ့ရှိသဖြင့် ပျက်စီးဆုံးရှုံးမှု မရှိကြောင်း၊ ယခုနှစ်တွင် ရက်ပေါင်းနှစ်ဆယ်ခန့် ရေတက်သဖြင့် သီးနှံများဆုံးရှုံးခဲ့ကြောင်း ဒေသခံဦးသိန်းလင်းကပြောသည်။

တကောင်းကျွန်းမြေအတွင်း ဒေသအမည်အင်းလင်ပန်းကွင်း၊သဲတုံးကွင်း၊ လှည်းကန်ကွင်း၊ဘုန်းတော်ပြည့်ကွင်း၊ ခါးကျိုးကွင်း၊တာပင်ကွင်းစသည့် စိုက်ကွင်းများမှ တောင်သူများ၏စိုက်ခင်း မြေဧက တစ်သောင်းနီးပါး ရေနစ်မြုပ်ပျက်စီးဆုံးရှုံးခဲ့ကြောင်း တောင်သူ ဦးမောင်တာက ပြောသည်။

''တစ်ခါမှမကြုံခဲ့ဖူးဘူး၊အသက်ငါးဆယ်ကျော်ခဲ့ပြီပေါ့၊ဒီတစ်ခါပဲကြုံဖူးတယ်''ဟု တောင်သူဒေါ်မြင့်မြင့်ဦးကပြောသည်။

ပွဲရုံမှအတိုးများဖြင့်ယူကာစိုက်ပျိုးရခြင်းဖြစ်ပြီး ကျွန်းတက်ချိန်တွင် ပွဲရုံသို့သီးနှံသွင်းကာ ပိုလျှံငွေကိုသုံးစွဲရကြောင်း၊ ယခုကဲ့သို့ဖြစ်ပွားမှုကြောင့် သီးနှံသွင်းရန်ပင် အခက်အခဲဖြစ်နေကြောင်းတောင်သူများ ကပြောသည်။

သီးနှံပေါ်ချိန်တွင် ရှစ်ဧကလျှင် မြေပဲတင်း နှစ်ရာကျော်ရလေ့ရှိသော်လည်း ယခုမူ တင်းငါးဆယ်ခန့်ကိုပင် ရေမြုပ်သည့်အထဲမှ နှုတ်ခဲ့ရကြောင်း ယခင်က ပဲနုတ်နေ့စားအလုပ်သမားတစ်ဦးလျှင် တစ်နေ့ကျပ် ၃၀၀၀သာပေးရသော်လည်း လူကြီးတစ်ဦးလျှင်တစ်သောင်းကျပ်နှုန်း ကလေးအလုပ်သမားတစ်ဦးလျှင်ငါးထောင်ကျပ်နှုန်းဖြင့် ရရာအလုပ်သမားများကိုရှာ၍ အမြန်လုပ်ကိုင်ခဲ့ကြ ရကြောင်းကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly