ဇီကာ ဗိုင်းရပ်အန္တရာယ် ယခင်ယူဆထားသည်ထက် ပိုကြီးမားဟု ပညာရှင်များပြော

ဇီကာ ဗိုင်းရပ်အန္တရာယ် ယခင်ယူဆထားသည်ထက် ပိုကြီးမားဟု ပညာရှင်များပြော

ရီယိုဒီ ဂျနေးရိုး၊ မေ ၂ ။             ။ ခြင်မှတဆင့် ကူးစက်သော ဇီကာ ဗိုင်းရပ်ပိုးသည် ယခင်ထင်ထားသည်ထက် ပိုမို အန္တရာယ်များနိုင်ကြောင်း ဘရာဇီး သိပ္ပံပညာရှင်များက ထုတ်ဖော်ပြောကြားလိုက်သည်။

ဇီကာ ဗိုင်းရပ် ကူးစက်ခံရသူ ကိုယ်ဝန်ဆောင်အမျိုးသမီး ငါးဦးအနက် တစ်ဦးသည် ဦးနှောက်နှင့် အာရုံကြောထိခိုက်နိုင်ချေ ပိုမိုများပြားကြောင်း အဆိုပါသုတေသနတွင် ဦးဆောင်နေသည့် ပညာရှင်များက ဘီဘီစီကို ပြောကြားခဲ့သည်။

ရောဂါ ကာကွယ်ရေးဆိုင်ရာ သတင်းအချက်အလက်များ ပညာပေးဖြန့်ဝေနိုင်မှုကြောင့် ဘရားဇီးနိုင်ငံ၏ နေရာအချို့တွင် ဇီကာဗိုင်းရပ်ကူးစက်မှုနှုန်းမှာ ကျဆင်းသွားပြီ ဖြစ်သည်။

သို့သော် ကာကွယ်ဆေးအတွက် သုတေသနရှာဖွေစမ်းသပ်မှုများသည် ကနဦးအဆင့်တွင်သာ ရှိနေသေးသည်။

လက်ရှိတွင် အဆိုပါ ဗိုင်းရပ်ပိုးသည် ဒေသတွင်း၌ ဆက်လက်ပျံ့နှံ့နေဆဲဖြစ်သည်။
ဆရာဝန်များနှင့် ဆေးသုတေသနပညာရှင်အများစုသည် ပုံမမှန်ဦးခေါင်းသေးငယ်ပြီၤး ဦးနှောက်ဖွံ့ဖြိုးမှု တုံ့ဆိုင်းနေသော ကလေးငယ်များမွေးဖွားမှုမှာ ဇီကာဗိုင်းရပ်နှင့် ဆက်စပ်မှုရှိနေကြောင်း လက်ခံထားပြီး ဖြစ်သည်။

ကိုယ်ဝန်ဆောင်နေစဉ် ဇီကာ ဗိုင်းရပ်ကူးစက်ခံရသူ အမျိုးသမီးများအနက် ၁%သည် ပုံမမှန်ဦးခေါင်းသေးသော ကလေးမွေးဖွားနိုင်သည်ဟု ခန့်မှန်းထားသည်။

ဘရာဇီးဆရာဝန်များကမူ ဇီကာဗိုင်းရပ်ပိုးကူးစက်ခံရသော ကိုယ်ဝန်ဆောင် အမျိုးသမီးများအနက် ၂၀%တွင် သားအိမ်အတွင်းရှိ သန္ဓေသား၏ ဦးနှောက်ထိခိုက်မှု အမျိုးမျိုးဖြစ်ပေါ်နေသည် ကိုတွေ့ရကြောင်း ဘီဘီစီကို ပြောကြားခဲ့သည်။

နယူးအင်္ဂလန် ဆေးပညာဂျာနယ်တွင် ဖော်ပြထားသော သီးခြားလေ့လာဆန်းစစ်မှုတစ်ရပ်တွင်မူ စမ်းသပ် စစ်ဆေးမှု  ၂၉% တွင် ဇီကာဗိုင်းရပ်ကူုးစက်ခံရသော အမျိုးသမီးများ၏ သားအိမ်အတွင်း သန္ဓေသား၏ ကြီးထွားမှု တုံ့ဆိုင်းသွားခြင်း စသည့် ပုံမမှန်ဖြစ်မှုများ တွေ့ရှိရကြောင်း ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly