ရခိုင်နယ်စပ်ကုန်သွယ်ရေးဇုန် မေလအတွင်း လုပ်ငန်းစတင်နိုင်မည်

ရခိုင်နယ်စပ်ကုန်သွယ်ရေးဇုန် မေလအတွင်း လုပ်ငန်းစတင်နိုင်မည်
မောင်တောကညင်ချောင်းကုန်သွယ်ရေးဇုန် (ဓာတ်ပုံ - မင်းထက်)

မေ ၂ ရက် ။               ။ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ကညင်ချောင်းတွင် တည်ဆောက်နေသည့် ကုန်သွယ်ရေးဇုန်မှာ ရာခိုင်နှုန်းအားဖြင့် ၉၀ ကျော် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကာ စီးပွားရေးလုပ်ငန်းရှင်များအနေနှင့် ရင်းနှီးမြုပ်နှံမှုများကို စတင်ပြုလုပ်နိုင်ပြီ ဖြစ်ကြောင်း သိရသည်။

"လက်ရှိ ကုန်သွယ်ရေးဇုန်ဟာ အရင်အစိုးရရဲ့ အစပျိုးမှုနဲ့ မောင်တောဒေသ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်တွေ ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ လုပ်ပြီးစီးမှုကတော့ ၉၀ ရာခိုင်နှုန်းကျော် ပါပြီ။ လောလောဆယ်မှာ ဒေသခံ လုပ်ငန်းရှင် ၂၀ ဦးလောက် လာရောက် ရင်းနှီးမြုပ်နှံထားပြီးဖြစ်တာမို့ ဒေသခံတွေကို ထပ်ပြီး လက်ခံတော့မှာ မဟုတ်ပါဘူး။ နိုင်ငံတဝန်းလုံးက အခြားစီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်လက်ခံသွားမှာပါ။" ဟု မောင်တောနယ်စပ် ကုန်သွယ်ရေး ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးအောင်မြင့်သိန်းက ပြောသည်။

မောင်တောမြို့နယ်ရှိ ကညင်ချောင်း ကုန်သွယ်ရေးဇုန်ကို ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလတွင် စတင် အကောင်ထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး မြေဧက ၄၉ ဒဿမ ၆၇ ဧကတွင် ငွေကျပ် သိန်းပေါင်း တစ်သောင်းခွဲခန့် ကုန်ကျ ရင်းနှီးမြုပ်နှံခဲ့ခြင်း ဖြစ်ပြီး ယခု မေလနောက်ဆုံးသီတင်းပတ်တွင် လုပ်ငန်းများအားလုံး ပြီးစီးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ယခု ကုန်သွယ်ရေးဇုန် စတင်လည်ပတ်လာပါက အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံများသို့ ကုန်သွယ်မှုလမ်းကြောင်း ပိုမို တိုးမြင့်ဆောင်ရွက်နိုင်ရန်နှင့် ရခိုင်ပြည်နယ် နယ်စပ်ဒေသမှာ ပိုမို ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်းလည်း ဦးအောင်မြင့်သိန်းက ပြောကြားခဲ့သည်။

ကညင်ချောင်း ကုန်သွယ်ရေးဇုန်မှာ လက်ရှိအားဖြင့် ရေထွက်ပစ္စည်းများကို အများဆုံး ကုန်သွယ်မှုပြုလုပ်နေပြီး ထပ်မံ၍ ဟိုတယ်လုပ်ငန်းများ တိုးချဲ့သွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly