ကမ္ဘောဒီးယားတွင် ၁၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ခရီးသည်တင်ရထား ပြန်လည်ပြေးဆွဲ

ကမ္ဘောဒီးယားတွင် ၁၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ခရီးသည်တင်ရထား ပြန်လည်ပြေးဆွဲ

ဖနွမ်းပင်၊ မေ၊ ၁ ။            ။ ကမ္ဘောဒီးယားနိုင်ငံတွင် ၁၄ နှစ်တာကာလအတွင်း ပထမဆုံးအကြိမ်အဖြစ် ခရီးသည်တင်ရထား ခရီးစဉ်တစ်ခုကို စနေနေ့က ပြန်လည်စတင်ပြေးဆွဲခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏မြို့တော် ဖနွမ်းပင်မှနေ၍ အနောက်တောင်ဘက်ကမ်းရိုးတန်းရှိ ကမ္ဘာလှည့်ခရီးသည်များ လည်ပတ်ရာနေရာများသို့ ပြေးဆွဲမည့် အဆိုပါရထားခရီးစဉ်ကို ရက်သတ္တပတ်ကုန်ရက်များဖြစ်သည့် သောကြာ၊ စနေ၊ တနင်္ဂနွေနေ့တို့တွင်သာ ပြေးဆွဲသွားဦးမည်ဖြစ်သည်။

အဆိုပါခရီးစဉ်မှာ ၈ နာရီခန့် ကြာမြင့်မည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၇ ဒေါ်လာနီးပါးကျသင့်မည်ဖြစ်သည်။

စနေနေ့ကပြေးဆွဲခဲ့သော ပထမဆုံးခရီးစဉ်တွင် အထူးဧည့်သည်တော်အဖြစ် ကမ္ဘောဒီးယားဝါရင့်ဝန်ကြီးချုပ် ဟွမ်ဆန် ကိုယ်တိုင်လိုက်ပါစီးနင်းခဲ့သည်ကိုလည်း တွေ့ရသည်။

'' ရထားတွေနဲ့ ရထားလမ်းတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ လောက်တုန်းက စစ်ပွဲအတွင်းမှာ အကုန်လုံးနီးပါး ဖျက်ဆီးခံ လိုက်ရပါတယ်။ အခုကျွန်တော်တို့တိုင်းပြည်က ငြိမ်းချမ်းနေပြီဆိုတော့ သယ်ယူပို့ဆောင်ရေးအခြေခံအဆောက်အဦ တွေကို ပြန်ဆောက်ဖို့ အခွင့်အရေးရှိနေပါပြီ '' ဟု မစ္စတာဟွမ်ဆန်က သူ၏ Facebook စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ကမ္ဘောဒီးယားတွင် ကုန်တင်ရထားပြေးဆွဲမှုကိုမူ လွန်ခဲ့သော ၃ နှစ်ကတည်းက ပြန်လည်စတင်နေခဲ့ပြီး ဖြစ်သည်။

ကမ္ဘောဒီးယားနိုင်ငံအတွင်းတွင် ရထားလမ်းများ ကီလိုမီတာရာနှင့်ချီပြီးရှိသော်လည်း ဆယ်စုနှစ်ပေါင်းများစွာ ပစ်ထားခဲ့ပြီးနောက် ရထားလမ်းပိုင်းအနည်းငယ်ကိုသာ အသုံးပြုနိုင်သည့်အခြေအနေတွင် ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly