သူ့အပေါ် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်များမှာ နိုင်ငံရေးသိက္ခာချခြင်းသာဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်ပြောကြား

သူ့အပေါ် အကျင့်ပျက်ခြစားမှုစွပ်စွဲချက်များမှာ နိုင်ငံရေးသိက္ခာချခြင်းသာဖြစ်သည်ဟု မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်ပြောကြား

ကွာလာလမ်ပူ၊ ဇူလိုင်-၃ ။      ။ ကန်ဒေါ်လာ သန်း၉၀၀ကျော်မှာ ဘဏ်များမှ သူ၏ ပုဂ္ဂလိကငွေစာရင်း၊ ကြွေးဝန်ပိနေ သည့် နိုင်ငံတော် ရံပုံငွေ 1MDBနှင့် ချိတ်ဆက်နေသည့် အစိုးရအေဂျင်စီများ၊ ကုမ္ပဏီများနှင့် စီးဝင်သွားသည်ဟူသည့် သတင်းမှာ နိုင်ငံရေး သိက္ခာချမှုသက်သက်သာဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇက်က ပြောကြားခဲ့သည်။

အယ်၍ Wall Street ဂျာနယ်၏ သတင်းသာမှန်ကန်ခဲ့ပါက အကျပ်အတည်းတွေ့နေသည့် ဝန်ကြီးချုပ်မှာ ပထမဆုံးအကြိမ် အနေဖြင့် ရံပုံငွေနှင့် ပတ်သက်သည့် အကျင့်ပျက်ခြစားမှုစွဲချက်များနှင့် တိုက်ရိုက် ဆက်နွယ်လာခြင်းပင်ဖြစ်သည်။    

 ‘လူတစ်ချို့က ကျွန်တော်တို့ရဲ့ စီးပွားရေးကို အယုံအကြည်ပျက်ယွင်းလာအောင်၊ အစိုးရကို ဂုဏ်သရေ ညှိုးမှိန်စေပြီး၊ ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ဝန်ကြီးချုပ်ကို ဖယ်ရှားပစ်ဖို့ တစိုက်မတ်မတ် လုပ်ဆောင်နေတာတွေ ရှိနေပါတယ်’’ဟု မစ္စတာ နာဂျစ်၏ ရုံးက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် လွှင့်တင်လာသည့် ကြေညာချက် တစ်ခုတွင် ပြောကြား ခဲ့သည်။

‘အမည်မဖော်လိုတဲ့ စုံစမ်းစစ်ဆေးသူတွေရဲ့ ပြောကြားချက်အရ ဝန်ကြီးချုပ်ကို တိုက်ခိုက်ဖို့အတွက် အခြေခံတစ်ခုအနေနဲ့ အသုံးပြုနေကြတဲ့ ဒီပြောဆိုချက်တွေဟာ နိုင်ငံရေးသိက္ခာချမှုရဲ့ နောက်ဆက်တွဲတွေပါပဲ’ဟုလည်း အဆိုပါကြေညာချက် တွင် ပြောကြားထားသည်။

ဆက်လက်ပြီး သက်ဆိုင်ရာအာဏာပိုင်များက တိုက်ဆိုင်စစ်ဆေးခြင်းမရှိဘဲ သတင်းတွင် ကိုးကားထားသည့် စာရွက်စာတန်း များကို အစစ်အမှန်ဟု လက်မခံသင့်ကြောင်းလည်း ကြေညာချက်တွင် ပြောကြားထားသည်။ ထို့ပြင် မကြာသေးမီက မီဒီယာပေါ် တင်လာခဲ့သည့် 1MDBနှင့် ဆက်နွယ်နေသော အချက်အလက်များကို ပြောင်းလဲပုံဖျက်ထားသည့် ရာဇဝတ်မှုမြောက်သော စာရွက်စာတန်းများ ပေါက်ကြားမှုအကြောင်း သတင်းများကိုလည်း အဆိုပါ ကြေညာချက်က ထောက်ပြထားသည်။  

 ‘ဒီနေ့အစောပိုင်းက မီဒီယာသတင်းပို့ချက်တွေနဲ့ စပ်လျဉ်းပြီးပြောချင်တာက 1MDB ဟာ ဘယ်တုန်းကမှ ဘာရံပုံငွေမှ ဝန်ကြီးကို မထောက်ပံ့ခဲ့ဘူးဆိုတာပါပဲ’’ဟု 1MDBက ကြေညာချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ‘ဒါ့ကြောင့် တစ်ချို့မီဒီယာတွေရဲ့ လုပ်ရပ်တွေဟာ တာဝန်မဲ့လွန်းပြီး၊ ကုမ္ပဏီကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ လုပ်နေကြတာပါ’’ဟု 1MDBက ပြောကြားခဲ့သည်။

အတိုက်အခံပါတီနှစ်ခုကမူ စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးနေစဉ်အတွင်း မစ္စတာ နာဂျစ်အနဖြင့် ဝန်ကြီးချုပ်တာဝန်မှ ခွင့်ဖြင့်အနား ယူထားရန် တိုက်တွန်းနေကြသည်။

ဝန်ကြီးချုပ်ဟောင်းတစ်ဦး၏ သားတစ်ယောက်ဖြစ်သည့် မစ္စတာ နာဂျစ်မှာ ပါတီတွင်းနှင့် အတိုက်အခံပါတီများမှ လာဘ်စားမှုနှင့် တလွဲစီမံခန့်ခွဲမှု စွဲချက်များဖြင့် အဆက်မပြတ်တိုက်ခိုက်မှုကို ခံနေရသော်လည်း ကာလကြာမြင့်စွာ အုပ်စိုးလာခဲ့သည့် Barisan Nasional (BN)ညွှန်ပေါင်းအစိုးရအဖွဲ့အတွင်းတွင်မူ သူ့အားထောက်ခံမှုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

အစိုးရစာရွက်စာတန်းများကို ကိုးကားထားသည့် Wall Street သတင်းတွင်မူ မစ္စတာနာဂျစ်၏ ဘဏ်စာရင်းအတွင်းသို့ စီးဝင် သွားသည့် ငွေလွှဲမှု ၅ခုအထိ ရှိခဲ့သည်ဟုဆိုသည်။ ကန်ဒေါ်လာ ၈၁၇သန်းနှင့် ကန်ဒေါ်လာ သန်း၈၀ ငွေလွှဲမှုကြီးနှစ်ခုကို မလေးရှား ရွေးကောက်ပွဲ မဲဆွယ်ကာလအတွင်း 1MDBနှင့် ချိတ်ဆက်ထားသည့် ကုမ္ပဏီများမှတစ်ဆင့် ပြုလုပ်ခဲ့သည် ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly