ပဲရစ်မြို့ဆင်ခြေဖုံးလမ်းမများပေါ်မှ ပရီးမီးယားလိဂ်ချန်ပီယံလမ်းသို့ လျှောက်လှမ်းခဲ့သူ (သို့) ရီယက်မာရက်ဇ်

ပဲရစ်မြို့ဆင်ခြေဖုံးလမ်းမများပေါ်မှ ပရီးမီးယားလိဂ်ချန်ပီယံလမ်းသို့ လျှောက်လှမ်းခဲ့သူ (သို့) ရီယက်မာရက်ဇ်

အသင်းနည်းပြ ယူဆောင်လာသည့် သတင်းကြောင့် အသက် ၁၈ နှစ်အရွယ် ကစားသမားလေး၏ ပါးပြင်တွင် မျက်ရည်များ တသွင်သွင်စီးကျလျက်ရှိသည်။ ပရော်ဖက်ရှင်နယ်ဘောလုံး သမားတစ်ဦး ဖြစ်လိုသည့် သူ၏ရည်မှန်းချက်ကြောင့် နေအိမ်နှင့် မိုင်ပေါင်းများစွာဝေးကွာသည့်အရပ်သို့ သူသွားရပေတော့မည်။ ဘောလုံးသမားဘ၀ ခရီးကြမ်းကို စတင်ဖို့ ခြေလှမ်းစတင်လိုက်ပေပြီ။

ယင်းအချိန်က ၂၀၀၉ ခုနှစ် ဖြစ်သည်။ AAS Sarcelles အသင်းတွင် ကစားနေသော လူငယ်ကစားသမားလေး မာရက်ဇ်ကို ပြင်သစ်စတုတ္ထတန်းကလပ် Quimper အသင်းက ခေါ်ယူခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လ ခြေစွမ်းစမ်းသပ်သည့်နေ့တွင် နည်းပြ ရိုနန်ဆာလွန်သည် အခြားလူငယ်ကစားသမား ၂၀ ထက် မာရက်ဇ်ကို ပိုမိုနှစ်သက်နေခဲ့ပြီး ခေါ်ယူရန် အသင်းသို့ တိုက်တွန်းခဲ့သည်။ သို့သော် မာရက်ဇ်အတွက် တစ်လလျှင် ယူရို ၇၅၀ ပေးချေရမည့်အတွက် အသင်းဘက်မှ ချီတုံချတုံ ဖြစ်နေခဲ့သည်။ မာရက်ဇ်တစ်လလောက် ကစားပြပြီးတွင်မှ Quimper အသင်း ခြေစွမ်းစမ်းသပ် သည့်နေ့မှ ခေါ်ယူခဲ့သော တစ်ဦးတည်းသောကစားသမားမှာ မာရက်ဇ်ဖြစ်နေခဲ့သည်။

လမ်းမပေါ်မှာ သင်ယူခြင်း

မာရက်ဇ်မှာ Quimper အသင်းသို့ မားသီးယက်စ်ပေါ့ဂ်ဘာ(ပေါ့ဂ်ဘာ၏ညီ) ဖြစ်သူနှင့်အတူ ရောက်ရှိလာခဲ့သည်။ အစပထမမှာ မာရက်ဇ်တွက် အခက်အခဲများစွာနှင့်ရင်ဆိုင်ခဲ့ရသည်။ (ဘီ)အသင်းသို့ ခုနှစ်ကြိမ်အထိ အပို့ခံခဲ့ရသည်။ မာရက်ဇ်၏ အရည်အချင်းကို မယုံကြည်နိုင်သေး။ မာရက်ဇ်ကတော့ လမ်းမများပေါ်မှာ ဘောလုံးကစားရင်း သူ၏ အရည်အချင်းတိုးတက်ဖို့ ကြိုးစားဆဲ ဖြစ်သည်။

'သူက လမ်းမပေါ်က ဘောလုံးသမားပါ။ အိမ်နီးနားချင်းတွေနဲ့ ဘောလုံးကစားရင်း တိုးတက်ဖို့ သူကြိုးစားပါတယ်။ လမ်းပေါ်မှာ ကစားတာက သူ့အတွက် ကောင်းသလို၊ ကောင်းလည်း မကောင်းပါဘူး။ ကောင်းတာကတော့ သူ့ရဲ့ ပင်ကိုယ်အရည်အချင်းတွေ တိုးတက်လာတာပါ။ ခြေထောက်နှစ်ဖက်စလုံးနဲ့ ဘောလုံးကို လိမ်နိုင်ခေါက်နိုင်ပြီး၊ တည်ကန်ဘောတွေကိုလည်း ကောင်းကောင်းသွင်းယူနိုင်ပါတယ်။ ဒါပေမဲ့ နည်းစနစ်ပိုင်းကိုတော့ သူဘာမှ မသိပါဘူး' လို့ နည်းပြဟောင်း မစ်ကယ်ပယ်လန်က ဆိုသည်။

လက်ရှိ မာရက်ဇ်၏ နည်းစနစ်ပိုင်းက သံသယရှိစရာမလိုသည့် အနေအထားဖြစ်သည်။ သို့သော် ထိုအချိန်တုန်းကတော့ Quimper အသင်းမှာ မာရက်ဇ်အတွက် စိုးရိန်ပူပန်မှုများ ရှိနေခဲ့သည်။ ပြီးတော့ သူ၏ တောင့်တင်း ကြံ့ခိုင်မှုမရှိသော ခန္ဓာကိုယ်။ ဒါနဲ့ ပတ်သက်ပြီး သူ့ကို မယုံကြည်သူတွေက အမြဲ ပြောဆိုလေ့ရှိကြသည်။

'ကျွန်တော့်ထက် အသက်အရွယ်ကြီးသူတွေနဲ့ အမြဲ ဘောလုံးကစားတယ်။ ၁၅၊ ၁၆ လောက်တုန်းက အသက် ၂၀ လောက်ရှိတဲ့ သူတွေနဲ့ ကစားတယ်။ ၂၀ လောက်ရောက်လာတော့ ၂၅ လောက်ရှိတဲ့ သူတွေနဲ့ ကစားတယ်။ ဒါက ကျွန်တော့်ကို အကူအညီပေးတယ်။ ပြန်ကြည့်လိုက်။ ဒါနဲ့ ပတ်သက်ပြီး ဘယ်တုန်းကမှ စိတ်ပျက်ဝမ်းနည်းစရာ မရှိခဲ့ဘူး။

ကျွန်တော့်ကို သံသယရှိသူတွေကို ဘယ်လို သက်သေပြလဲဆိုတော့။ ကျွန်တော့်ရဲ့ ကျွမ်းကျင်မှု၊ ကျွန်တော့်ရဲ့ အရည်အချင်းတွေနဲ့ သက်သေပြတယ်။ ပထမတော့ သူတို့ ကျွန်တော့်ကို သံသယတွေနဲ့ ပြောဆိုကြတယ်။ ဘောလုံးပွဲကစားပြီးသွားရင်တော့ သူတို့ အမြင်တွေ ပြောင်းသွားကြတာပါပဲ။ မြို့ထဲက လမ်းမတွေပေါ်မှာ အမြဲတမ်း ဘောလုံးကစားခဲ့တယ်။ ဒါက အများကြီး အထောက်အကူဖြစ်ပါတယ်။ ဘောလုံးသမားတစ်ယောက် မဖြစ်နိုင်ဘူးလို့ ဘယ်တုန်းကမှ ကျွန်တော် မတွေးခဲ့ပါဘူး။ ဘယ်တုန်းကမှပဲ…' ဟု မာရက်ဇ်က ပြောပြခဲ့သည်။

၂၀၀၉-၁၀ ရာသီတွင် မာရက်ဇ်သည် Quimper အသင်း၌ ဒုတိယရာသီဝက်တွင်မှ ကစားခွင့်ရခဲ့သည်။ ထိုရာသီတွင် Quimper အသင်းတန်းဆင်းခဲ့ရသည်။ သို့သော် မာရက်ဇ်၏ တိုးတက်မှုများကတော့ ရပ်တန့်မသွားခဲ့ပေ။ ထိုလိဂ်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်နေသော လီဟာဗေးလ်(ဘီ)အသင်းက မာရက်ဇ်ကို ခေါ်ယူသွားခဲ့သည်။ လီဟာဗေးလ်(ဘီ)အသင်းတွင် ပထမဆုံးရာသီမှာပင် ၁၃ ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့သည်။ လီဟာဗေးလ်အသင်းကြီးက မျက်စိကျခဲ့သော်လည်း နောက်ထပ် ၁၈ လ လောက် စောင့်ဆိုင်းပြီးမှ ပြင်သစ်လိဂ်(၂)တွင် ကစားခွင့်ရခဲ့လေသည်။

ဖခင်ဖြစ်သူ၏ဆန္ဒ

မာရက်ဇ်ကို ပြင်သစ်နိုင်ငံ Sarcelles အရပ်တွင် မွေးဖွားခဲ့ခြင်း ဖြစ်သည်။ ထိုအရပ်မှာ ပဲရစ်မြို့၏မြောက်ဘက်တွင် တည်ရှိသော ဆင်ခြေဖုံးရပ်ကွက်လေး တစ်ခုဖြစ်သည်။ အယ်လ်ဂျီးရီးယန်းဖခင်နှင့် မော်ရိုကန်မိခင်တို့မှ ၁၉၉၁ ခုနှစ်တွင် မာရက်ဇ်ကို ထိုရပ်ကွက်လေးတွင် မွေးဖွားခဲ့သည်။ ၂၉၅၀ မှ ၁၉၆၀ အတွင်းဖြစ်ပွားခဲ့သော အယ်လ်ဂျီးရီးယားစစ်တွင် ဒုက္ခရောက်ခဲ့ရသူများအတွက် ပြန်လည်နေရာချထားပေးသော စစ်ဘေးရှောင် ရပ်ကွက်ကလေးဖြစ်သည်။ သို့သော် ထိုရပ်ကွက် လမ်းမများသည် ယခု ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတော့မည့် မာရက်ဇ်၏ ခြေရာများချည်း ဖြစ်သည်။

'အဲ့ဒီနေရာလေးမှာက တစ်ယောက်နဲ့ တစ်ယောက်မသိတဲ့ လူဆိုတာ မရှိကြဘူး။ ကျွန်တော်မှတ်မိနေတာကတော့ အသက် ၆ နှစ်အရွယ်မှာ အဖေက ဘောလုံးကစားဖို့ ပထမဆုံး ဘောလုံးကလပ်အသင်းကို ခေါ်သွားတဲ့ အချိန်ပဲ။ အဲ့ဒီအချိန်တုန်းက ကျွန်တော်က တကယ်ကို ပျော်ရွှင်ရတဲ့ ကလေးတစ်ယောက်ပေါ့။ အသင်းမှာ ရှိတဲ့လူတိုင်းက ကျွန်တော်အားကျတဲ့ သူတွေချည်းပဲ' ဟု မာရက်ဇ်က သူ၏အတိတ်ကို ပြန်ပြောင်း ပြောပြသည်။

မာရက်ဇ် အသက် ၁၅ နှစ်အရွယ်အရောက်တွင် ဖခင်ဖြစ်သူ အာမက် နှလုံးရောဂါဖြင့် ရုတ်တရက် ဆုံးပါးသွားခဲ့ရသည်။ မာရက်ဇ်တို့မောင်နှမသုံးဦးနှင့် မိခင်ဖြစ်သူအတွက် ကြီးမားသည့် ဆုံးရှုံးမှုကြီးဖြစ်ခဲ့ရသည်။ အယ်လ်ဂျီးရီးယားနှင့် ပြင်သစ်တွင် အပျော်တမ်းဘောလုံးအသင်းများ၌ ကစားခဲ့သည့် အာမက်မာရက်ဇ်သည် သားဖြစ်သူကို ဘောလုံးသမားတစ်ဦးဖြစ်လာစေရန် စိတ်ဆန္ဒရှိခဲ့သူဖြစ်ပြီး လမ်းကြောင်းပြသပေးခဲ့သူ ဖြစ်သည်။

'အဖေဆုံးသွားခဲ့တာက ကျွန်တော့်ကို တကယ်ထိခိုက်စေခဲ့ပါတယ်။ အသက်က ၁၅ နှစ်ပဲ ရှိသေးတာဆိုတော့ ငယ်ကလည်း ငယ်သေးတယ်လေ။ မိဘတစ်ဦးတည်းနဲ့ ရှင်သန်ရတဲ့ဘဝက ခက်ခဲပါတယ်။ ဒါပေမဲ့ အဲ့ဒါကပဲ ကျွန်တော့်ကို ပိုပြီး သန်မာစေခဲ့တယ်။ အဖေက ကျွန်တော့်ကို ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဖြစ်စေချင်ခဲ့တယ်လေ။ ဒါကြောင့် အဖေဆုံးသွားတာက ကျွန်တော့်အတွေးအမြင်ကို ရှင်းလင်းစေခဲ့ပြီး ဘောလုံးကစားတဲ့နေရာမှာ ပိုပြီး ထိရောက်မှု ရှိလာခဲ့တယ်' ဟု မာရက်ဇ်က သတိတရ ပြောပြခဲ့သည်။

လက်စတာအသင်းဆီသို့

Quimper အသင်းကနေ လီဟာဗေးလ်(ဘီ)အသင်း အဲ့ဒီကနေမှတစ်ဆင့် လီဟာဗေးလ်အသင်းကြီးသို့ ရောက်လာခဲ့သည့် မာရက်ဇ်သည် ၂၀၁၁ ခုနှစ်တွင် ပြင်သစ်လိဂ်(၂)၌ စတင်ကစားခွင့်ရခဲ့သော်လည်း သာမန်လူငယ်ကစားသမား တစ်ဦးမျှသာ ဖြစ်သည်။

၂၀၁၂-၁၃ ရာသီတွင်တော့ လီဟာဗေးလ်အသင်းကြီးအတွက် ၃၉ ပွဲအထိကစားပေးခဲ့ရပြီး ၅ ဂိုးသွင်းယူပေးနိုင်ခဲ့သည်။ ယင်းအချိန်အထိ မာရက်ဇ်ကို ဘယ်သူကမှ စိတ်မဝင်စားသေး။ လက်စတာအသင်းက မာရက်ဇ်ကို တွေ့ရှိခဲ့ပုံကလည်း ဆန်းသည်။

၂၀၁၂ ခုနှစ်က ဖြစ်သည်။ လက်စတာအသင်းက တောင်ပံကစားသမားသစ်တစ်ဦးခေါ်ယူရန် ရှာဖွေနေချိန် ဖြစ်ပြီး ရွိုင်ယန်မန်ဒက်ဇ်ဆိုသည့် ကစားသမားကို ကင်းထောက်များက လာရောက်စောင့်ကြည့်ရင်း မာရက်ဇ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ မာရက်ဇ်ကို စတင်တွေ့ရှိခဲ့သည့် စတိဗ်ဝက်ရှ်က 'မာရက်ဇ်က တကယ့်ကို ကျောက်ရိုင်းတစ်ပွင့်ပဲ။ သူက ဘောလုံးကို ကောင်းကောင်းထိန်းထားနိုင်ပြီး ခံစစ်ကစားသမားတွေကို ဖြတ်ကျော်နိုင်တယ်။ သူ့ရဲ့ တချို့ဆုံးဖြတ်ချက်တွေကတော့ မကောင်းဘူး။ ဒါကြောင့် နောက်တန်းသမားတွေအတွက် သူက လန့်စရာမဟုတ်ဘူး။ ဒါပေမဲ့လည်း သူက တကယ်အရည်အချင်းရှိတဲ့သူဆိုတာ သိသာတယ်' ဟု ပြောပြခဲ့သည်။

စတိဗ်ဝက်ရှ်ကပင် လက်စတာအသင်း၏ ကင်းထောက်ချုပ် ဒေးဗစ်မေးလ်ထံသို့ မာရက်ဇ်အကြောင်းကို ပေးပို့ခဲ့ပြီး စောင့်ကြည့်ရန် တိုက်တွန်းခဲ့ခြင်း ဖြစ်သည်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင်တော့ အင်္ဂလန်ချန်ပီယံရှစ်ကလပ် လက်စတာအသင်းက မာရက်ဇ်ကို ပြောင်းရွှေ့ကြေး ပေါင်လေးသိန်းခွဲဖြင့် ခေါ်ယူခဲ့သည်။ ယခင်က မာရက်ဇ်ကို ခေါ်ယူခဲ့သည့် ပြောင်းရွှေ့ကြေးများဖြင့် နှိုင်းယှဉ်လျှင် အလွန်များပြားနေခဲ့သည်။ ထိုအချိန်က မာရက်ဇ်ကို ခေါ်ယူရန် အခွင့်အရေး ရှိကြသော်လည်း ပြင်သစ်လိဂ်က ဘယ်အသင်းကမှ စိတ်ဝင်စားခြင်း မရှိခဲ့ကြပေ။ လက်စတာတစ်သင်းတည်းသာ စိတ်ဝင်စားခဲ့ခြင်း ဖြစ်သည်။

'အဲ့ဒီအချိန်က ကျွန်တော့်ကို စိတ်ဝင်စားတဲ့ အသင်းအချို့ရှိခဲ့ပေမယ့် အမှန်တကယ်ကမ်းလှမ်းမှုမျိုးတော့ မရှိခဲ့ပါဘူး။ ကျွန်တော့်ကို ခေါ်ယူခဲ့တဲ့ လက်စတာအသင်းဆိုတာကို ကျွန်တော်မသိဘူး။ သူတို့က ချန်ပီယံရှစ်မှာ ကစားနေတာဆိုတော့ ပြင်သစ်မှာ တကယ်ကို မသိကြပါဘူး။ ရက်ဘီအသင်းလို့ ကျွန်တော်ထင်ခဲ့တာပါ။ လက်စတာကို ပြောင်းရတာ ကြိုက်လားဆိုတော့လဲ၊ သေချာမသိခဲ့ဘူး။ ဒါပေမဲ့ လက်စတာကို ရောက်လာတဲ့ အချိန်မှာတော့ ပံ့ပိုးမှုတွေက ပြည့်စုံကောင်းမွန်နေပါတယ်။ အသင်းပြောင်းလာမိလို့ နောင်တမရခဲ့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ကစားခဲ့ဖူးတဲ့ အသင်းတွေထဲမှာ အကောင်းဆုံး ဖြစ်နေလို့ပါ' ဟု မာရက်ဇ်က ပြောဆိုခဲ့သည်။

ချန်ပီယံရှစ် ၂၀၁၄ မှ ပရီးမီးယားလိဂ် ၂၀၁၆

လက်စတာအသင်းသို့ရောက်ရှိပြီးနောက်တွင် မာရက်ဇ်သည် သူ၏ အရည်အချင်းများကို ပြသပြီး အသင်းကို ကူညီနိုင်ခဲ့သည်။ ၂၀၁၃-၁၄ ဒုတိယရာသီဝက်တွင် လက်စတာအသင်းမှာ ချန်ပီယံရှစ်တွင် လွှမ်းမိုးနိုင်ခဲ့ပြီး ချန်ပီယံဆုကို ရယူကာ ပရီးမီးယားလိဂ်သို့ တန်းတက်လာနိုင်ခဲ့သည်။

ပရီးမီးယားလိဂ်သို့ ရောက်ရှိလာချိန်တွင်လည်း မာရက်ဇ်မှာ လက်စတာအသင်း၏ အဓိက ကစားသမားဖြစ်လာခဲ့သည်။ ပွဲ ၃၀ တွင် ၄ ဂိုးသွင်းယူပေးခဲ့သည်။ ပရီးမီးယားလိဂ်ပထမဆုံးရာသီတွင် လက်စတာအသင်းမှာ အဆင့် ၁၇ သာ ရရှိခဲ့ပြီး တန်းမဆင်းရရန် အလွန်ရုန်းကန်ခဲ့ရသည်။

၂၀၁၅-၁၆ ရာသီမစမီမှာတော့ လက်စတာအသင်းကို အားလုံးက တန်းဆင်းဖို့ ရုန်းကန်ရမည့် အသင်းစာရင်းတွင်သာ ထည့်သွင်းထားကြသည်။ ချယ်လ်ဆီးနည်းပြဟောင်း ရာနီရေရီကို ခေါ်ယူခဲ့ပြီး ရောဘတ်ဟုချ်၊ ခရစ္စတီယန်ဖွတ်ရှ်၊ အိုကာဇာကီ၊ ကန်တီ၊ အင်လာစသည့်ကစားသမားတချို့ကို ခေါ်ယူခဲ့သည်။

ရာသီစတင်ချိန်တွင်တော့ လက်စတာက ပွဲဦးထွက်မှာတင် ဆန်းဒါးလန်းကို ၄-၂ ဂိုးဖြင့်နိုင်ပြီး အမှတ်ပေးဇယားကို ဦးဆောင်ခဲ့သည်။ ပွဲစဉ်သုံးအထိ အဆင့်တစ်မှ ဦးဆောင်ခဲ့ပြီး ပွဲစဉ်လေးမှ ပွဲစဉ် ၁၂ အထိကို အဆင့် သုံးမှ ခြောက်အကြား ရပ်တည်နေခဲ့ပြန်သည်။ ထို့နောက်တွင်တော့ လက်စတာအသင်းမှာ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားခဲ့ပြီး အဆင့် ၁ နှင့် ၂ တွင်သာ ရပ်တည်ခဲ့တော့သည်။ ပွဲစဉ် ၂၂ နောက်ပိုင်းတွင်တော့ အဆင့် ၁ နေရာမှာ လက်စတာအသင်း၏ နေရာဖြစ်သွားခဲ့ပြီး တည်ငြိမ်စွာဖြင့် ပွဲစဉ် ၃၅ အထိ ရပ်တည်ပြခဲ့သည်။

တကယ်တော့ လက်စတာအသင်းကို ဘယ်သူကမှ မယုံကြည်ရဲခဲ့။ တစ်ချိန်ချိန်တွင် ပြန်ကျတော့မည်ဟု စိတ်တထင့်ထင့်ဖြင့် စောင့်ကြည့်နေခဲ့ရခြင်း ဖြစ်သည်။ လီဗာပူးလ်အသင်းကို ၂-ဝ၊ မန်စီးတီးအသင်းကို ၃-၁ ဖြင့် အနိုင်ရခဲ့သည့်ပွဲစဉ်များအပြီးတွင်တော့ လက်စတာချန်ပီယံဖြစ်နိုင်သည်ဟု မျှော်လင့်လာကြပြီး ကမ္ဘာတစ်ဝှမ်းမှ ပရိသတ်များကလည်း အားပေးလာကြသည်။ ပွဲစဉ် ၂၆ တွင် အာဆင်နယ်ကို ရှုံးခဲ့သော်လည်း လက်စတာတို့ တည်ငြိမ်စွာဖြင့်ပင် ရှေ့ဆက်ခဲ့သည်။ လက်စတာနည်းပြ ရာနီရေရီကိုယ်တိုင်က ဝက်စ်ဟမ်းနှင့်သရေကျသည့် ပွဲအပြီး ပြိုင်ပွဲပြီးဆုံးရန် လေးပွဲအလိုတွင်မှ လက်စတာချန်ပီယံဖြစ်နိုင်သည်ဟု ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

'တကယ်ကို ကျေနပ်စရာကောင်းပါတယ်။ ကျွန်တော့်တစ်ယောက်တည်းချီးကျူးပြောဆိုတာကို မကြိုက်ပါဘူး။ တစ်သင်းလုံးအကြောင်းကိုပဲ ကျွန်တော်ပြောပါမယ်။ ဒီရာသီက လက်စတာအသင်းအတွက် ထာဝရအကောင်းဆုံးရာသီပါ။ ကျွန်တော်တို့ ဒီအတိုင်းရှေ့ဆက်ဖို့ လိုပါတယ်။ ကျွန်တော်တို့မှာ အရည်အချင်းရှိသလို ယုံကြည်မှုလည်း အပြည့်ရှိပါတယ်။ အနိုင်ရလဒ်တွေနဲ့ စတင်နိုင်မယ်ဆိုရင် ယုံကြည်မှုက ပိုတိုးလာမှာပါပဲ။ ဘောလုံးမှာ ဒီလိုပဲ ရှေ့ဆက်ကြရပါတယ်' ဟု မာရက်ဇ်က ဆိုသည်။

လက်စတာအသင်း၏ ယခုနှစ်ရာသီခြေစွမ်းက အမှန်တကယ်အံ့အားသင့်စရာကောင်းလှသည်။ ဂိုးသမား ကက်စပါ ရှမိုက်ကယ်၊ ခံစစ်က ဆင်ဆွန်၊ ဟုချ်၊ မော်ဂန်၊ ဖွတ်ရှ်၊ အလယ်တန်းက ကန်တီ၊ ဒရင့်ဝါတာ၊ အယ်လ်ဘရိုက်တန်၊ တိုက်စစ်က ဗာဒီ၊ အိုကာဇာကီ၊ မာရက်ဇ်တို့၏ စွမ်းဆောင်ရည်မှာ အမှန်တကယ်ကို ချီးကျူးစရာ ဖြစ်သည်။ အရန်ကစားသမားများကလည်း တာဝန်ကျေလှသည်။

တစ်သင်းလုံး စုပေါင်းညီညွတ်မှုက အဓိက အကျဆုံးဖြစ်သလို မာရက်ဇ်၏ စွမ်းဆောင်ရည်ကလည်း လက်စတာအတွက် အထူးကို ကောင်းမွန်ခဲ့သည်။ ပွဲစဉ် ၃၅ ပွဲကစားပြီးချိန်တွင် ၁၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး ၁၁ ဂိုးဖန်တီးပေးနိုင်ခဲ့သည်။ မာရက်ဇ်၏ စွမ်းဆောင်ရည်ကို အားလုံးက အသိအမှတ်ပြုခဲ့ကြပြီး ပီအက်ဖ်အေ၏ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိခဲ့သည်။

မာရက်ဇ်ကို ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦး ဖြစ်စေချင်ခဲ့သည့် ဖခင်ဖြစ်သူ အာမက်မာရက်ဇ်သာ ရှိနေသေးလျှင် သူ၏ သားအတွက် အလွန်ကို ဂုဏ်ယူနေပေလိမ့်မည်။ အာမက်က သူ၏ သားသည် တစ်နေ့နေ့၌ ဘာစီလိုနာအသင်းတွင် ကစားနိုင်မည့်သူဟု ဟိုးအရင်ကတည်းက ဂုဏ်ယူပြောဆိုခဲ့သူဖြစ်သည်။ ယခုအချိန်တွင် အာမက်ဖြစ်စေချင်သလို သူ့သားမှာ ပရိုကစားသမားတစ်ဦးဖြစ်နေပြီ ဖြစ်သလို အတိုင်းထက်အလွန်ပင် ဖြစ်နေပေပြီ။ သူဂုဏ်ယူဝင့်ကြွားခဲ့သလို ဘာစီလိုနာအသင်းကလည်း မာရက်ဇ်ကို စိတ်ဝင်စားသည်ဆိုသည့် သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ မာရက်ဇ် ဘာစီလိုနာကို ရောက်၊ မရောက်ဆိုသည်ကတော့ ဘယ်သူမှ မသိနိုင်သေးပေ။ သေချာသည်ကတော့ ပဲရစ်မြို့ဆင်ခြေဖုံးလမ်းမများထက်မှ ပရီးမီးယားလိဂ်ချန်ပီယံလမ်းပေါ် လျှောက်လှမ်းနေသည့် မာရက်ဇ်အတွက် အားလုံး ဂုဏ်ယူနေသလို ဖခင် အာမက်မာရက်ဇ်လည်း အလွန်ဂုဏ်ယူနေမည် ဆိုသည်ပင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly