မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

By ကိုခင်မောင်(မဇ္စျိမ)
13 December 2023
မော်လူးမြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များ တိုက်ခိုက်သိမ်းပိုက်

စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ အင်းတော်မြို့နယ်၊ မော်လူးမြို့ကို  ABSDF ၊ KIA ၊ PDF ၊  အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ABSDF မြောက်ပိုင်းမှ တာဝန်ရှိသူတဦး က မဇ္စျိမကိုပြောသည်။

မော်လူးမြို့ရှိ စစ်ကောင်စီလက်အောက်ခံရဲစခန်းကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက် နံနက် ၂ နာရီ ၃၀ မိနစ်မှ စ၍ ၆ နာရီ ၃၀ မိနစ်အထိ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့ရာ  မော်လူးမြို့ကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ABSDF မြောက်ပိုင်းတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“မော်လူးမြို့ကို သိမ်းလိုက်နိုင်တယ်လို့ ပြောလို့ရပါတယ်။ ရဲစခန်းတခုပဲ ကျန်တော့တာကို သိမ်းပိုက်ခဲ့တာ ပါ။ စစ်ရှောင်ပြည်သူ ၁၀,၀၀၀ ကျော်ပါလိမ့်မယ်၊ မနက် ၂ နာရီခွဲကနေ ၆ နာရီခွဲအထိ လေးနာရီတိတိ တိုက်ရတယ်။ မနက် ၆ နာရီခွဲမှာ အပြီးသတ်သိမ်းနိုင်တယ်၊ တိုက်နေတဲ့ အချိန်အတောတွင်းမှာပဲ မိုးညှင်း အမြောက်တပ် (၉၀၄)ကနေပြီးတော့ လက်နက်ကြီးတွေ တောက်လျှောက်ပစ်ကူနေပါတယ်” ဟု ABSDF မြောက်ပိုင်းတာဝန်ရှိသူတဦးက မဇ္စျိမအားပြောသည်။

မော်လူးရဲစခန်းတွင် စစ်ကောင်စီတပ်သားနှင့် ရဲအင်အား စုစုပေါင်း ၃၀ ကျော်ရှိပြီး တိုက်ပွဲအတွင်း ခုနစ်ဦး သေဆုံးကာ နှစ်ဦးအရှင်အဖမ်းမိပြီး ထွက်ပြေးသွားသူများအား လိုက်လံဖမ်းဆီးနေဆဲဖြစ်ကြောင်း ၎င်းက ပြောသည်။

နံနက် ၇ နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံးကြဲချတိုက်ခိုက်ခဲ့ရာ တလုံး ပေါက်ကွဲပြီး တလုံးပေါက်ကွဲခြင်းမရှိကြောင်း၊ စက်သေနတ်ဖြင့်လည်း လှည့်ပတ်ပစ်ခတ်သွားခဲ့ပြီး တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များ အထိအခိုက်မရှိကြောင်း သိရသည်။

လက်ရှိတွင် ရဲစခန်းအတွင်း စစ်ကောင်စီတပ်သားနှင့် ရဲ အလောင်းအများအပြားကိုတွေ့ရပြီး လက်နက် အများအပြားလည်း သိမ်းဆည်းရမိထားကြောင်း၊ ရှင်းလင်းရေးလုပ်ဆောင်ပြီးပါက ဓာတ်ပုံနှင့်တကွ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ABSDF မြောက်ပိုင်းတာဝန်ရှိသူက ဆိုသည်။

အဆိုပါ စစ်ဆင်ရေးကို ABSDF ၊ KIA ၊ PDF ၊ မော်လူးမြို့နယ် ပကဖ၊ ပအဖ၊ ပလဖ မဟာမိတ်တပ်ပေါင်းစု အားလုံးမှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း။  ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly