သမ္မတဟောင်းဦးသိန်းစိန်လက်ထက် တနင်္သာရီတိုင်းစီမံဘဏ္ဍာဝန်ကြီးအိမ် ဗုံးဖောက်ခွဲတိုက်ခိုက်ခံရ

By ကိုရွှေမြိတ်(မဇ္ဈိမ)
13 December 2023
သမ္မတဟောင်းဦးသိန်းစိန်လက်ထက် တနင်္သာရီတိုင်းစီမံဘဏ္ဍာဝန်ကြီးအိမ် ဗုံးဖောက်ခွဲတိုက်ခိုက်ခံရ
ဝန်ကြီးဟောင်းဦးသိန်းလွင်

သမ္မတဟောင်းဦးသိန်းစိန်လက်ထက် တနင်္သာရီတိုင်းစီမံ/ဘဏ္ဍာဝန်ကြီးဟောင်းဖြစ်ပြီး ယခုအခါ မြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌဦးသိန်းလွင်၏ မြိတ်မြို့နေအိမ် ဗုံးဖောက်ခွဲတိုက်ခိုက်ခံရကြောင်း မြို့ခံများကပြောသည်။

တနင်္သာရီတိုင်း၊မြိတ်မြို့၊တက္ကသိုလ်ရပ်ကွက်မှဦးသိန်းလွင်၏ နေအိမ်ခြံဝန်းအတွင်းတွင် ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ည ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲခြင်းဟု သိရသည်။

ဦးသိန်းလွင်နေအိမ် ဗုံးဖောက်ခွဲခံရပြီး‌ နောက် ထိခိုက်ပျက်စီးမှုများ

“ဗုံးပေါက်တဲ့အချိန်မှာ လူတော့ ထိခိုက်မှုမရှိဘူးလို့သိရတယ်။ ဒါပေမယ့် အဲ့ဒီအိမ်မှာရှိတဲ့ ဦးသိန်းလွင်ရဲ့ နှလုံးရောဂါသည် သမီးဖြစ်သူတဦးကတော့ ရုတ်တရက် သတိလစ်ပြီး စစ်ဆေးရုံကို အရေးပေါ် တင်လိုက်ရတာမျိုးတော့ ရှိတယ်”ဟု ယင်းရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

ပေါက်ကွဲမှုကြောင့် နေအိမ်ရှေ့မှ လျှပ်စစ်မီးတိုင်၊ ခြံအဝင် တံခါးတိုင်နှင့်ကားတစီးထိခိုက်ပျက်စီးခဲ့သည်ဟု သိရသည်။ပေါက်ကွဲမှုသည်အားပြင်း၍ အနီးနား ဝင်ကျင်ရှိ နေအိမ်များတုန်ခါမှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ဆိုသည်။

ဦးသိန်းလွင်နေအိမ် ဗုံးဖောက်ခွဲခံရပြီး‌ နောက် ထိခိုက်ပျက်စီးမှုများ

ဗုံးပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များရောက်ရှိလာကာ ရပ်ကွက်ကို လျှပ်စစ်မီးဖြတ်တောက်ပြီးနောက်  သေနတ်ဖြင့် ရမ်းသမ်းပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း ဒေသခံများကပြောသည်။

ဦးသိန်းလွင်သည် သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ  တနင်္သာရီတိုင်းစီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဟောင်းဖြစ်ခဲ့ပြီး ယခုအခါမြိတ်ခရိုင်ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌတာဝန်ယူထားသည်။ ထို့အပြင် ၎င်း၏ ဇာတိဖြစ်သော ကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာ၏ ပျူစောထီး ခေါင်းဆောင်လည်းဖြစ်ကြောင်း မြို့ခံများက‌ ပြောသည်။

ဦးသိန်းလွင်နေအိမ် ဗုံးဖောက်ခွဲခံရပြီး‌ နောက် ထိခိုက်ပျက်စီးမှုများ

" ဒီလူ(‌ဦးသိန်းလွင်)ကတော်တော်ကို ဆိုးဝါးတဲ့ လူတယောက်ဖြစ်ပါတယ်။  ရွာမှာဆို ရွာသားအချို့ကို PDF နဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးခိုင်းတာလည်းရှိနေတယ်။ နောက်ပြီး ရွာသားတွေကိုလည်း မဲစနစ်နဲ့ လက်နက်ကိုင်ပျူထဲ အတင်းဝင်ခိုင်းတာလည်းသူပဲ" ဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

ဦးသိန်းလွင်၏ နေအိမ်ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က ပြုလုပ်သည်ကို ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နေ့လယ်အထိ မသိရသေးပေ။တနင်္သာရီတိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတဦးထံမေးမြန်းရာ ၎င်းတို့လည်း စုံစမ်းနေဆဲဟုဆိုသည်။

ဦးသိန်းလွင်နေအိမ် ဗုံးဖောက်ခွဲခံရပြီး‌ နောက် ထိခိုက်ပျက်စီးမှုများ

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required