ရိုဟင်ဂျာဒုက္ခသည်များအတွက် နိုင်ငံတကာ၏ အကူအညီကို အင်ဒိုနီးရှားတောင်းခံ

By Morning Star
13 December 2023
ရိုဟင်ဂျာဒုက္ခသည်များအတွက် နိုင်ငံတကာ၏ အကူအညီကို အင်ဒိုနီးရှားတောင်းခံ
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ် Pidie ခရိုင်ရှိ ကမ်းခြေတစ်ခုတွင် ရိုဟင်ဂျာဒုက္ခသည်များအားတွေ့ရစဉ် Photo: AFP

အင်ဒိုနီးရှားအစိုးရသည် ပြီးခဲ့သည့် နိုဝင်ဘာလနောက်ပိုင်း နိုင်ငံ၏ ကမ်းခြေများသို့ လှေများဖြင့် ရောက်လာသည့် ရိုဟင်ဂျာဒုက္ခသည် ၁,၅၀၀ ကျော်အတွက် အကူအညီပေးကြရေး နိုင်ငံတကာအသိုင်းအဝိုင်းထံ ဒီဇင်ဘာ ၁၂ ရက်တွင် မေတ္တာရပ်ခံလိုက်သည်။

ရိုဟင်ဂျာဒုက္ခသည်များကို ထိုင်းနှင့် မလေးရှားတို့က ပြန်နှင်ထုတ်နေချိန် ယင်းကဲ့သို့ ကမ်းကပ်ရောက်ရှိလာမှုများကို အင်ဒိုနီးရှားက သည်းခံပေးထားခဲ့ခြင်း ဖြစ်သည်။

သို့သော် မြန်မာရှိ နေအိမ်များမှ စွန့်ခွာပြီး ဘင်္ဂလားဒေ့ရှ်ရှိ လူပြည့်သိပ်နေသော ဒုက္ခသည်စခန်းများသို့ ထွက်ပြေးခဲ့ကြရသည့် ရိုဟင်ဂျာများအပေါ် အင်ဒိုနီးရှားဒေသခံတချို့က ရန်လိုမှုများ ကြီးထွားလာခြင်းကြောင့် ရိုဟင်ဂျာဒုက္ခသည်အရေးကိစ္စအပေါ် အရေးယူဆောင်ရွက်ရန် သမ္မတ ဂျိုကိုဝီဒိုဒို ဦးဆောင်သည့် အစိုးရအပေါ် ဖိအားများ ကျရောက်လာခဲ့သည်။

“ဒုက္ခသည် ပြဿနာ၊ အထူးသဖြင့် ပြန်လည်နေရပ်ချထားမှု အရေးကိစ္စကို ကိုင်တွယ်ဖြေရှင်းတာက အခုထက်ထိ အလွန်နှေးကွေးနေတာကို ကျွန်တော်တို့ တွေ့နေရတယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အစ်ခ်ဘဲလ်က မြို့တော် ဂျကာတာ၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။ ရိုဟင်ဂျာဒုက္ခသည် ပြဿနာကို ဖြေရှင်းရန် အားထုတ်မှုများတွင် ပိုမိုတာဝန်ယူမှုကို ပြသပေးရန် ၎င်းက နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်းသည်။

ထိုင်းနှင့် မလေးရှားကဲ့သို့ပင် အင်ဒိုနီးရှားသည် ကုလသမဂ္ဂ၏ ၁၉၅၁ ဒုက္ခသည် ကွန်ဗန်းရှင်းတွင် ပါဝင်လက်မှတ်ထိုးထားခြင်း မရှိပေ။

အင်ဒိုနီးရှားအစိုးရအနေဖြင့် ဒုက္ခသည်များကို ယာယီအားဖြင့် ကူညီပေးမည်ဟု မစ္စတာ ဝီဒိုဒိုက ဒီဇင်ဘာ ၁၁ ရက်တွင် ပြောသည်။

“သူတို့ (ရိုဟင်ဂျာဒုက္ခသည်တွေ) ကို ဒေသခံတွေက လက်မခံတာတွေဖြစ်ပြီးတဲ့နောက်ပိုင်း ကျွန်တော်တို့ဟာ UNHCR လို နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ စကားပြောဆိုနေဆဲဖြစ်ပါတယ်” ဟု အင်ဒိုနီးရှားသမ္မတက သတင်းထောက်များကို ပြောသည်။

မြန်မာတွင် ၂၀၁၇ ခုနှစ်က စစ်တပ်၏ လူမဆန်သည့် ဖြိုခွင်းနှိမ်နင်းမှုတရပ်ကြောင့် ထွက်ပြေးခဲ့ရသည့် ရိုဟင်ဂျာ ၇၄,၀၀၀ ခန့်သည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ရှိ ကမ့်စခန်းများ၌ အခြေချနေထိုင်ခဲ့ကြသည်။

လူအများအပြားကို အဓမ္မပြုကျင့်မှု၊ လူသတ်မှုနှင့် ကျေးရွာများကို မီးရှို့မှုနှင့်ပတ်သက်သည့် စွပ်စွဲချက်များကို ကောင်းစွာ မှတ်တမ်းတင် သက်သေအထောက်အထား ပြထားသလို မြန်မာစစ်တပ်အာဏာပိုင်တို့က လူမျိုးတုန်းသတ်မှုနှင့် အခြားသော ကြီးလေးသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သလား ဆိုသည်ကို နိုင်ငံတကာတရားရုံးများက ဆုံးဖြတ်ရန် စုံစမ်းသုံးသပ်လျက် ရှိသည်။

ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်မည့်အပေါ် သံသယများရှိခြင်းကြောင့် ရိုဟင်ဂျာများကို နေရပ်ပြန်ပို့ရေး ကြိုးပမ်းမှုများကလည်း အထမမြောက်ဖြစ်နေခဲ့သည်။ မွတ်စလင် ရိုဟင်ဂျာတို့သည် ဗုဒ္ဓဘာသာဝင်အများစုရှိရာ မြန်မာတွင် အများအားဖြင့် နိုင်ငံသားဖြစ်ခွင့်အခွင့်အရေးများ ငြင်းဆန်ခံနေရသလို ပျံ့နှံ့ဖြစ်ပေါ်သည့် လူမှုဆိုင်ရာ ခွဲခြားဆက်ဆံမှုနှင့်လည်း ရင်ဆိုင်ရသည်။

ဒုက္ခသည်အများစုသည် အလုပ်အကိုင် ရှာဖွေရန်အတွက် မွတ်စလင်အများစု ရှိရာ မလေးရှားသို့ ရောက်ရှိစေရန် ပင်လယ်ပြင်ခရီးကို စွန့်စားထွက်ခွာမှုများလည်း ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly