မြန်မာနယ်စပ်နား၌ မက်သာဖီတမင်းဆေးပြား သန်း ၅၀ ကို ထိုင်းအာဏာပိုင်များ ဖမ်းမိ

မြန်မာနယ်စပ်နား၌ မက်သာဖီတမင်းဆေးပြား သန်း ၅၀ ကို ထိုင်းအာဏာပိုင်များ ဖမ်းမိ
Photo-AFP

မြန်မာနှင့် နယ်စပ်အနီးတွင် မက်သာဖီတမင်းဆေးပြား သန်း ၅၀ ကို ဖမ်းဆီးရမိကြောင်း ထိုင်းအာဏာပိုင်များက ပြောရာ ယင်းသည် ထိုင်းနိုင်ငံအတွက် မက်သာဖီတမင်းဆေးပြား အမြောက်အမြား စံချိန်တင် ဖမ်းဆီးရမိခြင်း ဖြစ်ပြီး အာရှ၌ ဒုတိယအများဆုံး ဖမ်းဆီးရမိမှု ဖြစ်သည်။

ထို ဆေးပြားများကို ခြောက်ဘီးကုန်တင်ကား နောက်၌ အိတ်များဖြင့် ထည့်သိုလာခြင်းဖြစ်ကာ အနောက်ပိုင်း ကန်ချာနာဘူရီပြည်နယ် လုံခြုံရေးစစ်ဆေးဂိတ်တွင် ထိုင်းရဲတာဝန်ရှိသူများနှင့် စစ်သားများက ကြားဖြတ်ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ရဲက ပြောသည်။

ကုန်ကားပေါ်တွင် ပါလာသော အမျိုးသားတဦးနှင့် အမျိုးသမီး တဦးကိုလည်း ဖမ်းဆီးခဲ့သည်ဟု ၎င်းတို့က ထပ်လောင်းပြောသည်။

အာရှ၌ မက်သာဖီတမင်းဆေးပြားများ ဖမ်းဆီးရမိမှုသည် ယခု ဖမ်းဆီးရမိမှုက ဒုတိယ အများဆုံး ဖြစ်ပြီး ရွှေတြိဂံဒေသအနီး လာအို၌ မက်သာဖီတမင်းဆေးပြား ၅၅ သန်းကျော် စံချိန်တင် ဖမ်းဆီးရမိထားကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုရုံး အရှေ့တောင်အာရှရေးရာ ကိုယ်စားလှယ် ဂျာရီမီ ဒေါက်ကလပ်အရ သိရသည်။

မြန်မာမြောက်ပိုင်း ရှမ်းပြည်နယ် တောင်ဘက်စွန်းပိုင်းများ၌ ထုတ်လုပ်သော မက်သာဖီတမင်းဆေးပြားများအား မှောင်ခိုကူးရန် အာရှရာဇဝတ်မှုအဖွဲ့များသည် တိုင်းရင်းသားလက်နက်ကိုင် ပြည်သူ့စစ်များနှင့် ပူးတွဲလုပ်ကိုင်ကြောင်း ဒေါက်ကလပ်က ပြောပြီး ဆေးပြားများ ဖြန့်ဖြူးမှုသည် ဂျပန်နှင့် နယူးဇီလန်တို့အထိပင် ကွန်ရက်ကျယ်ပြန့်သည်ဟု ထပ်လောင်းဆိုသည်။

“ထုတ်လုပ်မှုက ကျယ်ပြန့်လာတယ်၊ အရင်ကလည်း လက်တွဲလုပ်ကိုင်နေကြတာပဲ၊ ငွေလမ်းကြောင်းဖော်တာပါပဲ”ဟု ၎င်းက ရိုက်တာသို့ ပြောသည်။

ဖွဲ့စည်းထားသော ရာဇဝတ်အဖွဲ့များ၏ ဆေးဝါးများ တိုးထုတ်ခြင်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ် နည်းပါးခြင်းတို့ကြောင့် အာဏာပိုင်များ၏ ဖမ်းဆီးရမိမှုများသည် မှောင်ခိုဆေးဝါးများ စီးဆင်းနေမှု၌ အနည်းငယ်သာ သက်ရောက်မှု ရှိနေသည်ဟု ဒေါက်ကလပ်က ဆိုသည်။

၂၀၂၁ အာဏာသိမ်းမှုနောက် မြန်မာနိုင်ငံတွင် မတည်ငြိမ်မှုများကြောင့် မှောင်ခိုကူးသူများအတွက် လမ်းကြောင်းများ ကျယ်ပြန့်လာခဲ့ကြောင်း ၎င်းက ပြောခဲ့သည်။

(မိုးသဲ ဘာသာပြန်သည်။)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required