ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမယ့် စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်ကို ကုလကူညီမယ်လို့ဆို

ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမယ့် စစ်ကောင်စီရဲ့ လုပ်ငန်းစဉ်ကို ကုလကူညီမယ်လို့ဆို

စစ်ကောင်စီက ၂ဝ၂၄ ခုနှစ်အတွင်း ကောက်ယူမည့် ပြည်လုံးကျွတ်သန်းခေါင်စာရင်းလုပ်ငန်းစဉ်ကို ကုလသမဂ္ဂမှ ကူညီပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂယာယီဌာနေ ညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishman က ပြောကြားခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan တို့သည် ကူညီပေးရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဒီဇင်ဘာ (၁၁) ရက်က တွေ့ဆုံဆွေးနွေးထားကြောင်း သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံအခြေစိုက် UNFPA အာရှ - ပစိဖိတ် ဒေသဆိုင်ရာ ညွှန်ကြားရေးမှူးမှ မကြာမှီ ကာလအတွင်း မြန်မာနိုင်ငံသို့ လာရောက်ရန် စီစဉ်နေသည့် ကိစ္စများနှင့် ပတ်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြောင်းလည်း သိရသည်။

ထို့အတူ ယခင်က UNFPA အနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများကိုလည်း ထည့်သွင်းပြောဆိုဆွေးနွေးခဲ့ကြကြောင်း သိရသည်။

လာမည့် ၂၀၂၄ ခုနစ်အတွင်း ကောက်ယူမည့် သန်းခေါင်စာရင်းမှာ UNFPA က ကူညီပေးမှာဖြစ်ကြောင်း  ဘယ်လောက်အတိုင်းအတာထိ ကူညီမယ်ဆိုတာတော့ မသိရသေးကြောင်း အဆိုပါဝန်ကြီးဌာနမှ အရာရှိတစ်ဦးက ဖြေကြားထားသည်။

ပြီးခဲ့သော သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ၂ဝ၁၄ ခုနှစ်တွင် ကောက်ယူခဲ့သော ပြည်လုံးကျွတ် သန်းခေါင်စာရင်းလုပ်ငန်းစဉ်များနှင့်ပတ်သက်၍လည်း UNFPA က ထည့်ထည့်ဝင်ဝင် ကူညီဆောင်ရွက်ပေးခဲ့ဖူးသည်။

၂ဝ၂၄ ခုနှစ်တွင် ကောက်ယူမည့် သန်းခေါင်စာရင်းနှင့်ပတ်သက်၍ အဆင်ပြေမှုရှိစေရန်အတွက် စမ်းသပ်သန်းခေါင်စာရင်းကို ပြီးခဲ့သော အောက်တိုဘာ ၁ ရက်မှစ၍ ၁၅ ရက်အထိ မြို့နယ်ပေါင်း(၂ဝ)တွင် ကောက်ယူခဲ့သည်။

ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို ၂ဝ၂၄ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်မှ (၁၅) ရက်အထိ ကောက်ယူသွားမည်ဖြစ်သည်။

မြန်မာနိုင်ငံတွင် လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ် နှင့် ၂ဝ၁၄ ခုနှစ်တို့တွင် ပြည်လုံးကျွတ်အဆင့်ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

လူဦးရေနှင့်အိမ်ထောင်စု သန်းခေါင်စာရင်းကို ကွန်ပျူတာ Software အကူအညီတွေနဲ့ လက်ကိုင်ဖုန်းတွေကတဆင့် ကောက်ယူနိုင်ဖို့ ပြင်ဆင်နေကြောင်းနဲ့ အဲဒီအတွက် ကျွမ်းကျင်တဲ့ နိုင်ငံတကာက အကြံပေးပညာရှင်တွေကို ဖိတ်ခေါ်ထားကြောင်း စစ်ကောင်စီ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနက ကြေညာချက် ထုတ်ပြန်ထားသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် ပြည်လုံးကျွတ် သန်း ခေါင်စာရင်း ကောက်ယူပြီးမှသာ ရွေးကောက်ပွဲတရပ် ကျင်းပမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly