ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ရရှိ

By ရွှေနွယ်( မဇ္ဈိမ )
13 December 2023
ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ရရှိ
ပုံအညွှန်း − ညောင်ပင်သာရဲစခန်းအားသိမ်းပိုက်ရရှိပုံ (ဓာတ်ပုံ − တော်ဝင်ဒေါင်းစစ်ကြောင်း)

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်ရှိ ညောင်ပင်သာရဲစခန်းအား ယနေ့ ဒီဇင်ဘာ ၁၃ ရက်နေ့ နံနက်အစောပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ အောင်မြင်စွာသိမ်းပိုက်ရရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ် (၂) စစ်ဒေသ၏ ဒုတိယ စစ်ဒေသခွဲမှူး၊ ရဲဘော်တင်ဦးက မဇ္ဈိမကို အတည်ပြု ပြောသည်။

ယနေ့ နံနက် အာရုံတက်ချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နာရီပိုင်းအတွင်း သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ စခန်းအား တိုက်ခိုက်သိမ်းပိုက်ပြီးနောက် လက်နက်ခဲယမ်းများသိမ်းယူကာ စခန်းကိုမူ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဆိုသည်။

"ဖြူးညောင်ပင်သာရဲစခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်၊ စခန်းကိုလည်းသိမ်းပိုက်ပြီးတော့ မီးရှို့ဖျက်ဆီးခဲ့ပါတယ်၊ လက်နက်တွေလည်းသိမ်းဆည်းရရှိပါတယ်၊ ရန်သူ(စစ်ကောင်စီ) အကျအဆုံးများပါတယ်။ စစ်ဒေသခွဲအနေနဲ့တော့ စိစစ်နေဆဲဖြစ်ပါတယ်၊ ထုတ်ပြန်ပေးပါမယ်” ဟု ရဲဘော်တင်ဦးက မဇ္ဈိမကို ပြောသည်။

အဆိုပါ တိုက်ပွဲတွင်း စစ်ကောင်စီတပ်သား ၃၀ခန့်သေဆုံး၍ စစ်ကောင်စီထံမှ RPG ၂၁ လုံး၊ RPG ပို့ယမ်း ၁၇ ခု၊ ၉ မမကျည် ၈၀ ခု၊ ၆၀ မမကျည် ၂၇ ခု၊ G2 ၁လက်၊ G3 2 လက်၊ ပြောင်းချော ၄လက်အပါအဝင် လက်နက်ခဲယမ်းမြောက်များစွာသိမ်းပိုက်ရရှိခဲ့ကြောင်း တော်ဝင်ဒေါင်းစစ်ကြောင်းမှလည်းထုတ်ပြန်ထားသည်။

စစ်ဆင်ရေးအား ရိုးမ စစ်ကြောင်း(၁) အာဠာဝက စစ်ကြောင်း၊ တော်ဝင်ဒေါင်း စစ်ကြောင်း၊ BLPA နဲ့ KNLA ပူးပေါင်းတပ်များမှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားနေစဉ်နှင့် ဖြစ်ပွားပြီးနောက်တွင် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

ညောင်ပင်သာရဲစခန်းသည် ဖြူးမြို့၏ တောင်ဘက် ရန်ကုန်−မန္တလေးလမ်းပေါ်တွင်တည်ရှိပြီးစစ်ဗျူဟာအရ အရေးပါသော တပ်စခန်းတခု ဖြစ်သည်။

"ဒီစခန်းက ရန်ကုန်−မန္တလေး ကားလမ်းမပေါ်မှာတည်ရှိတဲ့ လမ်းဖြစ်ပါတယ်၊ ဒါကြောင့်အရေးပါ ပါတယ်" ဟု အမှတ် (၂) စစ်ဒေသ၏ ဒုတိယ-စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးက မဇ္ဈိမကို ပြောသည်။

တိုက်ခိုက်သိမ်းပိုက်ခံရသော ညောင်ပင်သာ ရဲစခန်းအနီးတွင် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၃၀၂) ပဲနွယ်ကုန်း၊ ခမရ (၄၃၉) ကညွတ်ကွင်း၊ ခမရ (၃၀၂) ဖြူးတပ်ရင်း၊ ခြေလျင်တပ်ရင်း ခလရ (၅) ညောင်ပင်သာဆိုပြီး တပ်ရင်းလေးရင်း တည်ရှိကြောင်း သိရသည်။

ဖြူးမြို့သည် တော်လှန်ရေးပူးပေါင်းတပ်များ အပြီးသတ်သိမ်းယူထားသည့် မုန်းမြို့နှင့် စစ်တောင်းမြစ်သာခြားပြီး နယ်မြေခြင်းထိစပ်နေသော မြို့ဖြစ်သည်။ 

မုန်းမြို့ရှိ တပ်စခန်းအားလုံးကို ဒီဇင်ဘာလ ၄ ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပြီး တပ်ဖွဲ့ဝင်အင်အား ၁,၅၀၀ ခန့်ဖြင့် နယ်မြေရှင်းလင်းရေးလုပ်ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ကဗဟိုက ထုတ်ပြန်ထားသည်။

စာတည်း။   ။ နောင်နောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly