ပြည်သူလူထုမျှော်လင့်သည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူမရှု၊ ၁၀၂၇ စစ်ဆင်‌ရေးဘုံရည်မှန်းချက်များ ပြည့်သည်အထိ လူထုနှင့်လက်တွဲလုပ်ဆောင်မည်ဟု မြောက်ပိုင်းညီနောင် ၃ဖွဲ့ထုတ်ပြန်

By ရွှေနွယ် (မဇ္ဈိမ)
13 December 2023
ပြည်သူလူထုမျှော်လင့်သည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူမရှု၊ ၁၀၂၇ စစ်ဆင်‌ရေးဘုံရည်မှန်းချက်များ ပြည့်သည်အထိ လူထုနှင့်လက်တွဲလုပ်ဆောင်မည်ဟု မြောက်ပိုင်းညီနောင် ၃ဖွဲ့ထုတ်ပြန်

မြန်မာပြည်သူလူထုတရပ်လုံးမျှော်လင့်တောင့်တနေသည့် နိုင်ငံရေးရည်မှန်းချက်များကို လျစ်လျူရှုသွားမည်မဟုတ်သည့်အပြင် နောက်လှည့်သွားမည်မဟုတ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က  ယမန်နေ့ ဒီဇင်ဘာ ၁၂ ရက်နေ့ ညတွင် ထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေးတွင် တဖွဲ့ချင်းစီ၏ ရည်မှန်းချက်နှင့် သုံးဖွဲ့စလုံး၏ စုပေါင်းရည်မှန်းချက်တို့သည် အတိုင်းအတာတခုအထိ ပြည့်ဝခဲ့ပြီဆိုသော်လည်း အလုံးစုံသောရည်မှန်းချက်ပြည့်ဝရန်အတွက် အချိန်ကာလတခုအထိ ဆက်လက်တိုက်ပွဲဝင်မည်ဟု ညီနောင်မဟာမိတ်သုံးဖွဲ့ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့ပြင် လတ်တလောတွေ့မြင်နေရသည့် သတင်းအချို့ကြောင့် မြန်မာပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုများရှိနေသည်ကို သိရှိရပြီး ယင်းအပေါ်  မစိုးရိမ်ရန်လည်း အသိပေးထားသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၁ ရက်နေ့က တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် မြောက်ပိုင်းတပ်ဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောဆိုခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသည် ရှမ်းမြောက်စစ်ပွဲအား နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းနိုင်ရန်ဖြစ်ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှပြောဆိုထားပြီး ဒီဇင်ဘာလကုန်တွင်လည်း နောက်တကြိမ်ထပ်မံတွေ့ဆုံသွားမည်ဖြစ်ကြောင်းလည်း ဆိုထားသည်။

ဆွေးနွေးပွဲသို့ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်တော်(TNLA) နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တက်ရောက်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောဆိုသော်လည်း မဇ္ဈိမအနေဖြင့် မြောက်ပိုင်းညီနောင်မဟာမိတ်များထံမှ အတည်ပြု၍ မရသေးပေ။

ညီနောင်မဟာမိတ်သုံးဖွဲ့၏ ယမန်‌နေ့ညကထုတ်ပြန်ချက်တွင် ၎င်းတို့အနေဖြင့် ဘုံရည်မှန်းချက်များပြည့်ဝသည်အထိ လုပ်သင့်လုပ်ထိုက်သည်များကို မြန်မာပြည်သူလူထုနှင့် လက်တွဲလုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

၁၀၂၇ စစ်ဆင်ရေးသည် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်နိုင်ရန်၊ ၎င်းတို့၏ဒေသအား ၎င်းတို့ကိုယ်တိုင် ယခင်ထက် ပိုမိုထိန်းချုပ်နိုင်ရန်၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်စေရန်နှင့် မြန်မာနိုင်ငံအတွင်းပိုမိုကျယ်ပြန့်လာသည့် အွန်လိုင်းလောင်းကစားလိမ်လည်မှုပပျောက်၍ ကျားဖြန့်ကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်နေကြသော စစ်ကောင်စီနှင့် ပြည်သူ့စစ်များအားနှိမ်နင်းရန်ရည်ရွယ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၂ ရက်ထိ စစ်ဆင်ရေး ၄၇ ရက်တာကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီစခန်းပေါင်း ၂၈၀ ကျော်နှင့် စစ်ကောင်စီသိမ်းပိုက်ခဲ့သော မြို့ကြီးအချို့အပါအဝင် တရုတ်-မြန်မာနယ်စပ် စီးပွားရေးဇုံအတွင်းရှိ နယ်စပ်ကူးသန်းရောင်းဝယ်ရေးဂိတ်အချို့ကိုပါ  သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်းလည်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ကထုတ်ပြန်ထားသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required