ထိုင်း၏ ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံသား မဟုတ်သူများအတွက် ကျန်းမာရေးအာမခံစနစ် (Hint) ကို ဇန်နဝါရီ ၁ ရက်တွင် စတင်မိတ်ဆက်ဆောင်ရွက်မည်ဟု ပြောပြီး ထိုစနစ်အရ နိုင်ငံမဲ့များနှင့် ထိုင်းနိုင်ငံသားမဟုတ်သူများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှု ကျခံပေးမှုကို လက်လှမ်းမီရရှိစေခွင့်ပြုမည်ဖြစ်သည်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီး ချိုလ်နန် စရီကောတွင် နယ်စပ်ဧရိယာများ၌၊ အထူးသဖြင့် ထိုင်းနိုင်ငံသားမဟုတ်သည့် အစုအဖွဲ့များအကြား ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိမှုကို တိုးတက်ကောင်းမွန်စေရန် မူဝါဒတရပ် ရှိကြောင်း ဝန်ကြီးဌာန၏ ခေတ္တ ဒုတိယအမြဲတမ်းအတွင်းဝန် ဒေါက်တာ ဆူရာချော့ခ် တန်ဝီဝတ်က ပြောသည်။
Hint စနစ်က မြန်ဆန်သည့် မှတ်ပုံတင်မှု (စာရင်းသွင်းမှု) ကို ပေးအပ်မည်ဖြစ်ပြီး လုပ်ငန်းစဉ်ဆောင်ရွက်မှု ကြာချိန်ကို ငါးမိနစ်မျှသာ ရှိစေမည် ဖြစ်ပြီး နှိုင်းယှဉ်ကြည့်မည်ဆိုပါက စနစ်ဟောင်းအောက်၌ ကြာချိန်သည် သီတင်းပတ်အနည်းငယ် ရှိသည်။ Hint စနစ်အရ သက်သေခံ အထောက်အထားများ ကိုင်ဆောင်မထားသည့် ထိုင်းနိုင်ငံသား မဟုတ်သူများအနေဖြင့် ဆေးကုသမှုနှင့် ကျခံပေးမှုတို့အတွက် စာရင်းသွင်းခွင့်ရှိမည် ဖြစ်သည်။
ယင်းစနစ်ကို ဝန်ကြီးဌာန၏ ဘဏ္ဍာရေး ဒေတာဗဟိုချက်နှင့် ချိတ်ဆက်ထားသည့်အတွက် ဆေးရုံများက ထိုင်းနိုင်ငံသားမဟုတ်သူများ၏ ဆေးကုသစရိတ်များကို ၂၄ နာရီအတွင်း ပြန်ထုတ်ပေး၍ ရစေနိုင်မည် ဖြစ်ပြီး ၁၅ ရက်အတွင်း လွှဲပြောင်းမှုများကို အာမခံပေးနိုင်သည်။
Hint စနစ်၏ ထိရောက်မှုနှင့်ပတ်သက်ပြီး ပိုမို လေ့လာသိရှိစေရန် ကျန်းမာရေးဆိုင်ရာ စီးပွားရေးနှင့် ကျန်းမာရေး လုံခြုံမှု ဌာန၏ ဒါရိုက်တာ ဒေါက်တာ ဒီရတ်ခ် ဆုဒန် သည် မကြာသေးခင်က ချင်းရိုင်ပြည်နယ်ရှိ ဆေးရုံများသို့ သွားရောက်ကြည့်ရှုခဲ့သည်။
ဒေါက်တာ ဆုဒန် နှင့် WHO ၌ လုပ်ကိုင်သည့် နယ်စပ်နှင့် ရွှေ့ပြောင်းဆိုင်ရာ ကျန်းမာရေးအရာရှိတဦးဖြစ်သော အေရီး မုန်ဆုခ်ဂျရွန်းတို့သည် မယ်ဆိုင်ခရိုင် ဝီအန်ဖန်ခမ်အရပ်၌ ပြည်သူ့ကျန်းမာရေး လက်လှမ်းမီမှု မရရှိခြင်းနှင့် ကြုံတွေ့ထားခဲ့ကြရသည့် ထိုင်းနိုင်ငံသားမဟုတ်သူများနှင့် စကားပြောဆိုခဲ့သေးသည်။