မြန်မာ့စီးပွားရေးက တိုးတက်မှု ဆိတ်သုဉ်းခြင်းနှင့် ရင်ဆိုင်နေရဟု ကမ္ဘာ့ဘဏ် ပြော 

By BNN Bloomberg
12 December 2023
မြန်မာ့စီးပွားရေးက တိုးတက်မှု ဆိတ်သုဉ်းခြင်းနှင့် ရင်ဆိုင်နေရဟု ကမ္ဘာ့ဘဏ် ပြော 

လက်နက်ကိုင် ပဋိပက္ခများ မြင့်မားခြင်းက ကုန်သွယ်မှုကို အမျှင်ပြတ်စေပြီး ငွေကြေးဖောင်းပွမှုများကို တွန်းတင်နေပေးနေချိန် အမေရိကန်ဒေါ်လာ ရှားပါးပြတ်လပ်ခြင်းက သွင်းကုန်အတွက် ဖိစီးမှုပါ ထပ်ဆောင်းသဖြင့် မြန်မာ့စီးပွားရေးသည် တိုးတက်မှု ဆိတ်သုဉ်းခြင်းနှင့် ရင်ဆိုင်နေရပြီဟု ကမ္ဘာ့ဘဏ်က ပြောသည်။ 

မတ်လ အဆုံးသတ်မည်ဖြစ်သော ဘဏ္ဍာနှစ်အတွက် ဂျီဒီပီ ဖွံ့ဖြိုးမှုသည် ၄ ရာခိုင်နှုန်းမှ ၁ ရာခိုင်နှုန်းသို့ ကျဆင်းမည်ဟု ကမ္ဘာ့ဘဏ်က အင်္ဂါနေ့ အစီရင်ခံစာတရပ်တွင် ဆိုသည်။ ငွေကြေးဖောင်းပွမှုများလည်း ၂၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်နေမည်ဟု ယင်းဘဏ်က ပြောသည်။ 

၂၀၂၁ အာဏာသိမ်းချိန်မှစကာ နိုင်ငံကို ထိန်းချုပ်ထားသော စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်များကြား လက်နက်ကိုင်ပဋိပက္ခများသည် အောက်တိုဘာမှစကာ အရှိန်မြင့် ဖြစ်ပွားပြီး ပြည်သူ သန်းဝက်ကျော် နေရပ်ရွှေ့ပြောင်းကြရသည်။ နိုင်ငံ၏ အဓိက ကုန်သွယ်ဖက်များဖြစ်သော ထိုင်းနှင့် အိန္ဒိယနယ်စပ် နေရာများက စစ်ဆင်ရေးများကြောင့် ကုန်သွယ်မှု အမျှင်ပြတ်ကြောင်း မြန်မာနိုင်ငံ အထူးပြု စီးပွားရေး အစီရင်ခံစာတွင် ကမ္ဘာ့ဘဏ်က ဆိုထားသည်။ 

“စီးပွားရေး အခြေအနေဟာ ယိုယွင်းဆိုးဝါးနေတယ်၊ အနာဂတ်အတွက် မသေချာမှုတွေက တိုးများလာတယ်”ဟု ကမ္ဘာ့ဘဏ်၏ မြန်မာ၊ ကမ္ဘောဒီးယားနှင့် လာအိုဆိုင်ရာ ညွှန်ကြားရေးမှူး မာရီအမ်းရှာမန်းက အစီရင်ခံစာနှင့်အတူ ထွက်ရှိသော ထုတ်ပြန်ချက်၌ ပြောသည်။ 

ကျပ်ငွေ တန်ဖိုးကျဆင်းမှုသည်လည်း မေလ နှုန်းထားကနေ ဒီဇင်ဘာ အစောပိုင်းအထိ ဒေါ်လာနှင့်ယှဉ်လျှင် ၁၄ ရာခိုင်နှုန်းနီးပါး ကျဆင်းနေသည်ဟု ကမ္ဘာ့ဘဏ်က ပြောသည်။ ယခုလတွင် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်းများအား အစိုးရက ဖြေလျှော့သော်လည်း ထိုသို့ ဖြေလျှော့ခြင်းက လက်တွေ့ မည်သို့ အကောင်အထည် ဖော်မလဲဆိုသည်နှင့် ပတ်သက်ကာ ရှင်းလင်းသေချာမှု မရှိခြင်းကြောင့် မရေမရာ ရှိနေဆဲပင် ဖြစ်သည်ဟု ယင်းဘဏ်က ဆိုသည်။ 

မြန်မာနိုင်ငံ၏ ဒေါ်လာ ရှားပါးမှု နက်ရှိုင်းလာခြင်းကြောင့် ငွေလဲနှုန်းထား အမျိုးမျိုး ပေါ်ပေါက်နေပြီး အပြင်ဈေးကွက်နှင့် တရားဝင်ရည်ညွှန်းနှုန်းကြား ကွာဟချက်သည် ၆၀ ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်း ရှိနေကြောင်း ကမ္ဘာ့ဘဏ်က ပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly