အာဖဂန်နစ္စတန်ကို ကျော်တက်ပြီး မြန်မာက ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာဟု ကုလ ပြော

အာဖဂန်နစ္စတန်ကို ကျော်တက်ပြီး မြန်မာက ကမ္ဘာ့ ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာဟု ကုလ ပြော
Photo - AFP

မြန်မာသည် ၂၀၂၃ ခုနှစ်တွင် အာဖဂန်နစ္စတန်ကို ကျော်တက်ပြီး ကမ္ဘာ့ ဘိန်း ထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်လာကြောင်း ကုလသမဂ္ဂ၏ ဒီဇင်ဘာ ၁၂ ရက်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတရပ်အရ သိရသည်။

ယခုနှစ်တွင် မြန်မာသည် ဘိန်းဖြူထုတ်လုပ်ရာတွင် ပဓာနကျသည့် ဘိန်း မက်ထရစ်တန် ၁,၀၈၀ ခန့် ထုတ်လုပ်ခဲ့သည်ဟု ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံး (UNODC) ၏ အစီရင်ခံစာတွင် ဖော်ပြသည်။

ယမန်နှစ် ဧပြီလက ဘိန်းပင် စိုက်ပျိုးမှုအပေါ် တာလီဘန်တို့က ပိတ်ပင်ချက် ချမှတ်ပြီးနောက် အာဖဂန်နစ္စတန်တွင် ဘိန်းထုတ်လုပ်မှုက ခန့်မှန်းခြေ ၉၅ ရာခိုင်နှုန်း ထိုးကျပြီး တန်ချိန် ၃၃၀ ခန့်သို့ ရောက်ရှိပြီးနောက် ယခုကိန်းဂဏန်းများ ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း UNODC က ပြောသည်။

မြန်မာ၊ လာအိုနှင့် ထိုင်း အကြား “ရွှေတြိဂံ” နယ်စပ်ဒေသသည် ကာလကြာကတည်းက တရားမဝင် မူးယစ်ဆေးဝါး၊ အထူးသဖြင့် မက်သာဖက်တမင်းနှင့် ဘိန်း ထုတ်လုပ်မှုနှင့် တရားမဝင် ကုန်ကူးမှု၏ ဒုစရိုက်နယ်တခု ဖြစ်နေခဲ့သည်။

မြန်မာ၏ “ဘိန်း စီးပွားရေး” ၏ စုစုပေါင်း ခန့်မှန်းခြေ တန်ဖိုးသည် ဒေါ်လာ ၁ ဘီလီယံနှင့် ၂ ဒသမ ၄ ဘီလီယံအကြားကို မြင့်တက်ပြီး ယင်းက နိုင်ငံ၏ ၂၀၂၂ ဂျီဒီပီ၏ ၁ ဒသမ ၇ မှ ၄ ဒသမ ၁ ရာခိုင်နှုန်းနှင့် ညီမျှကြောင်း UNODC က ပြောသည်။

ယမန်နှစ်က မြန်မာတွင် ခန့်မှန်းခြေအားဖြင့် ဘိန်း မက်ထရစ်တန် ၇၉၀ ခန့် ထုတ်လုပ်ခဲ့သည်ဟု ယင်းက ဆိုသည်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက မြန်မာ၏ တရားဝင် စီးပွားရေးသည် ပဋိပက္ခနှင့် မငြိမ်မသက်မှုတို့ဖြင့် တိုက်စားဝါးမျိုခံထားရခြင်းနှင့်အတူ တောင်သူစိုက်ပျိုးရေးသမားအများအပြားကို ဘိန်းပင်စိုက်ပျိုးစေရန် တွန်းအားပေးနေခဲ့သည်။

ဈေးကွက်များနှင့် အစိုးရ အခြေခံအဆောက်အအုံတို့နှင့် လက်လှမ်းမီမှု အားနည်းခြင်းအပြင် ပျံ့နှံ့ဖြစ်ပေါ်သည့် ငွေကြေးဖောင်းပွမှု (ကုန်ဈေးနှုန်းတက်မှု) တို့က ၂၀၂၂ နှစ်ကုန်ပိုင်းတွင် ဘိန်းပင် ပိုမိုစိုက်ပျိုးရန် တောင်သူများ၏ ဆုံးဖြတ်ချက်များတွင် သိသာထင်ရှားသည့် အခန်းကဏ္ဍတခုမှ ပါဝင်ထားခဲ့ပုံရသည်။

၂၀၂၂-၂၃ အတွက် ခန့်မှန်း ဘိန်းထုတ်လုပ်မှုက နှစ် ၂၀ ကျော်ကြာအတွက် အမြင့်ဆုံးလယ်ဗယ်၌ ရှိခဲ့သည်ဟု UNODC က ပြောသည်။

မြန်မာတွင် ဘိန်း စိုက်ပျိုးမှုက ပိုမိုခေတ်မီလာခဲ့ပြီး တိုးတက်လာသည့် ဆည်ရေပေးမှုနှင့် ဓာတ်မြေဩဇာများ ဖြစ်နိုင်ဖွယ်ရာ အသုံးပြုမှုတို့ အပါအဝင် ရင်းနှီးမြှုပ်နှံမှု တိုးမြင့်ခြင်းနှင့် ပိုကောင်းသော လုပ်နည်းကိုင်နည်းတို့ဖြင့် သီးနှံထွက်ရှိမှုကို မြင့်တက်စေကြောင်း UNODC က ပြောသည်။

နှစ်ကာလအချို့ကြာ ကမ္ဘာ့ အကြီးဆုံး ဘိန်းထုတ်လုပ်သူနိုင်ငံဖြစ်ခဲ့သည့် အာဖဂန်နစ္စတန်တွင် တာလီဘန်တို့က တရားမဝင် မူးယစ်ဆေးထုတ်လုပ်မှုကို အဆုံးသတ်မည်ဟု ကြုံးဝါးပြီးနောက် ဘိန်းစိုက်ပျိုးမှု ပြိုလဲကျဆင်းမှုကို တွေ့မြင်ထားရသည်။

ယင်းနိုင်ငံတွင် ဘိန်းပင်သီးနှံများက ယမန်နှစ်က တန်ဖိုးအားဖြင့် နိုင်ငံ၏ စုစုပေါင်း စိုက်ပျိုးရေးထုတ်လုပ်မှု၏ သုံးပုံတပုံ နီးပါး ရှိခဲ့သော်လည်း ဘိန်းပင်အတွက် အသုံးပြုသည့် ဧရိယာသည် ၂၀၂၂ နှစ်ကုန်ပိုင်းက ဟက်တာ ၂၃၃,၀၀၀ မှ ၂၀၂၃ တွင် ၁၀,၈၀၀ ဟက်တာသို့ ကျုံ့ဝင်သွားခဲ့သည်။

မြန်မာတွင် ဘိန်း အဓိက စိုက်ပျိုးသည့် ဧရိယာသည် ရှမ်းပြည်နယ်ဖြစ်ပြီး ထိုပြည်နယ်၏ မြောက်ဘက်ပိုင်းသည် များမကြာမီ သီတင်းပတ်များက ညီနောင်မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့က စစ်ကောင်စီနှင့် မဟာမိတ်များကို ထိုးစစ်ဆင်မှု လုပ်ဆောင်ပြီးနောက် တိုက်ပွဲများဖြင့် လှုပ်ရမ်းခံထားရသည်။

ရှမ်းပြည်နယ်သည် တနိုင်ငံလုံးအနှံ့ ဘိန်းပင် ဧရိယာဖြစ်သည့် ၄၁,၃၀၀ ဟက်တာ (၁၀၂,၀၅၄ ဧက) ၏ ၈၈ ရာခိုင်နှုန်းခန့် စာရင်းပေါက်ကြောင်း ကုလ အစီရင်ခံစာက ပြောသည်။

ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် တဟက်တာလျင် ဘိန်း ခန့်မှန်းခြေပျမ်းမျှထွက်ရှိမှုက ၂၀၂၂ စစ်တမ်း၏ ၁၉ ဒသမ ၈ ကီလိုဂရမ်မှ ၂၀၂၃ တွင် ၂၉ ဒသမ ၄ ကီလိုဂရမ်ကို မြင့်တက်ခဲ့ကြောင်း ယင်းက ပြောသည်။

ရှမ်းပြည်နယ်သည် မြန်မာ၏ ကုန်းမြေထု၏ လေးပုံတပုံနီးပါးကို နေရာယူသလို ယင်းတွင် လျှိုမြောင်များ၊ သစ်တောဖုံးလွှမ်းသည့် တောင်များ ပျံ့နှံ့ရှိနေသည်။

ကောင်းစွာလက်နက်တပ်ဆင်ထားသော တိုက်ခိုက်ရေးသမား သောင်းချီကို ခေါ်ယူနိုင်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ပြည်နယ်၏ နယ်မြေတခွင်တပြင်ကို ထိန်းချုပ်ပြီး ယင်းပြည်နယ်သည် အရှေ့တောင်အာရှ၏ မက်သာဖက်တမင် အဓိကရင်းမြစ်လည်း ဖြစ်ကြောင်း ကုလက ပြောသည်။

လက်နက်ကိုင်အဖွဲ့တချို့သည် ယခင်အာဏာသိမ်းစစ်အုပ်စုများက ၎င်းတို့ကို ခွင့်ပြုပေးထားခဲ့သည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေများကို စီမံခန့်ခွဲပြီး ယင်းနယ်မြေများသည် ကာစီနိုရုံများ၊ ဆောင်ကြာမြိုင်များနှင့် လက်နက်စက်ရုံများ ရှိရာ နေရာများဖြစ်ကြောင်း အကဲခတ်များက ပြောသည်။

ကချင်ပြည်နယ် မြောက်ပိုင်း၊ အိန္ဒိယနှင့် နယ်စပ်ချင်း ထိစပ်သည့် ချင်းပြည်နယ်တို့တွင်လည်း စိုက်ပျိုးမှု မြင့်တက်ခဲ့ကြောင်း ကုလက ပြောသည်။

၂၀၂၁ ခုနှစ်က ရွေးကောက်ခံ အစိုးရကို ဖြုတ်ချအာဏာသိမ်းခဲ့သည့် စစ်တပ်သည် ဒေါ်လာ ဘီလီယံများချီရှိ ကုန်သွယ်မှုကို အဆုံးသတ်စေရေးနှင့်ပတ်သက်ပြီး အလေးအနက်ထားခြင်း မရှိဟု အကဲခတ်များက ပြောသည်။

ယခုနှစ်အစောပိုင်းက ကြုံတောင့်ကြုံခဲ ဝန်ခံမှုအဖြစ် မြန်မာ၏ မူးယစ်ဆေးဝါးအလွဲသုံးမှု ထိန်းချုပ်ရေး ဗဟိုကော်မတီ အကြီးအကဲက မူးယစ်ကုန်သွယ်မှုအပေါ် နှိမ်နင်းဖြိုခွင်းရန် အားထုတ်မှုများက အရာထင်မှု မရှိကြောင်း ပြောဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly