မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံကျော်အထိ တိုက်ပွဲတွေ ပျံ့နှံ့လာပြီး တစ်လခွဲအတွင်း အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် အရပ်သား ၃၆၃ ဉီး သေဆုံးခဲ့

By မဇ္ဈိမ 
11 December 2023
မြန်မာနိုင်ငံရဲ့ သုံးပုံနှစ်ပုံကျော်အထိ တိုက်ပွဲတွေ ပျံ့နှံ့လာပြီး တစ်လခွဲအတွင်း အမျိုးသမီးနဲ့ ကလေးငယ် အပါအဝင် အရပ်သား ၃၆၃ ဉီး သေဆုံးခဲ့

ပြီးခဲ့တဲ့ အောက်တိုဘာ လကုန်မှာစခဲ့တဲ့ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့တိုက်ပွဲဟာ နိုင်ငံရဲ့ သုံးပုံးနှစ်ပုံကို ပျံ့နှံ့သွားခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ် ၆ ပတ်အတွင်း အမျိုးသမီးနဲ့ ကလေးငယ်တွေ အပါအဝင် အရပ်သား ၃၆၃ ဉီး သေဆုံးခဲ့ပြီး ၄၆၁ ဉီး ဒဏ်ရာရရှိခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အောက်တိုဘာလ ၂၆ ရက်နောက်ပိုင်း အိုးအိမ်စွန့်ခွာရသူ ခြောက်သိန်းနီးပါးရှိပြီး း တချို့က နေရပ်ပြန်ကြသလို၊ တချို့က အကြိမ်ကြိမ် ထွက်ပြေးရပြီး ဆက်သွယ်ရေးစနစ်တွေလည်း ပြတ်တောက်နေတာ ကြောင့် အချက်အလက်တွေကို အတည်ပြုဖို့ ခက်ခဲတယ်လို့ UNOCHA က ဆိုပါတယ်။

တိုက်ပွဲတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ မြေမြှုပ်မိုင်းထောင်တာတွေ၊ တရားလက်လွတ် ဖမ်းဆီးတာ တွေ၊ လမ်းတွေ ပိတ်ဆို့တာတွေ ဆက်ဖြစ်နေလို့ လူတွေရဲ့ အသက်အန္တရာယ် ပိုများနေသလို၊ ကုန်စည်တွေ သယ် ယူပို့ဆောင်တာနဲ့ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံမယ့်နေစရာတွေပါ ပိတ်ပင်ခံနေရတယ်လို့ UNOCHA က ပြောပါ တယ်။

ဒါကြောင့် စစ်တပ် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကစလို့ အခုအချိန်အထိ အိုးအိမ်စွန့်ပြီး ထွက်ပြေးရတဲ့ ပြည်တွင်းဒုက္ခသည် နှစ်သန်းကျော်ပြီလို့ ဆိုပါတယ်။ ဒီလူတွေကို လက်တွေ့ကျကျ ကူညီဖို့ ခက်ခဲနေသလို၊ ရန်ပုံငွေ၊ ထောက်ပံ့မယ့် ဆေးဝါး၊ အစားအသောက်နဲ့ နေရာထိုင်ခင်းအတွက် ပစ္စည်း မလုံလောက်တာပါ ကြုံနေရတယ်လို့ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်ကောင်စီက ဒီမိုကရေစီနည်းကျ ရွေးကောက်ခံအစိုးရကို ဖြုတ်ချပြီး နောက်ပိုင်း စစ်ဘေးရှောင်ရသူ ၂ သန်းခန့်ရှိလာပြီလို့ UNOCHA က ဆိုပါတယ်။

၂၀၂၃ ခုနှစ်မှာ မြန်မာနိုင်ငံက လူ ၄ ဒသမ ၅ သန်းကို ကူညီဖို့ အမေရိကန်ဒေါ်လာ ၈၈၇ သန်း ရှာဖွေခဲ့ပေမယ့် ၂၉ ရာခိုင်နှုန်းပဲ ရန်ပုံငွေရခဲ့တယ်လို့လည်း UNOCHA က ပြောပါတယ်။

ကုလသမဂ္ဂ အရေးပေါ် ကူညီရေး ရန်ပုံငွေအဖွဲ့ကတော့ ပြီးခဲ့တဲ့ အပတ်က ဒေါ်လာ ခုနစ်သန်း အတည်ပြုပေးခဲ့ပြီး မြန်မာကိုကူညီဖို့ ရန်ပုံငွေ အရေးတကြီး လိုအပ်နေပါတယ်လို့လည်း UNOCHA က ဆိုထားပါတယ်။

ညီနောင် မဟာမိတ် (၃) ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ ရှမ်းပြည်မြောက်ပိုင်းမှာ အိုးအိမ်စွန့်ခွာခဲ့ရသူ တွေရဲ့ ၈၅ ရာခိုင်နှုန်းလောက်ကိုပဲ လူသားချင်းစာနာမှုအကူအညီ အနည်းဆုံး တကြိမ်ပေးထားနိုင်ပြီး လိုအပ်ချက်တွေကို အပြည့်အဝဖြည့်ဆည်းပေးဖို့ မလုံမလောက်ဖြစ်နေတယ်လို့ (UNOCHA) ရဲ့ အစီရင်ခံစာ အသစ်မှာဖော်ပြထားပါတယ်။

ကုလသမဂ္ဂနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ အထူးသဖြင့် တရုတ်-မြန်မာနယ်စပ်က ဒုက္ခသည်တွေကို အကူအညီ ပိုပေးနိုင်မယ့် နည်းလမ်းတွေကို ရှာဖွေနေတယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်း၊ ရခိုင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ ကယား၊ ပဲခူးအရှေ့ပိုင်းနဲ့ ကရင်ပြည်နယ်ထဲက မြို့နယ်အများအပြားမှာ တိုက်ပွဲတွေ ပြင်းထန်နေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly